Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၅.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်မှု လိုအပ်ချက်များ အနောက်နိုင်ငံများ ညွှန်ပြ

(The Financial Times မှ 23 March 2012 ရက်စွဲပါ Gwen Robinson ရေးသားသော West points to flawed monitoring in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ဧပြီလအတွင်း မြန်မာသို့ ကုလအကြီးအကဲ ထပ်မံလာရောက်ဖွယ်ရှိ

(CNA သတင်းဌာနမှ 23 March 2012 ရက်စွဲပါ UN chief to visit Myanmar probably in April ကို ဘာသာ ပြန်ဆိုသည်)

  1. လာအိုနှင့်မြန်မာ မဲခေါင်မြစ်တွင် ချစ်ကြည်ရေးတံတား ဆောက်မည်

(The Nation မှ 23 March 2012 ရက်စွဲပါ Burma and Laos to build friendship bridge ကို ဘာသာ ပြန်ဆိုသည်)

  1. ငါးဖမ်းသမားများ ဖမ်းဆီးမှုကြောင့် တရုတ်နှင့် ဗီယက်နမ်အကြား သံတမန်ရေးရာ အချင်းများ

(BBC သတင်းဌာနမှ 22 March 2012 ရက်စွဲပါ China and Vietnam in row over dentention of fishermen ကို ဘာသာ ပြန်ဆိုသည်)

***************************************************

မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်မှု လိုအပ်ချက်များ အနောက်နိုင်ငံများ ညွှန်ပြ

(The Financial Times မှ 23 March 2012 ရက်စွဲပါ Gwen Robinson ရေးသားသော West points to flawed monitoring in Myanmar ကို ဘာသာ ပြန်ဆိုသည်)

အနောက်နိုင်ငံ အစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်ကြောင်း အနောက် သံတမန်များက ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မထင်မှတ်သည်များ ဖြစ်ပျက်တတ်မှုနှင့် မသမာမှုများ မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်တိုင် သံတမန်များနှင့် လေ့လာသူများသည် ကြိုတင်မဲစနစ်ကဲ့သို့သော အကြောင်းအရာများကို စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ပြောကြသည်။

ယခုရွေးကောက်ပွဲတွင် နိုင်ငံများ ရွေးချယ်၍ ကိုယ်စားလှယ်များ ဖိတ်ကြားခြင်းသည် မည်သူ့ကိုမျှ မဖိတ်ကြားခြင်း ထက်စာလျှင်မူ ပိုကောင်းသည်ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောသည်။ အကယ်၍ ရွေးကောက်ပွဲတွင် တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက အချို့အစိုးရများအတွက် ပြောရဆိုရ ခက်သည့် အခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်းလည်း ယင်းက သတိပေးခဲ့သည်။

အနောက်နိုင်ငံ သံတမန်များအကြားတွင် စိုးရိမ်နေသော ကိစ္စမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မထင်မှတ်သည်များ ထပ်မံဖြစ်ပွားသွားမည်ကို ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် လစ်လပ်အမတ်နေရာ ၄၈ နေရာစလုံး ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီသည် စည်းရုံးရေး ဆင်းနေသည်မှာ ရက်သတ္တပတ် အတော်အတန် ကြာခဲ့ပြီ ဖြစ်ပြီး ယင်းတို့က ပုံမှန်မဟုတ်သော ကိစ္စများအတွက် တိုင်ကြားမှုများလည်း ပြုလုပ်ခဲ့သည်။ NLD သည် မဲဆန္ဒရှင် စာရင်း ပြုစုမှုကို မေးခွန်းထုတ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်မှုနှင့် တားဆီးမှုများကိုလည်း ဖော်ထုတ်ခဲ့သည်။ မကြာသေးမီက NLD စည်းရုံးရေးသမားများကို အမည်မသိသူများက တိုက်ခိုက်ခြင်းမျိုး ဖြစ်ပွားခဲ့သေးသည်။

အီးယူနှင့် အမေရိကန်တို့က ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုသည် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် အရေးပါကြောင်း ပြောကြား ထားသည်။ ယင်းတို့၏ စံများနှင့် ညီညွတ်စေရန် အစိုးရသည် အတိုက်အခံက စိုးရိမ်သည့် ကိစ္စများကို ကြိုးစားကိုင်တွယ်လျက် ရှိရာ အချို့ကိစ္စများတွင် အာဏာပိုင်များအား စည်းကမ်းအရ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲကို လေ့လာရန် ဖိတ်ကြားခြင်းသည် ကြိုဆိုရမည့် တိုးတက်မှုတစ်ခု ဖြစ်သော်လည်း မှန်ကန်သော အဓိပ္ပာယ် ကောက်ယူမှု ရှိသင့်ကြောင်း ဘန်ကောက်အခြေစိုက် အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်းက ပြောသည်။ "အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" ဟု ဆိုသည်။

အီးယူအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲကို စည်းမျဉ်းစည်းကမ်းအနေဖြင့် ကြည့်ရှုမည် မဟုတ်ကြောင်း အခြား အီးယူသံတမန်တစ်ဦးက ပြောသည်။ မြန်မာ့ရွေးကောက်ပွဲကို စွမ်းအားပြည့် စောင့်ကြည့်လိုပါက ဆန္ဒမဲပြားများ ရိုက်နှိပ် ဖြန့်ဝေခြင်းအပါအဝင် အစမှစ၍ အားလုံးကို ကြည့်ရှုမှ ရလိမ့်မည် ဖြစ်ကြောင်း ပြောသည်။ အစိုးရကမူ အမေရိကန်နှင့် အီးယူအပါအဝင် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ကိုလည်း ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ရန် ဖိတ်ကြားကြောင်း ကြာသပတေးနေ့က ဆိုသည်။

အမေရိကန်ကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်သည့် အခွင့်အလမ်းကို အရယူမည် ဖြစ်သော်လည်း လုပ်ငန်းစဉ်များ၏ ပွင့်လင်း မြင်သာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း လူသိရှင်ကြား ပြောခဲ့သည်။ "ပထမဆုံး ခြေလှမ်းကောင်းတစ်ရပ်ပါပဲ။ အရင်ကဆို နိုင်ငံတကာက လေ့လာသူတွေကို မဖိတ်ဘူးလေ။ ဒါပေမဲ့ နိုင်ငံတကာ ပွင့်လင်းမှုတွေကိုတော့ စံမမှီသေးပါဘူး" ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်းက ပြောသည်။

***********************************************

ဧပြီလအတွင်း မြန်မာသို့ ကုလအကြီးအကဲ ထပ်မံလာရောက်ဖွယ်ရှိ

(CNA သတင်းဌာနမှ 23 March 2012 ရက်စွဲပါ UN chief to visit Myanmar probably in April ကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၎င်းအနေဖြင့် လာမည့် ဧပြီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ဖွယ်ရှိသည်ဟု မတ်လ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။ ဘန်ကီမွန်းသည် နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာ့ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ကို ကျောထောက်နောက်ခံ ပေးရန် ဆော်သြတိုက်တွန်းထားသည်။

"ကုလ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံကို ကျွန်တော် နှစ်ကြိမ်တိတိ သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ မကြာခင်အချိန်မှာလည်း ထပ်မံ သွားရောက်ဦးမှာပါ။ ဧပြီလထဲလောက် ဖြစ်မယ်ထင်ပါတယ်" ဟု မစ္စတာ ဘန်ကီမွန်းက စင်ကာပူနိုင်ငံသို့ ရောက်ရှိစဉ် ဆိုသည်။ မစ္စတာဘန်ကီမွန်းသည်  မတ်လ ၂၁ ရက်၊ မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့စဉ်က မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် သွားရောက် လည်ပတ်ဖွယ် ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အချိန် အတိအကျကိုမူ ပြောဆိုခြင်းမရှိပေ။ သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့က လုပ်ဆောင်လျက် ရှိသော ပြုပြင်ပြောင်းလဲမှုများကြောင့် မိမိအနေဖြင့် အားတက်မိကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဌရာထူးအား လွှဲပြောင်းရယူရန် ပြင်ဆင်လျက်ရှိသလို ပြုပြင်ပြောင်းလဲမှုများကိုလည်း အဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

"မြန်မာပြည်ဟာ ယခုအချိန်အထိ စိန်ခေါ်မှုတွေ အများကြီးနဲ့ရင်ဆိုင်နေရပါတယ်။ မြန်မာပြည် ရှေ့ဆက် လျှောက်ရမယ့်လမ်းမှာ ကျွန်တော်တို့ရဲ့ အကူအညီတွေ အများကြီးလိုအပ်ပါတယ်" ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

**********************************************

လာအိုနှင့်မြန်မာ မဲခေါင်မြစ်တွင် ချစ်ကြည်ရေးတံတား ဆောက်မည်

(The Nation မှ 23 March 2012 ရက်စွဲပါ Burma and Laos to build friendship bridge ကို ဘာသာ ပြန်ဆိုသည်)

လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ပထမဆုံး ဆက်သွယ်သော လမ်းအဖြစ် မဲခေါင်မြစ်တွင် တံတား ဆောက်လုပ်ရန် သဘော တူခဲ့သည်ဟု Vientiane Times က သောကြာနေ့က သတင်းထုတ်ပြန်ခဲ့သည်။

လာအိုနိုင်ငံ လွမ်နမ်သာပြည်နယ်မှ Xiengkok နှင့် မြန်မာနိုင်ငံ Kainglap တို့အကြား ချစ်ကြည်ရေးတံတား ဆောက်လုပ်ရန် ကြာသပတေးနေ့က လာအို ပို့ဆောင်ရေး ဝန်ကြီး Sommad Pholsena နှင့် မြန်မာဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်တို့ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိရသည်။ လက်မှတ် ရေးထိုးရာသို့ သမ္မတဦးသိန်းစိန်လည်း တက်ရောက်ခဲ့သည်။ လာအိုနှင့် မြန်မာနိုင်ငံ နယ်စပ်ကို မဲခေါင်မြစ်ဖြင့် ပိုင်းခြားထားသည်။ မဲခေါင်မြစ်သည် တရုတ်တောင်ပိုင်မှ စတင်မြစ်ဖျားခံပြီး ဗီယက်နမ်တောင်ပိုင်း မဲခေါင် မြစ်ဝကျွန်းပေါ်တွင်းသို့ စီးဝင်သည်။

သမ္မတဦးသိန်းစိန်သည် လာအိုသမ္မတ Choummaly Sayasone နှင့် တွေ့ဆုံပြီး မဲခေါင်မြစ်ကော်မရှင် အမြဲတမ်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် သဘော တူခဲ့သည်ဟုလည်း ဆိုသည်။ တရုတ်နှင့် မြန်မာသည် အဖွဲ့ဝင် ၄ နိုင်ငံပါ မဲခေါင်မြစ် ကော်မရှင်တွင် လေ့လာသူအဖြစ် ပါဝင်ထားသည်။ မဲခေါင်မြစ် ကော်မရှင်သည် မဲခေါင်၏ သယံဇာတများကို စီမံခန့်ခွဲခွင့်အတွက် ဒေသတွင်း သဘောတူညီချက်ကို ရယူရန် ကြိုးစားနေသောအဖွဲ့ဖြစ်သည်။

ကော်မရှင် အမြဲတမ်းအဖွဲ့ဝင်များမှာ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်သည်။

********************************************

ငါးဖမ်းသမားများ ဖမ်းဆီးမှုကြောင့် တရုတ်နှင့် ဗီယက်နမ်အကြား သံတမန်ရေးရာ အချင်းများ

(BBC သတင်းဌာနမှ 22 March 2012 ရက်စွဲပါ China and Vietnam in row over dentention of fishermen ကို ဘာသာ ပြန်ဆိုသည်)

တောင်တရုတ်ပင်လယ်ပြင်အတွင်းရှိ ကျွန်းတစ်ကျွန်းတွင် ဗီယက်နမ်ငါးဖမ်းသမား ၂၁ ဦးအား ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား သံတမန်ရေးရာ အချင်းများမှု ဖြစ်ပေါ်လျက်ရှိသည်။ တရုတ်အစိုးရက အဆိုပါ ငါးဖမ်းသမားများ၏ လုပ်ရပ်သည် မိမိတို့ ပိုင်နက်ဖြစ်သော Parcel ကျွန်းစုများသို့ ကျူးကျော်ဝင်ရောက်မှု ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ကျွန်းများကို တရုတ်ပြည်က ၁၉၇၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။

ဗီယက်နမ်အစိုးရကမူ ငါးဖမ်းသမားများကို ဗီယက်နမ် ရေပိုင်နက်အတွင်း တရုတ်တို့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း ပြောဆိုသည်။ ဗီယက်နမ်နှင့် တရုတ်တို့သည် အဆိုပါ Percel ကျွန်းစုဧရိယာ တစ်ဝိုက်တွင် နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားလျက် ရှိသည်။ "လတ်တလော ကာလတွေမှာ ဗီယက်နမ် ငါးဖမ်းရေယာဉ် အစီး ၁၀၀လောက် Parcel ကျွန်းတစ်ဝိုက်ကို တရားမဝင်ငါးဖမ်းဖို့ ဝင်ရောက်နေကြပါတယ်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong Lei ကပြောကြားသည်။ "သူတို့ကို မောင်းထုတ်လို့လည်း မရဘူး။ အဲဒီတော့ လောလောဆယ်မှာ သက်ဆိုင်ရာ တရုတ်အာဏာပိုင်တွေက နောက်ဆုံးဝင်ရောက်လာတဲ့ ဗီယက်နမ် ငါးဖမ်းသင်္ဘောနဲ့ သင်္ဘောသား ၂၁ ဦးကို တရားဥပဒေအရ ကိုင်တွယ်အရေးယူသွားဖို့ လုပ်ဆောင်နေပါတယ်" ဟု ဆက်လက်ပြောသည်။

Parcel ကျွန်းစုများအပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ သက်ရောက်သည်ဟူသော ကိစ္စမှာ ငြင်းဆို၍ မရနိုင်ကြောင်း၊ ဗီယက်နမ်၏ တရားမဝင် ငါးဖမ်းမှုသည် တရုတ်ပြည် အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးကို ကျုးကျော်ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောဆိုသည်။

သို့သော် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Luong Thanh Nghi က "Hoang Sa(Paracel) ကျွန်းစုသည် ဗီယက်နမ်နှင့် သက်ဆိုင်ကြောင်း" ပြောဆိုသည်။ "ဗီယက်နမ်ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော တံငါသည်များကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် ဗီယက်နမ် နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ အခွင့်အရေးနှင့် တရားဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ဝင်ရောက်ခြင်း ဖြစ်သည်" ဟု ဆိုသည်။

"တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ငါးဖမ်းသင်္ဘောတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ဗီယက်နမ်အနေနဲ့ ပြောလိုပါတယ်" ဟုလည်း ဆက်လက် ပြောသည်။ လက်ရှိ အနေအထားတွင် ဗီယက်နမ်နိုင်ငံက တရုတ်အပေါ် ကန့်ကွက် ဆန္ဒပြမှုကို တရားဝင်ပုံစံဖြင့် ပြုလုပ်ထားပြီ ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ဗီယက်နမ်က "တရုတ်ပြည်သည် Paracel ကျွန်းစု တစ်ဝိုက်တွင် ရေနံ ရှာဖွေတူးဖော်မှုများ လုပ်ကိုင်ကာ ဗီယက်နမ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ခဲ့သည်" ဟု ကြေညာသည်။

တောင်တရုတ်ပင်လယ်ပြင်သည် နိုင်ငံအတော်များများအကြား ရေကြောင်းနယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားရာ အကြောင်းအရင်း တစ်ခုသဖွယ် ဖြစ်နေသည်။ ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား အငြင်းပွားလျက်ရှိသလို ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ယင်းပင်လယ်ပြင်တွင်း ရေပိုင်နက် ရရှိရေးအတွက် တရုတ်နှင့် အငြင်းပွားလျက်ရှိသည်။ အဆိုပါ ဒေသများသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ အမြောက်အမြား ရှိသည်ဟု ယုံကြည်ရသော ဒေသလည်း ဖြစ်သည်။

********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၃.၂၀၁၂

သတင်းဆောင်းပါးကဏ္ဍ

  1. ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ

*****************************************

သတင်းဆောင်းပါးကဏ္ဍ

ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ

ဝင်းကိုကိုလတ်

(မတ် ၂၃ ထုတ် MYANMAR TIMES အတွဲ (၂၉) အမှတ် (၅၆၂) မှ ထုတ်ယူဖော်ပြသည်။)

နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော် သီရိလေးမြို့နယ်တွင် ဧပြီလ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုဖြစ်မည်ဟု နိုင်ငံရေးပါတီများနှင့် ဒေသခံများက ဆိုသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေပြည်တော် ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိမြို့များရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ မဲဆန္ဒနယ်လေးနယ်စလုံးတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကြည်မြင့်က ဥတ္တရသီရိမြို့နှင့် ပုဗ္ဗသီရိမြို့နယ်တွင် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ဦးမြင့်လွင်သန်းတို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

"နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိကပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥတ္တရသီရိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းသူက ပြောသည်။

"ကျွန်တော်တို့ ဇမ္ဗူသီရိမှာမှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အန်အယ်လ်ဒီက အကြိတ်အနယ် ယှဉ်ပြိုင်ရမှာပါ"ဟု ပြည်ခိုင်ဖြိုးပါတီ၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးက ပြောသည်။

လက်ရှိ သမ္မတဦးသိန်းစိန် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည့်အတွက် တာဝန်ကြီးသည့်အပြင် မျှော်မှန်းထား သည့်နေရာ မဟုတ်သော်လည်း အနိုင်ရမည်ဟုယုံကြည်ကြောင်း ဦးဝင်းဌေးက ပြောသည်။ ပါတီများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နောက်ပိုင်းမှ စတင်၍ စည်းရုံးရေးဆင်းမှုများ ပြုလုပ်ခဲ့ပြီး ယခုအချိန် (မတ်လ ၂၀ရက်)အထိ သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ရပ်ကွက်၊ ကျေးရွာအားလုံးနီးပါးကို ဆင်းထားပြီးဖြစ်သည် ဟု ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။

"၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက စည်းရုံးရေးတော်တော်ဆင်းတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက စည်းရုံးရေးဆင်းတာ နည်းတယ်။ အခုတော့ အန်အယ်လ်ဒီက ပြည်ခိုင်ဖြိုးထက် စည်းရုံးရေးဆင်းတာ ပိုများတာ တွေ့ရတယ်"ဟု နေပြည်တော်ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောသည်။

"စည်းရုံးရေးက တော်တော်များများ ဆင်းပြီးပါပြီ။ ကိုယ့်အနေနဲ့က ရုံးမရှိသေးတဲ့၊ မရောက်သေးတဲ့နေရာတွေက ဖိတ်ခေါ်ထားတာတွေ ရှိပါ တယ်"ဟု အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးမင်းသူက ပြောသည်။

ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လေးစားအားကိုး ယုံကြည်မှု၊ အန်အယ်လ်ဒီပါတီ၏ ၂၃ နှစ် ကြာမျှ ပြည်သူ့အကျိုးအတွက် ရပ်တည်ခဲ့မှုများအတွက် မဲပေးလိမ့်မည် ဟု အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများက ပြောသည်။

"ကျွန်တော်ကတော့ ဇမ္ဗူသီရိမြို့နယ်တစ်ခုလုံး ကွက်ပြည့်နင်းထားပါတယ်။ ပြည်သူတိုင်းလည်း အကောင်းမြင်သမား မဟုတ်ဘူးလေ။ အဆိုးမြင် တာလည်း ရှိပါတယ်။ အများအားဖြင့် ကျွန်တော်တို့ကို ထောက်ခံတာတွေ့ရပါတယ်" ဟု ဦးဝင်းဌေးက ပြောသည်။

ဒေသခံဖြစ်ခြင်း၊ ဒေသဖွံ့ဖြိုးမှုများကို အသင်းဘ၀ကပင် လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ပြည်သူက ထောက်ခံမည်ဟုထင်ကြောင်း ၎င်းက ပြော သည်။

"ကျွန်မတို့ ဒေသခံမဟုတ်ပေမယ့် တစ်နိုင်ငံလုံး ဒီမိုကရေစီအရေးအတွက် လုပ်လာတာပါ။ ဒေသတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ တစ်နိုင်ငံ လုံးက ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ပါ"ဟု ဇမ္ဗူသီရိမြို့နယ်၊ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ပေါင်း ၄၄,၀၀၀ ကျော်အနက် မဲပေးနိုင်သူ ၀န်ထမ်းဦးရေ ၃၇,၀၀၀ ကျော် ရှိသဖြင့် မဲပေးနိုင်သူဦးရေ၏ သုံးပုံ နှစ်ပုံကျော်ရှိသည်ဟု ဆိုနိုင်ကြောင်း၊ ၀န်ထမ်းရပ်ကွက် ကိုးရပ်ကွက်လုံး၌ စည်းရုံးရေး ဆင်းပြီးဖြစ်သည်ဟုလည်း ၈၈မျိုးဆက် ကျောင်းသူတစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောသည်။

"၀န်ထမ်းတွေမှာ ဘယ်ကိုမဲပေးရမယ်။ ဘယ်ကိုမဲမပေးရဘူးဆိုပြီး ဖိအားရှိမနေပါဘူး။ ကျွန်မကိုလည်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ အားပေး ထောက်ခံကြတယ်။ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်"ဟု အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောသည်။

မဲဆန္ဒရှင်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုလေးစားခြင်း၊ အင်န်အယ်လ်ဒီ၏နှစ်ပေါင်းများစွာ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကြောင့် မဲထည့်မည့်သူများရှိသကဲ့သို့ လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင်၏ ပါတီဖြစ်ခြင်း၊ လမ်းဖောက်ပေးခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်းစသည့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကြောင့် ပြည်ခိုင်ဖြိုးပါတီ မဲထည့်သူများလည်း ရှိမည်ဟု ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ရွာကတော့ ပြည်ခိုင်ဖြိုး မဲထည့်မယ့်သူများတယ်။ သူတို့က လမ်းဖောက်ပေး၊ မီးပေးတာတွေ လုပ်ပေးနိုင်တယ်။ အိမ်က လူကြီးတွေ ကလည်း ပြည်ခိုင်ဖြိုးကို မဲထည့်မှာဆိုတော့ ကျွန်တော်လည်း ထည့်ရမှာပေါ့"ဟု လူဦးရေ ၅၀၀ ခန့်ရှိသည့် ဇမ္ဗူသီရိမြို့၊ သဲကြီးကုန်းရွာနေ အသက် ၂၅ ခန့် ရှိ ကိုဆန်းမင်းထူးက ပြောသည်။

"ကျွန်တော်ကတော့ ဇေယျာသော်ကို မဲပေးသွားမယ်။ အမေစုကို ထောက်ခံလို့ ဇေယျာသော်ကို မဲပေးစို့ဆိုတာ သိပ်သဘောကျတယ်"ဟု ပုဗ္ဗသီရိ မြို့နယ်၊ ၀ဏ္ဏဒီပရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးက ပြောသည်။

"ကျွန်တော်တို့ရင်ထဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ရှိပြီးသားပါ"ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြော သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဥတ္တရသီရိ၌ ဦးမင်းသူ(အန်အယ်လ်ဒီ)၊ ဦးလှသိန်းဆွေ(ပြည်ခိုင်ဖြိုး)နှင့် ဦးကြည်မြင့်(တစည)၊ ပုဗ္ဗသီရိ၌ ဦးဖြိုးဇေယျာ သော်(ခ) ဇေယျာသော်(အန်အယ်လ်ဒီ)၊ ဦးသာဌေး(ပြည်ခိုင်ဖြိုး)နှင့် ဦးမြင့်လွင်သန်း(တစ်သီးပုဂ္ဂလ)၊ ဇမ္ဗူသီရိ၌ ဒေါ်စန္ဒာမင်း(အန်အယ်လ်ဒီ)နှင့် ဦးဝင်း ဌေး(ပြည်ခိုင်ဖြိုး)နှင့် ဒက္ခိဏသီရိ၌ ဦးနိုင်ငံလင်း (အန်အယ်လ်ဒီ)နှင့် ဦးမောင်ရှိန်(ပြည်ခိုင်ဖြိုး)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အားလုံးတွင် ပြိုင်ဘက် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီကို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး အနိုင်ရကိုယ်စားလှယ်များသည် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများအဖြစ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။

 

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs