Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လွတ်လပ်ရေးခေတ်ဦး မြန်မာ့ဒီမိုကရေစီ

*****************************************

ဆောင်းပါးကဏ္ဍ

လွတ်လပ်ရေးခေတ်ဦး မြန်မာ့ဒီမိုကရေစီ

အောင်သာ(ပီသုံးလုံး)

(ဖေဖော်ဝါ၇ီ ၁၆ ထုတ် Popular News အတွဲ (၄) အမှတ် (၇)မှ ထုတ်ယူဖော်ပြသည်)

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ဒီကနေ့ဆိုရင် ၆၄ နှစ်ထဲ ရောက်နေပါပြီ။ ဒီကာလများအတွင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ (၁) ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ (၂) ၁၉၇၄ ခု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၃) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ(စတဲ့) ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးခု (သို့မဟုတ်)၊ ဒီမိုကရေစီအခြေအနေသုံးရပ်ကို ဖြတ်သန်းခဲ့ရတယ်ဆိုရင် မမှားနိုင်ဘူးထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ "ဝိညာဉ်” ဖြစ်နေလို့ပဲ။ လူ့အဖွဲ့အစည်းတစ်ရပ်ရပ်မှာ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’နဲ့ဆိုင်တဲ့ (ဒီဘိတ် debate) တစ်မျိုးမျိုးဖြစ်နေပြီ ဆိုရင် ဒီမိုကရေစီ ပြဿနာ တစုံတရာဖြစ်နေပြီလို့ ဆိုကြရမှာ ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းဟာ ၆၃ နှစ်သက်တမ်းအတွင်းမှာ (၁) ၁၉၄၈-၄၉ ခုနှစ်အတွင်း စတင်ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ပွဲနဲ့ ဖော်ပြခဲ့တဲ့ နိုင်ငံရေး အကျပ်အတည်း။ (၂) ၁၉၅၈-၆၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အာဏာရ ဖဆပလအဖွဲ့ချုပ်နဲ့ အစိုးရအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဂိုဏ်းကွဲမှု အကျပ်အတည်း။ (၃) ၁၉၆၂-၈၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အာဏာရပါတီနဲ့ အစိုးရကြုံတွေ့ရတဲ့ နိုင်ငံရေးအကျပ်အတည်း။ (၄) ၁၉၈၈-၂ဝ၁၂ ခုနှစ်အတွင်း  ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အကျပ်အတည်း စတဲ့နိုင်ငံရေးအကျပ်အတည်းကြီးများကို ဖြတ်သန်းကြုံတွေ့ခဲ့ကြပါတယ်။ ဒီအကျပ်အတည်းများ အားလုံးရဲ့ ‘သော့ချက်’နဲ ‘အညှာ’က ပြည်တွင်းစစ်နဲ့ အော်တိုကရေစီစနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ ပေါ်ထွန်းခိုင်မာရေး ဖြစ်ပါတယ်။ ဒီအခွင့်အရေးကြီး နှစ်ရပ်ကို အာမခံပြီး လုံခြုံမှုပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရရှိရေးပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ် ကာလဟာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ အာဏာတည်တဲ့ကာလလို့ မှတ်ယူကြရပါမယ်။ ဒီကာလဟာ လွတ်လပ်ရေး ခေတ်ဦးဒီမိုကရေစီကာလလို့ မှတ်ယူနိုင်ကြပါတယ်။ ဒီကာလရဲ့ နိုင်ငံရေးဖြစ်စဉ်ဟာ ၁၉၈၈ ခုနှစ်ကျမှသာ နိဂုံးကမ္ပာ အဆုံးသတ်သွားတယ်လို့ ဆိုရပါ မယ်။ ၁၉၄၈နဲ့ ၁၉၈၈ ခုနှစ်ကာလဟာ နှစ် ၄ဝ ကြာပါတယ်။ ၁၉၄၇ နဲ့ ၁၉၇၄ ခုနှစ် အခြေခံဖွဲ့စည်းပုံများ ကျောထောက်နောက်ခံပြုတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီကာလများအတွင်းမှာ ၁၉၄၇ ဧပြီ ရွေးကောက်ပွဲ၊ ၁၉၅၂-၁၉၅၆ ဖေဖော်ဝါရီ၊ ၁၉၆ဝ ဖေဖော်ဝါရီ ရွေးကောက်ပွဲစတဲ့ ပါတီရွေးကောက် ပွဲများ ရှိတဲ့ကာလလည်း ဖြစ်ပါတယ်။ ပြည်တွင်းစစ် တောက်လောင်နေဆဲဖြစ်ပေမယ့် ပါတီစုံစနစ်နဲ့ လူထုကြီးရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒများ အမြင့်မားဆုံးဖြစ်ပေါ်နေတဲ့ ကာလပဲ ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကိုယ်တိုင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ဦးစီးကြိုးပမ်းနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြွေးကြော်သံများဟာ ဘဝဂ်လျှံနေတဲ့ကာလလည်း ဖြစ်ပါတယ်။ (တစ်ပြိုင်နက်ထဲမှာ) ပါတီစုံစနစ်နဲ့ တစ်ပါတီစနစ်၊ အော်တိုကရေစီစနစ်များ အားပြိုင်လွန်ဆွဲနေတဲ့ကာလလည်း ဖြစ်ပါတယ်။

၁၉၈၈-၂ဝ၁၂ ခုနှစ်ကာလကတော့ မြန်မာ့လွတ်လပ်ရေး ခေတ်သမိုင်းမှာ အရှုပ်ထွေးဆုံး၊ အကွေ့အကောက် အများဆုံးနဲ့ ပရိယာယ် မာယာ အများဆုံး၊ မေးခွန်းတွေ အများဆုံးကာလလို့ ဆိုနိုင်ပါတယ်။  ဦးစွာ ၁၉၄၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်ကာလဟာ လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီကာလလို့ မှတ်ယူနိုင်ပါတယ်။ ဒီကာလဟာ ပါတီစုံဒီမိုကရေစီနဲ့ အာဏာပိုင်ဝါဒ၊ အားပြိုင်လွန်ဆွဲကြတဲ့ ကာလဖြစ်ကြောင်း ရှေ့မှာဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီကာလရဲ့ သမိုင်းကျောရိုးတစ်ခုက ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ (ဒုတိယ ကျောရိုး)က ပါတီစုံစနစ်နဲ့ အော်တိုကရေစီစနစ် အားပြိုင် လွန်ဆွဲကြခြင်း ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကို ဥပဒေဘောင်သွင်းထားတဲ့ ၁၉၄၇  ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုယ်စားပြုထားတဲ့ ကာလ၊ ဈေးကွက်စီးပွားရေး စနစ်နဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ရှိနေတဲ့ကာလ ဖြစ်ပါတယ်။ (အထူးသဖြင့်) ၁၉၄၇ ခုနှစ် ပါတီစုံစနစ်ဟာ ပြည်တွင်းစစ်ကို မတားနိုင်ခဲ့ပါဘူး။ ပြည်တွင်း စစ်ပြဿနာကို ဒီမိုကရေစီနည်းကျ ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။ ဖဆပလ အစိုးရက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆုံးမအကြံပြုတဲ့ ‘သူမနာ ကိုယ်မနာ နည်း’ကို နှလုံးမတွေ့ကြပါဘူး။ ‘အပြုတ်တိုက်တဲ့ စစ်ပွဲပေါ်လစီ’ကိုပဲ ကိုင်စွဲထားခဲ့ကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပေါ်လစီကို သူပုန်တပ်ဖွဲ့များ အတွင်း သွေးကွဲရေး၊ သွေးခွဲရေးပေါ်လစီအဖြစ်ဖြင့် ကျင့်သုံးကြပါတယ်။ ‘လက်နက်အပ်၊ တပ်ဖျက်၊ ဥပဒေတွင်းဝင်၊ ဥပဒေအတွင်းမှာ အစိုးရနဲ့ ပေါင်း’ ဆိုတဲ့ ‘အကြွင်းမဲ့လက်နက်ချ’  ‘အညံ့ခံစေ’တဲ့ပေါ်လစီကို (တစ်လျှောက်လုံး) ပဲ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ဟာ(၁) တိုင်း ပြည်ရဲ့ ရုပ်ဝတ္ထု ကြွယ်ဝမှု Material Wealth မှန်သမျှကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ (၂) တိုင်းပြည်ရဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အရင်းအမြစ်ဖြစ်တဲ့ ဗြဟ္မစိုရ်တရားနဲ့ သုစရိုက်တရားများကို ကျေပြုန်းပျက်စီးစေခဲ့ပါတယ်။ (၃) မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲအတွင်း အမြင့်မားဆုံး စုစည်းရရှိခဲ့တဲ့ အမျိုးသားသွေးစည်းမှု အုတ်မြစ်ကို တမြေ့မြေ့ လှိုက်စားပစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေက အာမခံချက် ပေးထားခဲ့တဲ့ ‘ပါတီစုံ ဒီမိုကရေစီစနစ်ဟာ ပြည်တွင်းစစ် စတင်ချိန်ကစပြီး ယိမ်းယိုင်ကျိုးပေါက်ခဲ့ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်နယ်ထဲမှာ အာဏာရ ဖဆပလအဖွဲ့ချုပ်(ပါတီ) ရှိပါတယ်။ ၁၉၄၆ ခုနှစ်အတွင်းမှာ  သခင်မြ ဦးစီးထူထောင်ခဲ့တဲ့ ‘ဗမာပြည် ဆိုရှယ်လစ်ပါတီ’ ရှိပါတယ် ၁၉၅၁-၅၂ ခုနှစ် အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ‘ကိုရီးယား စစ်ပွဲနဲ့ တရုတ်ဖြူ (KMT) ကျူးကျော်မှုများကို အကြောင်းပြုပြီး သခင်လွင်၊ သခင်လှကျွေ၊ သခင်ချစ်မောင်( ဝိဓူရ) တို့ခေါင်းဆောင်တဲ့ (ဆိုရှယ်နီအစု)က ဗမာပြည်ဆိုရှယ်လစ်ပါတီက ခွဲထွက်လာကြပြီး အလုပ်သမားပါတီကို ထူထောင်ခဲ့ကြပါတယ်။ ၁၉၅၉ နိုဝင်ဘာလ အတွင်းမှာ ဥပဒေတွင်း လက်ဝဲအင်အားစုများ စုစည်းထားတဲ့ (ပမညတ)အဖွဲ့ကြီး ပေါ်ထွက်လာပြီး ပါတီစုံ ဒီမိုကရေစီစနစ်အတွင်း အတိုက်အခံ နိုင်ငံရေး အင်အားစုကြီး တစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

၁၉၄၇ ခုနှစ်အတွင်းမှာ ကျင်းပတဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အမတ်နေရာ ၂၅၅ နေရာအတွက် ဖဆပလအဖွဲ့ချုပ်က ၂၄၈ နေရာ အရွေးခံ ရပြီး ဗမာပြည် ကွန်မြူနစ်ပါတီက ခုနစ်နေရာ ရွေးကောက်တင်မြှောက်ခြင်း ခံရပါတယ်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း ဦးစီးကျင်းပတဲ့ အထက် ဗမာပြည် လုံခြုံရေးအစည်းအဝေး (စစ်ကိုင်း)နဲ့ အောက်ဗမာပြည် လုံခြုံရေးအစည်းအဝေး(တွံတေး)တို့က ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားချက်များ အရ ၂၈..၄၈ ရက်နေ့မှာ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များကို စတင်ဖမ်းဆီးရာမှ ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့တာ (ဒီကနေ့ အထိပါပဲ)။ အဲဒီနေ့မှာပဲ စီပီဘီက လက်နက်ကိုင်တော်လှန်ရေးက စတင်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်အတွင်းမှာ အလံနီ ကွန်မြူနစ်ပါတီ၊ ကရင်၊ မွန်တိုင်းရင်းသားများ၊ ပြည်သူ့ရဲဘော်(အဖြူ)PVO/ PCP။  ဗမာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့ တချို့ A.S ထဲ ပါဝင် သွားခဲ့ကြပါတယ်။ ပြည်တွင်းစစ် စတင်ချိန်ကတည်းက ပါတီစုံဒီမိုကရေစီစနစ် ကျိုးပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။

၁၂..၅၁ မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ပြည်တွင်းစစ် ကြောင့် အလီလီခွဲပြီး ကျင်းပခဲ့ရပါတယ်။ ဖဆပလ အဖွဲ့ချုပ်ကပဲ အနိုင်ရပါတယ်။ ၂..၅၆ နေ့က (ဒုတိယ အကြိမ်)   ရွေးကောက်ပွဲမှာ အင်အားကြီးလာတဲ့(အတိုက်အခံ) ပမညတအဖွဲ့ကြီးက ကိုယ်စားလှယ်  ၄၆ နေရာနဲ့  ထောက်ခံမဲ ၁ ဒသမ ၅ သန်းကျော်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲရလဒ်က လူထုကြီးရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ထင်ဟပ်တာ ဖြစ်ပါတယ်။ (တစ်ဖက်မှာလည်း) ဖဆပလ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးသြဇာ ကျလာနေတာကို ထင်ဟပ်ပါတယ်။ လွတ်လပ်ရေးရပြီး (၁၉၅၁-၅၇) အထိ ပြည်သူ့ပစ္စည်း အလွဲသုံးစားမှုကြီးများ (အကြိမ် ပေါင်း) ၃၉၁ ကြိမ်၊ တန်ဖိုး ၇၂ သိန်းနီးပါး ဆုံးရှုံးခဲ့ရပါတယ်။ ၁၆..၅၈ မှ ၆-၈-၅၃ အထိ အမှုထမ်း ၂၂၅ ယောက်ပါဝင်ပြီး တန်ဖိုး ၄၆၂၅ သိန်းဖိုး အလွဲသုံးစားမှု ပြုခဲ့ကြပါတယ်။ ၁၉၅၆ ရွေးကောက်ပွဲရှုံးနိမ့်မှုနဲ့ အုပ်ချုပ်ရေး ယန္တရားအတွင်း ခြစားမှုဟာ အာဏာရ ဖဆပလအဖွဲ့ချုပ်နဲ့ အစိုးရအဖွဲ့ အတွင်း နက်ရှိုင်းတဲ့ဂိုဏ်းကွဲမှုကြီးကို ဖိတ်ခေါ်ခဲ့ပါတယ်။ ‘စစ်ဘက်အစု’အနေနဲ့ အာဏာနိုင်ငံရေးထဲဝင်လာဖို့ အကြောင်းအချက်နဲ့ လှုံ့ဆော်မှု ဖြစ်စေခဲ့ပါ တယ်။  ၁၉၅၈ ဖဆပလ အဖွဲ့ချုပ်နဲ့ အစိုးရအတွင်း ဂိုဏ်းကွဲခြင်း၊ သန့်ရှင်းဖဆပလ အစိုးရအနေနဲ့ (လွှတ်တော်အတွင်းမှာ ပမညတ ကိုယ်စားလှယ်မဲနဲ့) အစိုးရဖွဲ့ရ ခြင်း၊ ဦးနုရဲ့အချက် နှစ်ချက်နဲ့ အလင်းဝင်ရေး ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထွက်ပေါ်လာခြင်း၊ ဝိဓူရသခင်ချစ်မောင်နဲ့ (ပမညတ အဖွဲ့ကြီး) နိုင်ငံရေး သြဇာတက်လာခြင်း စတဲ့အခြေအနေများကြောင့် ဦးနုနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပေးစာနှစ်စောင်နဲ့ ၁၉၅၈ စက်တင်ဘာ အိမ်စောင့်အစိုးရ   ပေါ်ထွက်လာစေခဲ့ပါတယ်။ ၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဒီမိုကရေစီဝိညာဉ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၁၁၆) ကို (ပြင်ဆင်ပြီး) (က/ကချုပ်)ရဲ့ အုပ်ချုပ်မှုကာလကို တိုးချဲ့ပေးခဲ့ပါတယ်။ ပုဒ်မ (၁၁၆)ကို ပြင်ဆင်ရာမှာ တည်မြဲနဲ့သန့်ရှင်း ပူးပေါင်းထောက်ခံခဲ့ကြပါတယ်။ ပုဒ်မ ၁၁၆ ကိုပြင်တဲ့နေ့ဟာ ဗမာပြည်မှာ ပါလီမန်ဒီမိုကရေစီ (ပါတီစုံ ဒီမိုကရေစီစနစ်) ‘ကွယ်လွန်တဲ့နေ့ပဲ’ လို့ ဝိဓူရသခင်ချစ်မောင်ရဲ့ သမိုင်းဝင် စကားဟာ သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့လစ်ဘရယ်ဒီမိုကရေစီ ဖြစ်ပေါ်ရေး ဦးတည်ချက် နှစ် ၃ဝ သမိုင်းမှာ ပယ်ဖျက်မရတဲ့ ‘အမည်းစက်ကြီး’ ဖြစ်ခဲ့ရပါတယ်။

အိမ်စောင့်အစိုးရက ‘မြို့တော်ကို ချွေးနဲ့ဆေးမည်’လို့ ကြွေးကြော်ပြီး ရန်ကုန်မြို့တော် သန့်ရှင်းသာယာရေး လုပ်ခဲ့ပါတယ်။ နေရာအနှံ့အပြားမှာ ရှိတဲ့ ကျူးကျော်ရပ်ကွက်များကို ဖယ်ရှားရှင်းလင်းပြီး သာကေတ၊ သုဝဏ္ဏ၊ တောင်/မြောက်ဥက္ကလာမြို့သစ်များ တည်ဆောက်ပေးခဲ့ပါတယ်။ အရေးအကြီးဆုံးက စစ်ရဲတပ်ရင်းလို ပြည်ထဲရေးဝန်ကြီး အုပ်ချုပ်မှုအောက်ရှိ တပ်များ၊ သစ်တော လုံခြုံရေးတပ်များ၊ ဖဆပလ အုပ်စုများဖွဲ့စည်းထားတဲ့ ခါးပိုက်ဆောင်တပ်များစတဲ့ လက်နက်ကိုင်တပ်ဖွဲ့များအား အချို့ဖျက်သိမ်းပြီး အချို့ကို တပ်ရင်းတပ်ဖွဲ့များအဖြစ် ပြုပြင်ဖွဲ့စည်းပေးခဲ့ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား ပြတ်ပြတ်သားသား ချေမှုန်းခဲ့တဲ့အတွက် အင်အားစုအမျိုးမျိုး အင်အားတစ်သောင်းခန့် အညံ့ခံခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဗြိတိသျှနယ်ချဲ့သမားများက ပြဿနာအဖြစ် အမွေထားရစ်ခဲ့တဲ့ ကယားနဲ့ရှမ်း ပဒေသရာဇ်အကြွင်းအကျန်များကို ဖျက်သိမ်းပစ်ခဲ့ ပါတယ်။ စော်ဘွား၊ စော်ဖျားများက  အခွင့်အရေးများကို စွန့်လွှတ်ကြောင်း ၂၁..၆ဝ မှာ လက်မှတ်ထိုးခဲ့ကြ ပါတယ်။ မပြီးဆုံးသေးတဲ့ တရုတ်-မြန်မာ နယ်နိမိတ်သတ်မှတ်ရေးကို ပြီးအောင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉.၁၂.၅၉ မှာ ပါလီမန်ကို ဖျက်သိမ်းပြီး ၆..၆ဝ ခုနှစ်မှာ ရွေးကောက်ပွဲများ ပြန်ကျင်းပ ပေးခဲ့ပါတယ်။ ‘ရွေးကောက်ပွဲမှာ တပ်မတော်အနေနဲ့ ကြားနေရမယ်’ လို့  ၉.၁၁.၅၉ မှာ (က/က/ချုပ်)ရဲ့ အမိန့်ကို (တပ်အတွင်းမှာ) ထုတ်ပြန်ခဲ့ပါတယ်။

‘ဒီမိုကရေစီကို ကြိုက်ရင် (သန့်ရှင်းဖဆပလ) (ပထစ)ကို မဲပေး’၊ ‘ဖက်ဆစ်စနစ်ကို ကြိုက်ရင် တည်မြဲ ဖဆပလကို မဲပေး’ စတဲ့ လှုံဆော်မှုများ လုပ်ကြပါတယ်။ ဗြိတိသျှအလိုတော်ရိဟောင်းများ ဖြစ်ကြသော ဘကြီးဘဘေ၊သခင်ဗစိန်၊ သံမဏိ ဦးသန်းမောင် (ဓားမဟောင်း) ဒေါက်တာဗမော်တို့က အမျိုးသားပေါင်းစုံ မဟာမိတ်အဖွဲ့ (တတိယအုပ်စု) ဖွဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားလာကြပါတယ်။ ရွေးကောက်ပွဲကြီးပြီးတဲ့အခါ(ဖဆပလ) သန့်ရှင်းက အမတ်နေရာပေါင်း ၁၅၉ နေရာ၊ တည်မြဲက ၄၂ နေရာနဲ့ တစ်သီးပုဂ္ဂလအမတ်တချို့   ရွေးကောက်ခံခဲ့ရပါတယ်။ ဒီရွေးကောက်ပွဲမှာ လူထု ၅၉ ရာခိုင်နှုန်း မဲပေးခဲ့ကြပါတယ်။ သန့်ရှင်းက ၅၂ ရာခိုင်နှုန်းရပြီး တည်မြဲက ၃၂ ရာခိုင်နှုန်း ရပါတယ်။ ပမညတက ၅ ရာခိုင်နှုန်း သာရပြီး ရွေးကောက် ခံရသူမရှိပါ။

ပထစအစိုးရ အဖွဲ့မှာ ဝန်ကြီး ၁၃ ဦးနဲ့ အတွင်းဝန် ၁၇ ဦးသာ ရှိပါတယ်။ ရာထူးအာဏာ ခွဲဝေရေးကို အကြောင်း ပြုပြီး (ပထစ)အတွင်း ဦး၊ ဗိုလ်၊ သခင်ဟူ၍ သုံးစုကွဲသွား ကြပြန်ပါတယ်။ ပထစအဖွဲ့ရဲ့ လူထုလူတန်းစားအဖွဲ့များ အတွင်းတွင်လည်း ဂိုဏ်းကွဲကြပြန်ပါတယ်။ ပထစအစိုး ရအတွက် အကြီးဆုံးဖိအားမှာ သီးခြားပြည်နယ် တောင်းဆိုခြင်းနဲ့ (၁၉၆၁ ဇွန်) တောင်ကြီး လူမျိုးစုံကွန်ဖရင့်က "ဖက်ဒရယ်ပြည်ထောင်စု  ပေးရင်ပေး မပေးရင်   ပြည်ထောင်စုမှ ခွဲထွက်ပြီး ဆီးတိုးစစ်အုပ်စုထဲ ဝင်မည်"ဟူ၍ ခြိမ်းခြောက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့လွတ်လပ်ရေးကို အကြီးအကျယ် ခြိမ်းခြောက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလိုမှာ "တော်လှန်ရေးကောင်စီ"က မလွှဲမရှောင် သာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပါတယ်။ ၁၉၅၈ ခုနှစ် ဇွန်လမှာ စတင်ခဲ့တဲ့ ဖဆပလ/ ပထစ အတွင်း ဂိုဏ်းကွဲမှုများဟာ ၁၉၆၂ ခုနှစ် မတ်လအတွင်းမှာ ပြီးပြတ်သွားခဲ့ပြီလို့ ဆိုရပါတော့မယ်။ မြန်မာ့လွတ်လပ်ရေးခေတ်ဦးအတွင်း (လစ်ဘရယ်ဒီမိုကရေစီစနစ်နဲ့ အော်တို ကရေစီစနစ် အားပြိုင်ပွဲမှာ) အော်တိုကရေစီစနစ်က အနိုင်ရသွားခဲ့သည်ဟူ၍ ဆိုရပါတော့မည်။

**********************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၈.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. Maxဆီဆိုင် ငွေသိမ်းယာဉ် သိမ်ဖြူမီးပွိုင့်တွင် ငွေသိန်းရာချီ အလုခံရ
  2. လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှသာ လုပ်ခလစာများ တိုးမြှင့်ရန် အဆိုတင်သွင်း
  3. အထူးစီးပွားရေးနှင့် ရန်ကုန်ရေနက်ဆိပ်ကမ်း ပူးတွဲဆောင်ရွက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပယ်ဖျက်ခံပါတီနှစ်ခုမှ တစ်သီးပုဂ္ဂလအဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်မည်
  1. NLD ပါတီဝင်ပောာင်းတစ်ဦး တစ်သီးပုဂ္ဂလအဖြစ် ကြားဖြတ်ဝင်ရောက်ယှဉ်ပြိုင်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

Maxဆီဆိုင် ငွေသိမ်းယာဉ် သိမ်ဖြူမီးပွိုင့်တွင် ငွေသိန်းရာချီ အလုခံရ

ဖေဖော်ဝါရီလ ၁၆ရက်နေ့ ရန်ကုန်မြို့တွင်ဖွင့်လှစ်ရောင်းချနေသည့် Max’s ဆီဆိုင်များထံမှလိုက်လံ၍ ငွေသိမ်းသည့်ကားပေါ်မှ ငွေသိန်းပေါင်း ၃၂၅သိန်းပါအထုပ်တစ်ထုပ်အား လုယူထွက်ပြေးသွားသည့် လုယက်မှုတစ်ခု သိမ်ဖြူမီးပွိုင့်တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အဲဒီကားက မက်စ်ဆီဆိုင်တွေကနေ ငွေလိုက်သိမ်းတဲ့ကားလို့တော့ ပြောသံကြားရတယ်။ အလုံဘက်ကနေပတ်ပြီး ငွေလိုက်သိမ်းပြီး ပြန်လာတာလို့ ကြားတယ်။ သိမ်ဖြူမီးပွိုင့်မှာ မီးပွိုင့်မိလို့ ရပ်နေတာ။ အဲဒါကို မီးပွိုင့်လမ်းဆုံမှာ ရပ်စောင့်နေတဲ့ လူနှစ်ယောက်က အနောက်မှာ ထားထားတဲ့ ငွေထုတ်ကို ယူပြီးပြေးသွားတာ။ သူတို့က ကားမပါဘူး။ တက္ကစီငှားပြီး ထွက်ပြေးသွားတာ။ ယူပြေးသွားတာကို ငွေသိမ်းတဲ့ကားပေါ်က လူ သုံးယောက်လုံးက မသိဘူး။ နောက်ကနေ ကျော်တတ်လာတဲ့ကားက လူပြောတော့မှ သိရတာ။ ပိုက်ဆံပမာဏကတော့ တော်တော်များတယ် ထင်တယ်။ သူတို့ ပြောတာကြားရတာတော့ သိန်းပေါင်း ၃၂၅သိန်းလို့ကြားတယ်”ဟု ယင်းဖြစ်စဉ်အား မြင်တွေ့လိုက်သူတစ်ဦးက ပြောကြားသည်။

ထိုသို့ Max’s ဆီဆိုင်များမှ လိုက်လံ၍ ပိုက်ဆံသိမ်းသောကားသည် Light Truck ကားအမျိုးအစားဖြစ်ပြီး ရှေ့ခန်းတွင်သာ လူသုံးယောက် ရှိသည်ဟုလည်း သိရသည်။ ထို့ပြင် လုယက်ရန်အတွက် အစီအစဉ်ချထားသည့် လူနှစ်ယောက်သည် နောက်မှ ငွေကျပ်သိန်းပေါင်း ၃၂၅သိန်းပါ ပိုက်ဆံထုတ် တစ်ထုပ်အားယူ၍ တက္ကစီတစ်စီးဖြင့် ထွက်ပြေးသွားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုလုယက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများက တက္ကစီသမားနှင့် တွေ့ဆုံမေးမြန်းရာ တက္ကစီသမားမှ ထိုလုယက်မှု ပြုလုပ်ခဲ့သည့် လူနှစ်ယောက်၏ ပုံပန်းသဏ္ဍာန်အား ပြောပြခဲ့ပြီး သုဝဏ္ဍတွင်ဆင်းသွားခဲ့ကြောင်း ပြောကြားသောကြောင့် တာဝန်ရှိသူများမှ ထိုလူများ၏ ရုပ်ပုံအားပန်းချီဆွဲ၍ ယင်းအမှုအား ဆောင်ရွက်ဖော်ထုတ်နေပြီဖြစ်ပြီး ယင်းကဲ့သို့ လုယက်မှုဖြစ်ပွားရခြင်းမှာ အတွင်းလူတစ်ယောက်နှင့် ပေါင်း၍ အစောကတည်းမှ အစီအစဉ်ချ၍ လုပ်တာဖြစ်မည်ဟု Max ဓာတ်ဆီဆိုင်မှ ဝန်ထမ်းတစ်ဦးမှ ပြောကြားသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှသာ လုပ်ခလစာများ တိုးမြှင့်ရန် အဆိုတင်သွင်း

၂၀၁၂ ဖေဖော်ဝါရီ ၁၆ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံဝန်ထမ်းများ၏ လစာ၊ လုပ်ခများ တိုးမြှင့်ပေးနိုင်ရန် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက်စေရန် ဆောင်ရွက်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှသာ ဝန်ထမ်းလစာ တိုးမြှင့် ရေးဆောင်ရွက်သင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။

                လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ နိုင်ငံဝန်ထမ်းများ၏ လစာ၊ လုပ်ခတိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံသားများ ဝန်ထမ်းများ၏ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာရေးနှစ်အစတွင် မဖြစ်မနေတိုး မြှင့်ပေးရေး” အဆိုမှာ ပြည်ထောင်စုအစိုးရမှ အကောင်အထည်ဖော်ဖို့ စဉ်းစားနေတဲ့ကိစ္စ ဖြစ်သလို နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ဆောင်ရွက် ပေးသင့်တဲ့ကိစ္စဖြစ်လို့ ကြိုဆိုပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင်အခန်းကဏ္ဍရဲ့ ပါဝင်မှုအချိုးကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခတိုးမြှင့်မှုဟာ ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အလုပ်သမားများအပေါ်လည်း အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ လုပ်ခ၊ လစာအခြေအနေအပြင် ပြည်သူလူထုတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ လိုက်လျောညီထွေရှိရန်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံဝန်ထမ်း လစာတိုးမြှင့်ရေးအတွက် ၎င်းမှဆက်လက်၍ “၀န်ထမ်းလစာ တိုးပေးရေးကိစ္စ ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှု စနစ် အကောင်းဆုံးအနေအထားကို ရောက်ရှိစေဖို့ အဓိကလိုအပ်ပါတယ်။ အဲဒီလို ရောက်ရှိ နိုင်ရန်မှာ နိုင်ငံတကာမှ ဆောင်ရွက်တဲ့ နည်းလမ်းများကို စံနမူနာထားပြီး ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် အစိုးရဌာနမှ ပညာရှင်များပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အနေနဲ့ အမျိုးသား စီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေခံပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာတိုးမြှင့်ရေး အစီရင်ခံစာများ အပေါ် သုံးသပ်ပြီးတော့ နိုင်ငံ့ဝန်ထမ်းများရဲ့ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးကို ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ လတ်တလော ဆောင်ရွက်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကုန်ကျလာမယ့် လစာနှင့် အခြားအသုံးစရိတ်တွေ များပြားလာမှာဖြစ်လို့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ အခက်အခဲတွေ့လာနိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများရဲ့လစာ၊ လုပ်ခများ တိုးမြှင့်ပေးနိုင်ဖို့ လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုများ ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခများ တိုးမြှင့်ရေးကို ဆောင်ရွက်သင့်ပါကြောင်းနှင့် ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကို ငဲ့ညှာထောက်ထားသောအားဖြင့် ၄င်းတို့ရဲ့ ဒေသစရိတ်နှုန်းထားများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံဝန်ထမ်း တစ်ဦးက “ဝန်ထမ်းတွေရဲ့ အခြေခံလစာတွေကို တိုးမြှင့်ပေးမယ် ဆိုတဲ့ကိစ္စကို ကြိုဆိုပါတယ်။ ဒီလို တိုးမြှင့်ဆောင်ရွက်ပေးလိုက်တဲ့အခါမှပဲ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကျင့် ပျက်ခြစားမှုတွေ လျော့ကျသွားနိုင်မှာပါ”ပာု ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အထူးစီးပွားရေးနှင့် ရန်ကုန်ရေနက်ဆိပ်ကမ်း ပူးတွဲဆောင်ရွက်မည်

လက်ရှိဆောင်ရွက်လျက်ရှိသည့် ရန်ကုန်ရေနက်ဆိပ်ကမ်းအား အထူးစီးပွားရေးဇုန်နှင့် ပူးတွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန်ရေနက်ဆိပ်ကမ်း၌ တန်ချိန်နှစ်သောင်းခန့်ရှိသည့် သဘောင်္များ ဝင်ထွက်သွားလာလျက်ရှိပြီး သင်္ဘောများ ပိုမို ဝင်ထွက်သွားလာနိုင်ရန် အထူးစီးပွားရေးဇုန်နှင့်အတူ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်ရေနက်ဆိပ်ကမ်း ပူးတွဲဆောင်ရွက်ရာတွင် ရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်တန်းမြို့နယ် တောင်ဘက်ပိုင်းရှိ နယ်မြေအား ပြည်တွင်းရှိ လုပ်ငန်းရှင်များပါဝင်သည့် အများပိုင်ကုမ္ပဏီ ထူထောင်ကာ နိုင်ငံခြားကုမ္ပဏီများဖြင့် ဖက်စပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါ စက်မှုဇုန် တည်ဆောက်ရန် လျာထားသည့် နယ်မြေများတွင် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူများ၊ ၎င်း စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့် မြန်မာနိုင်ငံရှိ ပြည်တွင်း လုပ်ငန်းရှင်များနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ဖေဖော်ဝါရီလ ၅ ရက်နေ့၌ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သီလဝါ စက်မှုစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် 230/33 KV(100 MVA) ဓာတ်အားခွဲရုံ တည်ဆောက်နိုင်ရန် သက်ဆိုင်ရာ မြေပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ဂျပန်ကုမ္ပဏီများမှ သီလဝါအထူးစက်မှုဇုန် စီမံကိန်းများတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပယ်ဖျက်ခံပါတီနှစ်ခုမှ တစ်သီးပုဂ္ဂလအဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်မည်

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပယ်ဖျက်ခြင်းခံခဲ့ရသည့် ပါတီနှစ်ခုမှ ပုဂ္ဂိုလ်များ ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပယ်ဖျက်ခြင်းခံခဲ့ရသည့် ပါတီနှစ်ခုမှာ ဒီမိုကရက်တစ် မပာာမိတ်များပါတီနှင့် ၈၈ ပြည်သူ့အင်အားစု ပါတီတို့ဖြစ်ပြီး ၎င်း ပါတီများမှ ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန် နောက်ကျသွားသည့်အတွက် ပယ်ဖျက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပယ်ဖျက်ခံပါတီနှစ်ခုမှ တစ်သီးပုဂ္ဂလအဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦးအထိ ရှိနေပြီး ၎င်း ၃ ဦးမှ ပူးတွဲ၍ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ပောာပြောပွဲများ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

        ၂၀၁၂ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒီမိုကရက်တစ်ပါတီနှင့် ၈၈-ပြည်သူ့အင်အားစု ပါတီတို့အား ကြေညာချက်အမှတ်(၁၀/၂၀၁၂) ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(ခ) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ထားခြင်းကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

NLD ပါတီဝင်ပောာင်းတစ်ဦး တစ်သီးပုဂ္ဂလအဖြစ် ကြားဖြတ်ဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်ပောာင်းတစ်ဦးဖြစ်သည့် ဒေါ်မြင့်မြင့်အေးမှ ဧပြီလ ၁ရက်နေ့၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများတွင် မိတ္ထီလာမြို့နယ်မှ ပြည်သူ့လွှတ်တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်နှင့်ပတ်သက်၍ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးမှ ၂၀၁၂ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ မပာာဗန္ဓုလပန်းခြံလမ်းရှိ Mr.Brown ကော်ဖီဆိုင်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း သတင်းစာရှင်းလင်းပွဲ၌ ဒေါ်မြင့်မြင့်အေးက “ကျွန်မဝင်ပြိုင်မယ့်နေရာမှာ ကြံ့ခိုင်ရေးကလည်း ပါတီအကြီးကြီးပါ။ NLD ကလည်း ပါတီအကြီးကြီးပါ။ ကျွန်မ ပါတီဝင်ပြိုင်တဲ့အတွက် ဘာကိုမှလျှော့တွက်လို့မရပါဘူး”ပာု ပြောကြား ခဲ့သည်။

ထို့ပြင် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ရောက်ရာတွင် မည်သည့်ပါတီကြီးများ၏ စည်းရုံးမှု မျိုးကိုမျှ လက်ခံမည်မပာုတ်ဘဲ  ကိုယ်ပိုင်ငွေဖြင့်သာ စည်းရုံးရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်အနိုင် ရရန် ယုံကြည်မှုအပြည့်ရှိကြောင်း ပြည်သူ့လွှတ်တော် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်ပောာင်းတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးသည် ၁၉၈၉ ခုနှစ်တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲသို့ လျှောက်ထားခဲ့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခွင့်ပြုမိန့်ချပေးခဲ့ကြောင်း သိရသည်။

၂၀၁၂ ဧပြီလ ၁ ရက်နေ့၌ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးဝင်းထိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးလှမြင့်၊ အမျိုးသားနိုင်ငံရေး မပာာမိတ်များအဖွဲ့ချုပ်မှ ဦးဝင်းဇော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဒေါ်မြင့်မြင့်အေးမှ ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တကယ်စစ်မှန်တဲ့ ပြည်ထောင်စုကြီးတစ်ခု ထူထောင်နိုင်မယ်ဆိုတာ ကျွန်မတို့ ယုံကြည်နိုင်တဲ့အဆင့်ကို ကျွန်မတို့ ယုံကြည်နိုင်တဲ့ အဆင့်ကို ရောက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ အခက်အခဲအမျိုးမျိုးကို အတူပဲရပ်ဆိုင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ ရွေးချယ် တင်မြှောက်ခံရတဲ့ တိုင်းရင်းသားအဖွဲ့အစည်း အတော်များများဟာ ၁၉၉၀ နောက်ပိုင်းမှာ ဖျက်သိမ်းခံရပါတယ်။ ဒါပေမယ့်လို့ ကျွန်မတို့ဟာ ပြည်သူ့ ကိုယ်စားလှယ် လွှတ်တော်ကိုယ်စားလှယ် ပြုကော်မတီအနေနဲ့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ခိုင်ခိုင်မာမာ မဟာမိတ်များအနေနဲ့ ကျွန်မတို့ ရပ်တည်ခဲ့ပါတယ်။ အဲဒီလို ခက်ခဲတဲ့ကာလတွေမှာ ကျွန်မတို့ရဲ့ အကောင်းဆုံး၊စိတ်အချရဆုံး မဟာမိတ်တွေဟာ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တကယ့်ကို ခိုင်မာတဲ့ညီညွတ်တဲ့ ပြည်ထောင်စုကြီး ထူထောင်နိုင်ဖို့ဆိုတာဟာ အိမ်မက်တစ်ခုမဟုတ်ဘူး။ တကယ်လက်တွေ့ ကျကျ ဖြစ်နိုင်တယ်ဆိုတာ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေက ကျွန်မတို့ကို သင်ပေးခဲ့ပါတယ်”

ဖေဖော်ဝါရီ ၁၇ ထုတ် BiWeeklyELEVEN အတွဲ (၄) အမှတ် (၄၆) တွင်ပါသည့် “စစ်မှန်သည့် ပြည်ထောင်စုကြီး တစ်ခုထူထောင်နိုင်မည် ဆိုသည်ကို ယုံကြည်နိုင်သည့်အဆင့် ရောက်လာပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“သူတို့က စီးပွားရေးနဲ့ဝင်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါ ရေးပြီး သုံးစွဲလာတာပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာ ရှမ်းစာနဲ့ဖော်ပြတာ လုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။ ဆိုင်တော်တော်များများကလည်း တရုတ်စာတွေနဲ့ ဖြစ်လာတယ်။ တိုင်းရင်းသား ဘာသာစကားကတော့ ပျောက်သလောက်ပေါ့။ တိုင်းရင်းသား ဘာသာစကားသင်ရင်၊ ဖော်ပြရင် အမျိုးသားရေး စိတ်ဓာတ်ရှိတယ်၊ ကျဉ်းမြောင်းတယ်လို့ အမြင်ရှိကြတယ်။ တိုင်းရင်းသားကို ကြောက်တယ်။ တရုတ်ကို တော့ မကြောက်ဘူး။ ရှမ်းရွာတွေဆိုလည်း အရင်က ရှမ်းစာနဲ့ နာမည်ရေးကြတယ်။ အခုတော့ မြန်မာစာနဲ့ပဲ ရေးထားကြ တယ်”

ဖေဖော်ဝါရီ ၁၇ ထုတ် BiWeeklyELEVEN အတွဲ (၄) အမှတ် (၄၆) တွင်ပါသည့် “မြန်မာနိုင်ငံမှာ တရုတ်ဘာသာ စကားက တရားဝင်ဒုတိယ နိုင်ငံခြား ဘာသာစကားဖြစ်လာတော့မှာလား” သတင်းမှ  ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

----------------------------------------------------------------------------------------------------------------------

”အုပ်ချုပ်ရေးက လွှမ်းမိုးသော တရားစီရင်ရေးစနစ် ရှေ့လာမယ့် အနာဂတ်မှာ ရှိတော့မှာ မဟုတ် ဘူး။ တည်ဆဲဥပဒေအရ တရား စီရင်ရေးလုပ်ငန်းမှာ ပါဝင်ပတ် သက်နေတဲ့ တရားသူကြီးတွေ၊ ဥပဒေဝန်ထမ်းတွေ၊ ရှေ့နေတွေနဲ့ အမှုလိုက် အမှုပွဲစားတွေအပါအဝင် သက်သေ ဆင့်ခေါ်သူများကိုပါ အဂတိ လိုက်စားရင် ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်။  ဒီလိုမှ ဟန့်တားလို့ မရရင် လွှတ်တော်ကို ဥပဒေကြမ်းတစ်ခု ရေးဆွဲပြီး တင်ပြသွား မှာပါ”

ဖေဖော်ဝါ၇ီ ၁၆ ထုတ် Popular News အတွဲ (၄) အမှတ် (၇) တွင်ပါသည့် “အဂတိလိုက်စားမှု နောက်ထပ်မရှိ ရေးနှင့် ရှိနေဦးမည်ဆိုပါက ဥပဒေကြမ်း ရေးဆွဲကာ လွှတ်တော်သို့တင်ပြမည်” သတင်းမှ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြား ချက်ကို ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs