Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃.၁၂.၂၀၁၂

ပြည်တွင်းသတင်း  

  1. ပြည်သူ့သဘောဆန္ဒမပါသည့် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသားများ နုတ်ထွက်
  1. စွမ်းအင်ကဏ္ဍတိုးမြင့်ရေး အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းရန်စီစဉ်

နိုင်ငံရေးသတင်

  1. နိုင်ငံသားများ ကုမ္ပဏီလိုင်စင်မလိုဘဲ ကုန်သွယ်ခွင့်ရပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပြည်သူ့သဘောဆန္ဒမပါသည့် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသားများ နုတ်ထွက်

ပြည်သူ့သဘောဆန္ဒတောင်းခံခြင်းမပြုဘဲဖွဲ့စည်းထားသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးနိုင်ရန် ဖွဲ့စည်းထားသည့် ကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးစစ်မြိုင်မှတာဝန် ယူကာ အဖွဲ့ဝင်  ၂၈ ဦးဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုံစမ်းရေးကော်မရှင်အနေဖြင့် ကြေးနီတောင်စီမံကိန်း ဆောင်ရွက်နေမှုများတွင် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်ခြင်းရှိ၊ မရှိ၊ ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်သည့်အကြောင်းရင်းများ၊ ဆန္ဒဖော်ထုတ်မှုများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် စသည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေး၍ အကြံပြုသုံးသပ်ချက်များနှင့်တကွ ဒီဇင်ဘာလ ၁ ရက်နေ့နောက်ဆုံးထား ကာ နိုင်ငံတော်သမ္မတထံသို့တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းစေရန် ဆန္ဒပြသူများနှင့် သပိတ်စခန်းဖွင့်လှစ်ထားသူများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် အာဏာပိုင်များက ရဲအင်အား ၅၀၀၀ ခန့်သုံး၍ မီးလောင်ဗုံးများဖြင့်ပစ်၍ လူစုခွဲခဲ့သည့်အတွက် ဒေသခံပြည်သူ အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

YC

----------------------------------------------------------------------------

စွမ်းအင်ကဏ္ဍတိုးမြင့်ရေး အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းရန်စီစဉ်

ပြည်ပမှတင်သွင်းသောရေနံစိမ်းများကိုချက်လုပ်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ အမှတ် ၁ ရေနံချက်စက်ရုံ သန်လျှင် ကိုပြန်လည်မွမ်းမံပြီး အဆင်မြင့်ချက်လုပ်နိုင်ရန်အတွက် နိုင်ငံတကာမှကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမူဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်နိုင်ငံခြား ကုမ္ပဏီများ ဖိတ်ခေါ်ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် နေပြည်တော်ရှိစွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

စက်ရုံကိုအဆင့်မြင့်ပြန်လည်မွမ်းမံပြီး နိုင်ငံတကာရှိဈေးကွက်များနှင့် ယှဉ်ပြိုင်ကာ အရည်အသွေးမြင့် ထုတ်ကုန် များတိုးမြင့်ရန်၊ စွမ်းအင်ခြိုးခြံချွေတာမှုဆိုင်ရာနည်းစနစ်များသုံး၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသော ထုတ်ကုန်များ ထုတ်လုပ်ရန် ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ကြောင်းသိရသည်၊

အမှတ် ၁ ရေနံချက်စက်ရုံ သန်လျှင်သည် ရန်ကုန်မြစ်ကမ်းပါးပေါ်တွင်ရှိပြီး ရန်ကုန်မြို့မှ ၁၄ ကီလိုမီတာ ဝေးကွာသော သန်လျှင်မြို့တွင် ရှိကြောင်း သိရသည်။ အဆိုပါစက်ရုံလက်အောက်တွင် ရေနံချက်နိုင်သော စက်ရုံ ၂ ရုံ၊ လျှပ်စစ်ဓါတ်အားပေးနိုင်သောစက်ရုံ ၂ ရုံ၊ ရေနံမီးသွေး၊ ဓါတ်ပျံဆီ၊ ကတ္တရာ၊ ဖရောင်းတိုင်စသည်တို့ကိုပြုလုပ်သော စက်ရုံများအပါအဝင် တန်ချိန် ၆၅၀၀ ထိတင်ဆောင်နိုင်သော ဆီတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၅ ခုနှင့် ဆီလှောင်ကန် ၅၄ ပါရှိကြောင်းသ်ရသည်။

YC

--------------------------------------------------------------------------

နိုင်ငံရေးသတင်း

နိုင်ငံသားများ ကုမ္ပဏီလိုင်စင်မလိုဘဲ ကုန်သွယ်ခွင့်ရပြီ

ပြည်ထောင်စု မြန်မာနိုင်ငံသားများအနေဖြင့် ကုန်သွယ်ခွင့်ကုမ္ပဏီလိုင်စင်မလိုဘဲ တစ်ပတ်လျှင် သိန်း ၅၀ ဖိုးခန့် ကုန်သွယ်နိုင်မည့် ကုန်သွယ်ခွင့် လိုင်စင်များကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တစ်ဦးပိုင်ကုန်သွယ်ခွင့် လိုင်စင်များထုတ်ပေးရခြင်းမှာ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဦးပိုင် ကုန်သွယ်ခွင့်လိုင်စင်ကို နိုင်ငံခြားသားများနှင့် တရားဝင်ကုမ္ပဏီအဖြစ် မှတ်ပုံ တင်ထားသည့် ကုမ္ပဏီမှ ဒါရိုက်တာများ လျှောက်ထားခွင့်မရှိကြောင်း နယ်စပ်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်သွယ်ခွင့်လိုင်စင်ကတ်ရရှိရန် မှတ်ပုံတင်ကြေးအဖြစ် တစ်နှစ်လျှင် ကျပ်ငါးသောင်း ပေးသွင်းရမည်ဖြစ်ပြီး တစ်နှစ်ပြည့်၍ လိုင်စင် ကတ်သတ်တမ်းတိုးရန် ရက်ကျော်သွားပါက ဒဏ်ကြေးအဖြစ် တစ်လ ကျပ် ၅၀၀၀ နှုန်းဖြင့် ခြောက်လအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သက်တမ်းတိုးရန်ခြောက်လကျော်သွားသည့် ကုန်သွယ်ခွင့်လိုင်စင်ကတ်များကို လုံးဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့တစ်ပတ်လျှင် သိန်း ၅၀ ဖိုးခန့် ကုန်သွယ်ခွင့်လိုင်စင်ကတ်များ ထုတ်ပေးခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်ရန် ငွေကြေးပမာဏ မပြည့်စုံသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် အဆင်ပြေစေနိုင်မည်ဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာလည်း ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှုများပပျောက်နိုင်စေရန် နယ်စပ်ဒေသ ကုန်သွယ်မှုများအား မိုဘိုင်းတင်းမ်အဖွဲ့မှ အထူးကြပ်မတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ     

“တိုင်းရင်းသားအရေး မဖြေရှင်းဘဲနဲ့တော့ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး ညီမျှရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့တန်းတူမျှရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု အခြေခံဥပဒေကို လိုလားတယ်။”

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice Journal အတွဲ (၈) အမှတ် (၄၈) တွင်ပါရှိသော “ဖက်ဒရယ်မူ ဆက်လက်ကိုင်ဆွဲမည်ဟု ရှမ်းခေါင်းဆောင်များသဘောတူ” သတင်းမှ ဒုတိယဗိုလ်ချုပ်ကြီး ဆေလ်ထင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                 ***************************************************************

 “တရားရေးဘက်က အရေးယူဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ထိရောက်တဲ့ အရေးယူဆောင် ရွက်မှုတွေမရှိဘူး။ အပြစ်လုပ်တဲ့သူတွေကို ပြင်းထန်စွာ သတိပေးတယ်ဆိုတာလောက်နဲ့ ပြီးသွားတယ်။ လွှတ်တော်ဆိုတာ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တော့ အုပ်ချုပ်ရေးပိုင်းကမပါသမျှ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မတ်လာဖို့ ခက်ခဲနေဦးမှာပဲ။”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် 7 Days News Journal အတွဲ (၁၁) အမှတ် (၃၈) တွင်ပါရှိသော “အုပ်ချုပ်ရေးပိုင်းမပါဘဲ တရားရေးမဏ္ဍိုင် မတည့်မတ်နိုင်ဟုဆို” သတင်းမှပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကို၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

***************************************************************

“ဆရာ၊ဆရာမတွေကို နည်းပညာသင်တန်းတွေ ပေးဖို့လိုတယ်။ တက္ကသိုလ်ပညာရေးအဆင့် ပြောင်းလဲမယ်ဆိုရင်နည်းပညာပိုင်းသင်ထောက်ကူပစ္စည်း ပိုင်းကအစ လိုအပ်ပါတယ်။ အားလုံးကို ပြောင်းလဲမှရမယ်။ နိုင်ငံရဲ့ပညာရေးမူဝါဒပြောင်းမယ်ဆိုရင်လဲ ဒီမိုကရေစီနည်းကျတဲ့ စီမံခန့်ခွဲမှုမျိုးလိုအပ်ပါတယ်။ အရင်ရှိခဲ့တဲ့ ဗဟိုအုပ်ချုပ်ရေး စနစ်ကိုပယ်ဖျက်ပြီး အရည်အချင်းမီတဲ့ ဒီမိုကရေစီပြည့်ဝတဲ့ နည်းလမ်းတွေလိုအပ်ပါတယ်။ အခြေခံရော၊ တက္ကသိုလ် အဆင့်ရော နှစ်ခုလုံး တပြိုင်နက်တည်း ဆောင်ရွက်ရမယ်လို့ ထင်ပါတယ်။”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Flower News Journal အတွဲ (၈) အမှတ် (၄၇) တွင်ပါရှိသော “မြန်မာ့ပညာရေးအဆင့် ဘယ်လိုမြှင့်မလဲ” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာသိန်းလွင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

    ***************************************************

 *****************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment