Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၂.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. ဧရာဝတီမြစ်အတွင်း ရေထိန်းတမံနှင့် တံခါးများတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်ယူမည်
  2. မိုဘိုင်း Payment/Banking ဝန်ဆောင်မှုစနစ်အား ကျေးလက်များတွင်ပါ အသုံးပြုမည်

နိုင်ငံရေးသတင်း

  1. နယ်မြေမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ တရုတ်နယ်စပ်တွင်  ဘိန်းစိုက်ပျိုးမှု အကြီးအကျယ်ရှိနေ
  2. တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့(WGEC)မှ ငြိမ်းချမ်းရေးဆွေးနွေးရန် မုဘောင်တစ်ရပ်ရေးဆွဲမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ဧရာဝတီမြစ်အတွင်း ရေထိန်းတမံနှင့် တံခါးများတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်ယူမည်

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်အတွင်း ရေထိန်းတမံနှင့် တံခါးများတည်ဆောက်၍ ပြည်တွင်းသုံးစွဲနိုင်ရန် လျှပ်စစ်ဓာတ်အားများထုတ်ယူသွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၌ ပြုလုပ်ကျင်းပခဲ့သော ဧရာဝတီမြစ် ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စာနယ်ဇင်းရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်ရာတွင် လွှတ်တော်နှင့် ပြည်သူလူထု၏အဆုံးအဖြတ်ကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဧရာဝတီမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေထိန်းတမံနှင့် တံခါးများတည်ဆောက်ရာတွင် လိုအပ်သည့် ငွေကြေးပမာဏများကို ပြည်ပနိုင်ငံများမှ ချေးယူသွားမည်ဖြစ်ပြီး ယင်းမှ ထုတ်ယူရရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည်ပသို့လုံးဝရောင်းချခြင်းမပြုဘဲ ပြည်တွင်းသုံးစွဲနိုင်ရန်အတွက်သာအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ယခုလုပ်ဆောင်မည့် လုပ်ငန်းစဉ်များလုပ်ဆေင်နိုင်ရန် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံရှိ ပညာရှင်များပါဝင်သောအဖွဲ့တစ်ဖွဲ့မှ မြန်မာနိုင်ငံသို့လာရောက် လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လအတွင်း လေ့လာမှုများပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၂၃၂၆.၅၅၄ အကုန်ကျခံပြုလုပ်လျက်ရှိကြောင်း သိရသည်။

YC

----------------------------------------------------------------------------------------------

မိုဘိုင်း Payment/Banking ဝန်ဆောင်မှုစနစ်အား ကျေးလက်များတွင်ပါ အသုံးပြုမည်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြနှင့်ကျေးလက် ဆင်းရဲချမ်းသာ ကွာပာမှုနည်းပါးစေရေးအတွက် မိုဘိုင်း Payment/Banking ဝန်ဆောင်မှုစနစ်များကို ကျေးလက်ဒေသများတွင်ပါ အသုံပြုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုဘိုင်းတယ်လီဖုန်းများကို ကျေးလက်ဒေသသို့ထိတိုင် ရောက်ရှိသုံးစွဲနိုင်ရန် အရစ်ကျစနစ်ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုဘိုင်း Payment/Banking ဝန်ဆောင်မှုစနစ်လုပ်ဆောင်ရာတွင် တိုးတက်ဖွံ့ဖြိုးမှု၏ အကျိုးစီးပွားကို မြန်မြန်ဆန်ဆန်နှင့် တိုက်ရိုက်ရရှိစေနိုင်ရန် ဌာနအားလုံးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မိုဘိုင်း Payment/Banking ဝန်ဆောင်မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် မိုဘိုင်း Payment/Banking ဝန်ဆောင်မှုစနစ်အား စိတ်ချလုံခြုံစွာ သုံးစွဲနိုင်ရေး၊ လုပ်ငန်းများ အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျရှိရေး၊ သက်ဆိုင်ရာလုပ်ငန်းပိုင်းအလိုက် တာဝန်ယူမှု၊ တာဝန်ရှိမှုပိုင်းခြားသတ်မှတ်ရေး၊ မိုဘိုင်း Payment/Banking လုပ်ငန်း တိုးတက်သုံးစွဲမှုနှင့်အတူ Call Center ပိုင်းက ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နည်းပညာသမိုင်းတွင် မိုဘိုင်းတယ်လီဖုန်း၏ လူများအတွင်း ပျံ့နှံ့ထိုးဖောက်မှုစွမ်းအားကို မည်သည့်နည်းပညာကမျှ မယှဉ်နိုင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ သိရသည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း၏ အချက်ပြဆက်သွယ်မှုကို လက်ခံရရှိနိုင်သည့် လူဦးရေမှာ ၆၀ % ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၀ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်းအထိသို့ တိုးတက်ရောက်ရှိခဲ့ကြောင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

နယ်မြေမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ တရုတ်နယ်စပ်တွင်  ဘိန်းစိုက်ပျိုးမှု အကြီးအကျယ်ရှိနေ

ဘိန်းစိုက်ခင်းများတည်ရှိရာ ကန်ပိုက်တီးနှင့် ဆံထုံးနယ်မြေများသို့ ကေအိုင်အေဝင်ရောက်လာမှုများကြောင့် နယ်မြေ မတည်ငြိမ်မှုများဖြစ်ပွားလျှက်ရှိသဖြင့် ယင်းကို အခွင့်ကောင်းယူကာ ဘိန်း အကြီးအကျယ်စိုက်ပျိုးနေမှုများ ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ပထမအပတ်အတွင်း ရှင်းလင်းရန်စီစဉ်ထားသော ဘိန်းစိုက်ခင်းများကိုလည်း လုံခြုံရေးအခြေအနေအရ ဒီဇင်ဘာလကုန်အထိ အချိန်ရွှေ့ပြောင်းလိုက်ရကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင် ဆယ်နှစ်ခန့်က တစ်နှစ်လျှင် ဘိန်းစိုက်ဧက ၄၀၀၀ ခန့်ဖျက်ဆီးခဲ့ရသော်လည်း မြန်မာတပ်မတော်နှင့် KIO တို့ တိုက်ပွဲဖြစ်သည်မှစ၍ ဆံထုံးတွင် ဧက ၂၀၀ ခန့်သာ ရှင်းလင်းနိုင်တော့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နယ်စပ်တွင် ပူတာအိုခရိုင်မှလွဲ၍ ကျန်ခရိုင်သုံးခု၏ မြို့နယ်အနီးဝန်းကျင်တွင် ဘိန်းနှင့်မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းချမှုများ ရှိနေသည့်အပြင် သုံးစွဲသူများပြားလာလျှက်ရှိသည်။

ဘိန်းစိုက်ပျိုးမှုရှိသော နေရာတို့မှာ ဝိုင်းမော်၊ ဆံထုံး မြို့နယ်ခွဲတဝိုက်၊ တနိုင်းအရှေ့မြောက်ဘက်ဒေသနှင့် လက်နက်ကိုင်များရှိသော နယ်စပ်ဒေသများဖြစ်ပြီး ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ဧက တစ်သောင်းနီးပါးရှိနိုင်ကြောင်း သိရသည်။

                                                                                                                                                    YC

----------------------------------------------------------------------------------------------------------

တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့(WGEC)မှ ငြိမ်းချမ်းရေးဆွေးနွေးရန် မုဘောင်တစ်ရပ် ရေးဆွဲမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တိုင်းရင်းသားပူးပေါင်း ဆောင်ရွက်ရေးအလုပ်အဖွဲ့(WGEC)မှ အဖွဲ့ဝင်ငါးဦးဖြင့် မူဘောင်ကြမ်းတစ်ရပ် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနိုင်ငံရေးဆွေးနွေးမူဘောင်ကြမ်းကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲသွားမည်ဖြစ်ပြီး ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းနိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း၍ သဘောတူပါက ယင်းမူဘောင်အတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် Myanmar Peace Center ၌ကျင်းပပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်အတွင်း လွတ်လပ်သော ချင်းလူ့အခွင့်အရေးကော်မတီကို ချင်းအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်များနှင့် ပညာရှင်ပါဝင်၍ ဖွဲ့စည်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦး၏ အဆိုပြုချက် ၃၁ ချက်အနက် ၂၇ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ လိုက်လျောသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှက့် ပြည်တွင်းလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

***********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“ဒီမိုကရေစီနည်းကျနိုင်ငံရေးပါတီတစ်ခု တည်ထောင်တယ်ဆိုတာဟာ အာဏာရရေးအဓိကမဟုတ်ပါဘူး။ အာဏာရရေးဟာအရေးကြီးတယ်။ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ် ကျွန်မတို့အာဏာရမှ ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်မှာ ဒါ့ကြောင့်မို့ ကျွန်မတို့က အာဏာလိုချင်လားဆိုရင် လိုချင်တယ်လို့ပဲပြောမှာ”

ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၁၂) တွင်ပါရှိသော “အာဏာစကားဒေါ်အောင်ဆန်းစုကြည်စပြောပြီ” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

“ဒေါ်အောင်ဆန်းစုကြည်က မီဒီယာကို အမြဲမမှန်ပါဘူးဆိုတာ မီဒီယာမှားရင် ပြည်သူကဆဲမှာပဲ အစိုးရကလဲဥပဒေအရအရေးယူမှာပဲ ဒေါ်အောင်ဆန်းစုကြည် ပြောဖို့ကောင်းတာက အစိုးရလဲဝန်ခံပါ။ ဘာဖြစ်လို့လဲဆိုရင် လက်ပံတောင်းဖြစ်တဲ့ကိစ္စစုံစမ်းတယ်ပြောလို့လုပ်စရာမလိုဘူး အစိုးရမှားနေတာ မြင်နေရတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၁၂) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်ပြောဖို့ကောင်းတာက အစိုးရလဲဝန်ခံပါဟု ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဆို” သတင်းမှ ဟံသာဝတီဦးဝင်းတင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------

“ကျွန်တော်တို့ခန့်မှန်းနိုင်တာကတော့ အယ်လ်ဂျာဇီးရား ရဲ့သဘောထားဟာ ကောင်းမှာမဟုတ်ဘူး။ အဖြစ်မှန် တရားနဲ့တော်တော်ကွာလိမ့်မယ်။ အဲတော့ ပိုမိုရှုပ်ထွေးမှုတွေဖြစ်ပေါ်လာလိမ့်မယ်။ အဲတော့ အစိုးရအနေနဲ့ ဒါကိုကြိုတင်လက်ဦးမှုယူပြီးတော့ တုံ့ပြန်လိုက်တာဖြစ်တယ်”

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ပြည့်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၂၄) တွင်ပါရှိသော “အယ်ဂျာဇီးရားမှ ထုတ်လွှင့်မည့် ရုပ်သံအစီအစဉ်ကို မြန်မာအစိုးရပြင်းထန်စွာ ကန့်ကွက်” သတင်းမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစော ၏ပြောကြားချက်အားကောက်နှုတ်ချက်။

*************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment