Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၇.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာကို Burma ဟုဆက်လက်ကိုးကားသုံးစွဲမည့် အမေရိကန်မူဝါဒ

(UPI News မှ 16 Nov 2012 ရက်စွဲပါ “US Policy to refer to Myanmar as Burma” ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာသွင်းကုန်များတားမြစ်ထားခြင်းကို အမေရိကန်ဖြေလျှော့ပေး

(UPI News မှ 16 Nov 2012 ရက်စွဲပါ “US eases ban on Myanmar imports ”သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာကို Burma ဟုဆက်လက်ကိုးကားသုံးစွဲမည့် အမေရိကန်မူဝါဒ

(UPI News မှ 16 Nov 2012 ရက်စွဲပါ “US Policy to refer to Myanmar as Burma” ကိုဘာသာပြန်ဆိုသည်)

                မြန်မာနိုင်ငံအား ယင်း၏နာမည်ဟောင်း Burma ဟု ကိုးကားသုံးစွဲခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                တနင်္ဂနွေနေ့တွင်စတင်မည့် သမ္မတအိုဘားမား၏ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားခရီးစဉ်နှင့်ပတ်သက်၍  ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ဘင်ရုတ်စ်ကသတင်းထောက်များအား ရှင်းလင်းပြောကြားစဉ် Myanmar(သို့)Burma အမည်နာမခေါ်ဝေါ်သုံးစွဲခြင်းအပေါ် မေးခွန်းထွက်ပေါ်လာခြင်း ဖြစ် သည်။ သတင်းစာရှင်းလင်းပွဲကို အိမ်ဖြူတော်ကစီစဉ်ခြင်း ဖြစ်သည်။

ဘင်ရုတ်ဒ်က “ပထမဆုံးအနေနဲ့ ခင်ဗျားတို့ရဲ့ပထမမေးခွန်းနဲ့ ပတ်သက်လို့ပြောပါမယ်။ Burma လို့ ခေါ်ဝေါ်သုံးစွဲဖို့ အမေရိကန်ပြည်ထောင်စုက မူဝါဒ ဆက်လက်ချမှတ်ထားပါတယ်။ ဒီနိုင်ငံအတွင်းနဲ့ ကမ္ဘာတစ်လွှားမှာ Myanmar လို့တော်တော်များများက ခေါ်ဝေါ်သုံးစွဲကြတာကို ကျွန်တော်တို့ နားလည်ပါတယ်။ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း Burma ဆိုတဲ့ နဂိုမူလအမည်ကို ဆက်လက်သုံးစွဲနေသူတွေလည်း ရှိနေပါတယ်”ဟု ပြောကြားသည်။

၎င်းကဆက်လက်၍ “ဒါ့ကြောင့် ထပ်ပြီးပြောရမယ်ဆိုရင် Burma လို့ပဲ ကျွန်တော်တို့ ဆက်လက်ကိုးကားသုံးစွဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူကြသလို အမြင်လည်းမတူကြဘူးဆိုတာကို ကျွန်တော်တို့ သေသေချာချာနားလည် သဘောပေါက်ပါတယ်။ နောက်ပြီးတော့ လောကဝတ် ကိစ္စတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တဲ့အခါ မြန်မာအစိုးရတာဝန်ရှိသူတွေက သူတို့တိုင်းပြည်ကို Myanmar လို့ အသုံးပြုကိုးကားကြမှာကို ကျွန်တော်တို့သဘောပေါက်ပါတယ်။ ဒါကတော့ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုချဉ်းကပ် ကိုင်တွယ်မလဲ ဆိုတာပါပဲ”ဟု ပြောကြားသွားခဲ့သည်။

လက်ရှိအစိုးရအား မနှစ်ကအာဏာမလွှဲခင်အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရ(စစ်ဖက်အစိုးရ)က ၁၉၈၉ တွင် နိုင်ငံအမည်ကို Burma မှ Myanmar ဟု ပြောင်းလဲပစ်ခဲ့သည်။ မြို့တော်ဟောင်း၏ ကမ္ဘာသိအမည် Rangoon ကိုလည်း Yangon ဟု ပြောင်းခဲ့ကြသည်။ ယခုမြို့တော်သစ်၏ အမည်မှာ နေပြည်တော်ဖြစ်သည်။ ဝေးလံခေါင်ပါးသော မြို့တော်သစ်ကို နိုင်ငံတကာစာနယ်ဇင်းများက “အဝေးမြို့တော် နေပြည်တော်” ဟု ကင်ပွန်း တပ်ထားကြသည်။ Myanmar ဟူသောအမည်သစ်ကိုကုလသမဂ္ဂကအသိအမှတ်ပြုပေးခဲ့သည်။

                                                                    ************************************************

မြန်မာသွင်းကုန်များတားမြစ်ထားခြင်းကို အမေရိကန်ဖြေလျှော့ပေး

(UPI News မှ 16 Nov 2012 ရက်စွဲပါ “US eases ban on Myanmar imports ”သတင်းကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ပြောင်းလဲတိုးတက်လာမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၁၈ နှစ်နီးပါးသက်တမ်းရှိ မြန်မာ သွင်းကုန်တားမြစ်ချက်ကို ဖြေလျှော့ပေးလိုက်ပြီဟု အမေရိကန်နိုင်ငံခြားရေးဌာန နှင့် ဘဏ္ဍာရေးဌာနက ပြောကြားသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းနှင့် မြန်မာအစိုးရတို့က ၎င်းတို့နိုင်ငံအား ကမ္ဘာ့စီးပွားရေး နယ်ပယ်သို့ ဝင်ရောက်ပေါင်းစည်းရေးတွင် အထောက်အကူဖြစ်စေရန် သွင်းကုန်ပိတ်ပင်မှုကို ရုတ်သိမ်းပေးလိုက်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်ဟု အမေရိကန်အစိုးရဌာနနှစ်ခု၏ ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

သောကြာနေ့က ဖြေလျှော့ပေးမှုသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုကို ပံ့ပိုးရန်၊ ဆက်လက်ပြောင်းလဲအောင် အားပေးရန်နှင့် မြန်မာနှင့်အမေရိကန် ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များကမ်းလှမ်းရန် ရည်ရွယ်သည်ဟု ကြေညာချက်တွင်ပါရှိသည်။

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ တနလာင်္နေ့တွင်သွားရောက်ရန် စီစဉ်ထားသည်။

“အကျဉ်းသားများကို လွှတ်ပေးခြင်း၊ ရွေးကောက်ပွဲများကို ဖွင့်ပေးခြင်း၊ ဆန္ဒပြမှုအပေါ်တားမြစ်စည်းကမ်းများ လျှော့ပေးခြင်း၊ အလုပ်သမား သမဂ္ဂများဖွဲ့စည်းခွင့်ပေးခြင်းတို့ အပါအဝင် သမ္မတဦးသိန်းစိန်အစိုးရ၏ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကြောင့် ယခင်မြန်မာထွက်ကုန်များ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှုပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးမည့် ခွင့်ပြုမိန့်ထုတ်ပြန်သည်”ဟု အဆိုပါကြေညာချက်ကဆိုသည်။

သို့သော်လည်း မြန်မာနှင့်ကုန်သွယ်ရာတွင်အချို့နယ်ပယ်များ၌ စိုးရိမ်စရာများရှိနေဆဲဖြစ်သောကြောင့် ယခုခွင့်ပြုမိန့်လိုင်စင်သည် မြန်မာကျောက်စိမ်း နှင့် ပတ္တမြားတွင်းထွက်များအပေါ် ရှိရင်းစွဲတားမြစ်ချက်နှင့် အကျုံးဝင်သက်ရောက်ခြင်းမရှိဟု ကြေညာချက်ကဆိုသည်။

စိုးရိမ်ပူပန်စရာကိစ္စရပ်များကိုဖြေရှင်းဖို့ မြန်မာအစိုးရနှင့်အတူ ဆောင်ရွက်သွားကြရန် မိမိတို့တာဝန်ခံ ကတိပြုထားသည်ဟု အမေရိကန် အစိုးရဌာနနှစ်ခုက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အပြုသဘောပြောင်းလဲမှုများ ရှိလာသော်လည်း နိုင်ငံရေးအကျဉ်းသားများ၊ အဂတိလိုက်စားမှုများ၊ မြောက်ကိုရီးယားနှင့် စစ်ဖက်ဆိုင်ရာဆက်ဆံမှုများ၊ တိုင်းရင်းသားပဋိပက္ခများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဌာနနှင့် ဘဏ္ဍာရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

********************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment