Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မဲရုံ မဲရုံကိုဗျာ တူယှဉ်ကာ သွားကြပါစို့

****************************************

ဆောင်းပါးကဏ္ဍ

မဲရုံ မဲရုံကိုဗျာ တူယှဉ်ကာ သွားကြပါစို့

ကျော်စောမင်း

(မတ် ၂၉ Venus News အတွဲ (၃) အမှတ် (၃၇) မှ ထုတ်ယူဖော်ပြသည်)

 (၁)

ရွေးကောက်ပွဲတစ်ခု ကျင်းပရတာ မလွယ်ပါ။ အလုပ်သိမ်များပြီး တိုင်းပြည်ဘဏ္ဍလည်း သိပ်ကုန်ပါတယ်။ တချို့ တိုင်းပြည်တွေမှာ နှစ် ၂၀ ကျော် ကြာသည်အထိ ရွေးကောက်ပွဲရယ်လို့မရှိတာ အလုပ်များမှာစိုးလို့ရယ် တိုင်းပြည်ရဲ့ဘဏ္ဍာကို မကုန်စေချင်လို့ရယ်ဖြစ်မယ်လို့ ပြောကြတာမျိုးကတော့ တမင်ငေါ့တာပါ။

ပါလီမန်ခေတ်ရဲ့ နောက်ဆုံးရွေးကောက်ပွဲကို မြင်ဖူးခဲ့ပါတယ်။ မဲပုံးတွေက လွယ်လွယ်နဲ့ မပျက်စီးနိုင်တာမျိုးတွေ။ ခတ်တဲ့သော့ကျတော့ စက်ဘီး စပုတ်တံလို သံမဏိချောင်းနဲ့ အသေခတ်ထားတဲ့သော့မျိုးတွေ။ နှိပ်ပြီးခတ်လိုက်ပြီးရင် ပြန်ဖွင့်လို့မရဘူး။ ဖွင့်စရာ သော့လည်းမရှိဘူး။ သော့ခလောက် အိမ်မှာ သော့ပေါက်လည်း မပါဘူး။ မဲအရာရှိရဲ့ရုံးကို ရောက်တော့ မှ Cutter အကြီးစားနဲ့ ဖြတ်ပစ်ရတာ။ မဲပုံးကတော့ လေးပုံးထောင်ထားမယ်။ တည်မြဲ၊ သန့်ရှင်း၊ ပမညတ၊ တစ်သီးပုဂ္ဂလ စသည်ဖြင့် ကိုယ်စားလှယ်လေးယောက်ရှိရင်ပေါ့။ မဲဆန္ဒရှင်တစ်ဦးတွက် မဲပြားတစ်ပြား (ကတ်ထူပြားသေးသေး) ရမယ်။ အဲဒါကို ကိုယ်ကြိုက်တဲ့ပုံးထဲ ထည့်ရုံပဲ။သိပ်ရိုးသိပ်ရှင်းပါတယ်။ မဲရွေးချယ်ရေးတာဝန်ခံတွေကသာ ဒီအမတ်လောင်းရဲ့ပုံးကိုဖွင့်ပြီး ဟိုအမတ်လောင်းရဲ့ အပုံထဲလောင်းထည့်ဆိုတာမျိုး မလုပ်ဘဲ သိက္ခာရှိရှိ မှန်မှန်ကန်ဆောင်ရွက်ရင်အလွန် တရားမျှတနိုင်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ ကျိန်းသေပါတယ်။ အဲဒီ တုန်းက တာဝန်ယူခဲ့ကြတဲ့ မဲရုံလူကြီးတွေ၊ရွေးကောက်ပွဲ အရာရှိတွေကလည်း ပြည်သူ့ဝန်ထမ်းပီပီ သိက္ခာထိန်းကြတယ်လို့ ကြားဖူးပါတယ်။

ရွေးကောက်မှုအတွက် စာရင်းပြုစုကြတာ သိပ်အရေးကြီးပါတယ်။ ရပ်ကွက်မဲရုံတွေမှာချထားတဲ့ မဲပုံးတွေကို သက်သေတွေရှေ့မှာ ချိပ်ပိတ်ပြီး မြို့နယ်ရုံးကို စာရင်းနဲ့တကွပို့၊ မြို့နယ်ရုံးမှာ သက်သေတွေအားလုံးရှေ့မှာ ရေထွက်ပြီး ရလဒ်ကို ပုံစံဖြည့်သွင်းစာရင်းပြုစုပြီး အထက်သက်ဆိုင်ရာကို ဆက်ပို့ပါတယ်။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် စာရင်းတင်ရပါတယ်။ တချို့တိုင်းပြည်တွေမှာကျတော့ မဲရုံမှာပဲ ပါတီကိုယ်စားလှယ်တွေ၊ ရပ်ကွက် ကိုယ်စားလှယ်တွေ သက်သေတွေ ရှေ့မှာ ရေတွက်ပြီးစာရင်းသွားရပါတယ်။ သက်သေတွေကါပ လက်မှတ်ထိုးပေးဖို့လိုအပ်ရပါမယ်။

ကြားဖြတ်ပြီး ပညာရေးဌာနက မသမာသူတချို့လုပ်လေ့ရှိတာကို ပြောပြရဦးမယ်။ ကျောင်းသားတွေ ဘယ်လိုဖြေထားထား ဆရာမက သူပေးချင် သလို အမှတ်ပေးပါတယ်။ ဘာသာအားလုံးရဲ့အမှတ်ကိုပေါင်းတော့လည်း သူပေါင်းချင်သလို ပေါင်းပါတယ်။ လိုတိုးပိုလျှော့တွေ လုပ်ပါတယ်။ ပထဝီမှာ တစ်ချက်မှမမှားအောင် ဖြေထားလို့ဆိုပြီး အမှတ် ၁၀၀ ရမယ့် ကလေးဟာလည်း လက်ရေးသိပ်မဝိုင်းလို့ဆိုပြီး ၈၀ ဖြစ်ချင်ဖြစ်သွားပါတယ်။ သူပေးချင်တဲ့ ကျောင်းသားကျတော့ ၆၀ ဟာ ၉၀ ဖြစ်သွားပါတယ်။

တချို့နိုင်ငံတွေရဲ့ မဲစနစ်မှာ အဲဒီလိုလုပ်ကွက်တွေ ချန်ထားတတ်တယ်။ ရပ်ကွက်မှာ မျက်နှာစုံညီသက်သေစုံညီ မဲရေတွက်ပြီး စာရင်းပြုစုပေး လိုက်ပေမယ့် မြို့နယ်တို့ ဗဟိုတို့မှာ စာရင်းသွင်းတော့ အကဲခတ်သူ၊ စောင့်ကြည့်သူသက်သေတွေ ရှိနေစရာမလိုဘူး။ ကြိတ်ပြီးစိတ်ကြိုက် ရေးသွင်းလိုက်လို့ ရတယ်။ တတိယကမ္ဘာက အာဏာရှင်နိုင်ငံ တစ်နိုင်ငံမှာဆိုရင် ဖွဲ့စည်းပုံဥပဒေအသစ်အတွက် မဲပေးကြရာမှာ မဲရုံတွေမဖွင့်မီကပဲ ဗဟိုက ကြေညာချက် ပြင်ဆင်ပြီးနေပါပြီ။ ကိုးဆယ်ရှစ် ဒသမ ဘယ်လောက်က ထောက်ခံမဲပေးကြောင်း ထုတ်ပြန်လိုက်သည်ဆိုတာမျိုး။ Check and Counter Check ကို တမင်ဟထားတဲ့ ပညာပါပါလုပ်ကွက်ကြီး ဖြစ်ပါတယ်။

ဒါတွေကို ကျော်လွှားဖို့က လွယ်ပါတယ်။ မဲရုံတိုင်း မွန်းလွဲ ၄ နာရီမှာ ပိတ်၊ ၄နာရီခွဲမှာ မျက်နှာစုံညီရေတွက်ပြီး စာရင်းသွင်း၊ ပြီးရင်အွန်လိုင်း တင်လိုက်ရုံပါပဲ။ မြို့နယ်ရုံးကိုလည်း ချိပ်ပိတ်စာအိတ်နဲ့ တစ်စုံပို့တဲ့အပြင် အွန်လိုင်းကပါ လှမ်းပို့ပေးမယ်။ ရွေးကောက်ပွဲအတွက် ခါတော်မီ အထူးပြုလုပ် ထားတဲ့ Website ရှိနေရင် ကိစ္စပြတ်ပါတယ်။ သန်းခေါင်ကျမှရောက်လာတဲ့ နောက်ကျမဲတို့ ကြိုတင်မဲတို့ မရှိနိုင်တော့ဘူးပေါ့။ ကျင်းပပေးရတဲ့ ရွေးကောက် ပွဲကော်မရှင်လည်း မျက်နှာပူစရာမကြုံတော့ဘူးပေါ့။

(၂)

အတွေ့အကြုံတစ်ခု ပြောပြချင်ပါတယ်။ မဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံမျိုး တမင်ရေးပြတယ်လို့ထင်ရင်တော့ အကောင်းဆုံးပါ။ ကျွန်တော်ကိုယ်တိုင် လည်း ဒီအဖြစ်အပျက်ဟာ တကယ်မဖြစ်ခဲ့ဘူးလို့ ယုံချင်ပါတယ်။

မဲရုံပိတ်ခါနီးမှာ ကျွန်တော်မဲရုံကို သွားတယ်။ ပေးသူကျန်သူ အခြေအနေကို အကဲခတ်ချင်လို့ပါ။ အတော်ကြီးပျက်ကွက်ကြတာ တွေ့ပါတယ်။ တချို့ စာမျက်နှာတွေမှာ တစ်ယောက်နှစ်ယောက်ပဲ မဲပေးထားကြတာ တွေ့ရတယ်။ No Vote ဆိုတဲ့ လှုံ့ဆော်မှုရဲ့ အကျိုးသက်ရောက်မှုပဲလားမသိဘူး။ Not Vote ဆိုတာလှည့် ကွက်ကြီးတစ်ခုပါ။ Not Vote အတွက် လှုပ်ရှားကြတယ်ဆိုတာ အဲဒီတုန်းကတော့ တရားမဝင်/အခုတော့ တရားဝင် နိုင်ငံရေးပါတီကြီး တစ်ခုနဲ့ လားလားမှ မသက်ဆိုင်တဲ့အကြောင်း အတော်များများက ရိပ်မိကြပါတယ်။

မဲပေးဖို့အတွက် ကျွန်တော်က CD ဓာတ်ပြားတွေပေါ်မှာရေးတဲ့ Maker Pen အရောင်တစ်ချောင်း ယူလာခဲ့ပါတယ်။ အဲဒါကိုထုတ်တော့ မဲရုံဝက အမျိုးသမီးက အဲဒါနဲ့ မရေးရဘူး၊ ချပေးထားတဲ့ ဘောပင်နဲ့ရေးပါတဲ့။ ဘာဖြစ်လို့လဲ မေးတော့ဒီဘောလ်ပင်နဲ့ပဲ ရေးရမယ်၊ အဲဒါကြီးနဲ့ရေးရင် ပယ်မဲဖြစ် သွားလိမ့်မယ်တဲ့။ ဟုတ်ပြီ၊ မဲရုံကပေးထားတဲ့ ဘောလ်ပင်နဲ့ပဲ ရေးရမယ်၊ ကိုယ်ပိုင် ခြစ်စရာရေးစရာ ဘောလ်ပင်တို့ မာကာပင်တို့နဲ့ရေးရင် ပယ်မဲလို့ သတ် မှတ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေပြပါဆိုတော့ မပြနိုင်ဘူး။ ကျွန်တော်က သူတို့ရှေ့မှာပဲ သူတို့လိုလားနေတဲ့ ကိုယ်စားလှယ်လောင်းရဲ့ဘေးမှာ Marker နဲ့ အမှန်ခြစ်ခြစ်ပြီးမှ မဲရုံထဲဝင် မဲထည့်လိုက်ပါတယ်။ အပယ်မခံရတာတော့ကျိန်းသေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမဲရုံမှာ အဲဒီပါတီအတွက် ပယ်မဲ တစ်မဲတောင် မှတ်တမ်းတင်ထားတာ မတွေ့ရလို့ပါဘဲ။

အနီရောင်နဲ့ ခြစ်တာတို့ ခဲတံနဲ့ ခြစ်တာတို့ဆိုရင် ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ပြောတာ အဓိပ္ပယ်ရှိတယ်။ ဒါတောင် ရွေးကောက်ပွဲဥပဒှော ထည့် သွင်းပြဋ္ဌာန်းထားမှသာ တရားဝင်တယ်။ တကယ်လို့ အဲဒီလို ခြစ်တော့မယ်လုပ်ရင်လည်း မဲရုံတာဝန်ရှိသူတွေအနေနဲ့ တားဆီးရမယ်ဆိုတာမျိုး ပြဋ္ဌာန်းချက် မရှိတတ်ပါဘူး။ ပြဋ္ဌာန်းခွင့်ရှိမယ်လို့လည်း မထင်ပါဘူး။

သူတို့ချပေးထားတဲ့ တစ်ချောင်းတည်းသော ဘောလ်ပင်နဲ့ခြစ်မှ တရားဝင်မယ်လို့ ပြောတာက ရှင်းပါတယ်။ သူတို့ ရှေ့မှာခြစ်စေချင်လို့ပါ။ တက္ကသိုလ်တွေမှာ မဲပေးကြသလိုပေါ့။ ဆရာကြီး ဆရာမကြီးတွေရဲ့မျက်စိအောက်မှာခြစ်ကြရတာ။ ဆရာကြီး ဆရာမကြီးတွေခမျာလည်း ခိုင်းထားလို့သာ မျက်နှာပူပူနဲ့ လုပ်ကြရတာ။ သူတို့ကို “အောင်မှတ်လောက် မလိုချင် ဘူး၊ ဂုဏ်ထူးထွက်တာလိုချင်တယ်” လို့လာပြီး မှာကြားထားတယ်လို့ သိလိုက်ရတော့ စဉ်းစားစရာတွေ များလာရပါတယ်။ အမျိုးမှန် အဖိုးတန်တဲ့ ပတ္တမြားသာ ဆိုရင်ဘာမှ ဒီလိုဒီပုံတွေ ကြိုတင်စီမံစရာမလိုဘူးပေါ့။

                အခုမှ ထုတ်ရေးချပြတာကတော့ အားလုံးသိတဲ့အတိုင်း အခုမှပဲ ရေးခွင့်ပွင့်လင်းလာလို့ပါ။ ရေးလိုက်တာက အများကြီး မဟုတ်ပါဘူး။ သိထားတာ ကတော့ အများကြီးပါ။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၇.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. တတိယအကြိမ် မြန်မာစာနယ်ဇင်းသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးပြုလုပ်
  2. နိုင်ငံသားအမည်ခံ လုပ်ငန်းအား ရက် ၉၀အတွင်း တရားဝင်ပြောင်းလဲမှတ်ပုံတင်ရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. KIO/KIA တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး NLD သတင်းထုတ်ပြန်
  2. ဖက်ဆစ်ဝါဒထက် ဒီမိုကရေစီဝါဒ ခေတ်စားရမည်ဆိုသည့် ကြေညာချက် ၈၈မျိုးဆက် ထုတ်ပြန်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

တတိယအကြိမ် မြန်မာစာနယ်ဇင်းသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးပြုလုပ်

၂၀၁၂ မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ City Star ပာိုတယ်၌ တတိယအကြိမ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးလုပ်ငန်း အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးခြင်းနှင့် အများပြည်သူတို့၏ လက်တွေ့ဘ၀အား အကျိုးကျေးဇူးဖြစ်စေနိုင်သော သတင်းလွတ်လပ်ခွင့်အား ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် (Protection  of Freedom of Press)၊ အများ ပြည်သူတို့၏ အကျိုးစီးပွားနှင့် စတုတ္ထမဏ္ဍိုင်အဖြစ် တည့်မတ်စွာရပ်တည်နိုင်ရေးအတွက် ဂျာနယ်လစ်များ၏ လွတ်လပ်စွာ ရပ်တည်လှုပ်ရှား သတင်းရယူ ရေးသားဖော်ထုတ်နိုင်ရေး များစွာအရေးပါသည့်အတွက် ဂျာနယ်လစ်အခွင့်အရေးကို  ကာကွယ်စောင့်ရှောက်ရန် (Protection of Journalist)၊ ဂျာနယ် လစ်များ အချင်းချင်းကြားတွင် ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အများပြည်သူအကြား၌ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အခြားမဏ္ဍိုင်ကြီး သုံးရပ်အကြား၌ ဖြစ်စေ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ယင်းပြဿနာများကို ညှိနှိုင်းအဖြေရှာသွားရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် တို့ဖြစ်ကြောင်း သိရသည်။

မြန်မာစာနယ်ဇင်းသမဂ္ဂဖွဲ့စည်းရေး တတိယအကြိမ်ပြုလုပ်သည့် အစည်းအဝေး၌ To Protect The Freedom of Expression နှင့် To Defend The Rights of All Journalists ပာူသည့် ဆောင်ပုဒ်နှစ်ခုအား ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာစာနယ်ဇင်းသမဂ္ဂ လုပ်ငန်းအညှိနှိုင်းအစည်းအဝေး မတ်လ ၁၀ရက်နေ့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး မတ်လ ၁၈ရက်နေ့တွင် ဒုတိယ အကြိမ် ပြုလုပ်ခဲ့ကာ ယင်း ဒုတိယအကြိမ်အစည်းအဝေးပွဲ၌ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ယာယီကော်မတီကို ဖွဲ့စည်းခဲ့သည်။

“အခုလို စာနယ်ဇင်းသမဂ္ဂဖြစ်လာစေဖို့အတွက် အကုန်လုံးက ဝိုင်းဝန်းပြီးလုပ်ဆောင်နေတဲ့အပေါ်မှာ အထူးကြိုဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်နေတာက စာနယ်ဇင်းလွတ်လပ်မှု မရှိသေးတာပဲ။ သတင်းထောက်တွေကလည်း မရေးရဲလို့ မရေးဘူး။ စာပေစိစစ်ကလည်း ခွင့်မပြုဘူး။ ဒီတော့ ပြည်သူတွေကလည်း သတင်းမှန်ကို မသိရဘူး။ ခုချိန်မှာ စာနယ်ဇင်းကဏ္ဍမှာအထူးလိုအပ်နေတာက စာနယ်ဇင်းသမားတွေကို ကာကွယ်ပေးမယ့် အဖွဲ့ အစည်းတွေပဲ။ ဒါမှလည်း မီဒီယာသမားတွေ သတင်းမှန်ကို ရေးရဲမှာပေါ့”ပာု ပြည်တွင်းဂျာနယ်တစ်ခုမှ အယ်ဒီတာတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံသားအမည်ခံ လုပ်ငန်းအား ရက် ၉၀အတွင်း တရားဝင်ပြောင်းလဲမှတ်ပုံတင်ရမည်

ပြည်တွင်း၌  နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်ကုမ္ပဏီများအား အစိုးရသစ်လက်ထက်တွင် ပြန်လည် အရေးယူမည် မပာုတ်သော်လည်း ရက် ပေါင်း ၉၀အတွင်း အမှန်အတိုင်း ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန် ကြေညာ ခဲ့သည်။

“နိုင်ငံသားအမည်နဲ့ နိုင်ငံခြားသားပိုင်ကုမ္ပဏီတွေကို ခွင့်ပြုထားတဲ့ ရက် ၉၀အတွင်းမှာတော့ အရေးယူတာတွေ လုပ်မှာမပာုတ်ပါဘူး။ မှန်မှန်ကန် ကန်နဲ့ ဒီကုမ္ပဏီကတော့ နိုင်ငံခြားပိုင်ကုမ္ပဏီဖြစ်လို့ မှတ်ပုံတင်ခွင့်ပြုပါဆို သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုပေးမှာပါ။ ဒါပေမယ့် ဒီလိုမှတ်ပုံမတင်ဘဲ ဆက်ပြီး လုပ်နေမယ်ဆိုရင်တော့ အရေးယူရမှာပါ”ပာု မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်း၌ နိုင်ငံသားအမည်ခံ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားသားပိုင်ကုမ္ပဏီများအား တရားဝင် မှတ်ပုံတင်ခွင့်ပြုရာတွင် ရာနှုန်း ပြည့် နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ် လည်းကောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဖက်စပ်ပြုလုပ်၍ လည်းကောင်း အခြေအနေပေါ်မူတည်၍ လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားသားပိုင်ကုမ္ပဏီ မှတ်ပုံတင်ပြုလုပ်တဲ့အချိန်မှာ လုပ်ငန်းတွေကို ရပ်နားထားရမှာဖြစ်ပါတယ်။ ဒီလို ရပ်နားထားတဲ့အချိန်မှာ ကုမ္ပဏီမှာရှိ တဲ့ လုပ်သားတွေရဲ့ လုပ်ခလစာကိုတော့ ပုံမှန်အတိုင်း ကုမ္ပဏီက ပေးနေရမှာပါ။ လုပ်သားတွေကို ထုတ်ပယ်တာ၊ လျှော့ချတာတွေကို လုံးဝ လုပ်ကိုင်ခွင့် ပေးမှာမပာုတ်ပါဘူး”ပာု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ တရှိန် ထိုးဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ရေးဆွဲလျက်ရှိ ကြောင်း သိရသည်။

Ref:Yangon Time

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းရင်းသားလူမျိုးအရေး ဆွေးနွေးရန် ဒီချုပ်ဥက္ကဋ္ဌ ကေအန်ယူနဲ့ တွေ့မည်

တိုင်းရင်းသားလူမျိုးအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အစိုးရနှင့် ငြိမ်ချမ်းရေးကိစ္စများဆောင်ရွက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော KNUအဖွဲ့နှင့် ဧပြီလဆန်းပိုင်းတွင် တွေ့ဆုံရန်ရှိကြောင်း KNUအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန်မှာ ဧပြီလ ၄ရက်နေ့ကနေစပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဖို့ရှိပါတယ်။ တွေ့ဖို့ကို ကေအန်ယူက အထွေထွေအ တွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဗိုလ်ချုပ် စောမူတူးဆေးဖို့တို့ ဦးဆောင်ပြီး ၃၁ရက်နေ့မှာ သွားမှာပါ။ ဒေါ်စုနဲ့တွေ့ဖို့ကတော့ ဧပြီလဆန်းပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်တွေ့မှာပေါ့။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ တိုင်းရင်းသားအရေးတွေကို တိုက်တွန်းပြောဆိုမှာဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။

ထိုကဲ့သို့တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမည်ဖြစ်ပြီး ကေအန်ယူအဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့များ ပူးပေါင်း၍ စစ်မှန် သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအား တညီတညွတ်တည်း ထုတ်ပြန်ခဲ့ကြပြီး ယင်းထုတ်ပြန်ကြေညာချက်အား ဒေါ်အောင်ဆန်းစုကြည်မှ ထောက်ခံထားကြောင်းကိုလည်း သတင်းများအရ သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ကရင်နိုင်ငံရေးပါတီများအချို့နှင့် ကရင်အဖွဲ့အစည်းအချို့တို့ကိုလည်း တွေ့ဆုံသွားမည်ဖြစ်သည်ဟုလည်း သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဖက်ဆစ်ဝါဒထက် ဒီမိုကရေစီဝါဒ ခေတ်စားရမည်ဆိုသည့် သဝဏ်လွှာတစ်စောင်အား ၈၈မျိုးဆက်မှ ပေးပို့

၂၀၁၂ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် ၆၇နှစ်မြောက် တော်လှန်ရေးနေ့အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ချို့ပါသည့် သဝဏ်လွှာတစ်စောင်အား ပေးပို့ခဲ့သည်ဟု သိရသည်။

“ဒီကြေညာချက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ ဒီမိုကရေစီဝါဒနဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား တွေ့ရနိုင်တဲ့အတွက်ကြောင့် ဒီမိုကရေစီ ဝါဒကို ခေတ်စားလာအောင်လုပ်ဖို့ဆိုတဲ့ စကားလည်း ပါပါတယ်”ဟု ၈၈မျိုးဆက် ကျောင်းသားတစ်ဦးမှ ပြောကြားသည်။

ယင်းသဝဏ်လွှာထဲတွင် ဒီမိုကရေစီစနစ်အား တည်ထောင်မည်ဆိုပါက အစိုးရမှ ပြည်သူစိတ်ပြောင်းလဲ၍ အစိုးရဝန်ထမ်းများ မဟုတ်တော့ဘဲ ပြည်သူ့ဝန်ထမ်းများအဖြစ် ပြောင်းလဲရန်လိုအပ်ပြီး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံတွင်ရှိရမည့် အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ရမည်ဖြစ်ကြောင်း လည်း ပါရှိသည်ဟု ၎င်းမှ ထပ်မံပြောကြားသည်။

ထို့ပြင် ၈၈ကျောင်းသားမျိုးဆက်များသည် မတ်လ ၂၇ရက်နေ့ မနက် ၈နာရီ၌ ရန်ကုန်မြို့ရှိ သခင်သိန်းဖေ၏နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟုလည်း သတင်းရရှိသည်။

မတ်လ ၂၇ရက်နေ့အား တော်လှန်ရေးနေ့ဖြစ်သည်ဟု ၁၉၄၅ခုနှစ်တွင် စတင်၍ သတ်မှတ်ခဲ့သော်လည်း ၁၉၆၂ခုနှစ်မှ စတင်၍ တပ်မတော်နေ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သမိုင်းများအရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- ကြိုတင်မဲပေးထားသူတွေ သံသယမရှိစေဖို့နဲ့ ကြိုတင်မဲနဲ့ ပတ်သက်လို့ ပြဿနာတွေမရှိအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ။

ဖြေ- အခုရွေးကောက်ပွဲက မမီတော့ဘူး။ နောက်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ကြိုတင်မဲစိတ်ချရအောင် လူတွေလက်ထဲမှာမထားဘဲ ရပ်ကွက်ကျေးရွာ ကော်မရှင်မှာ သော့ခတ်ထားတဲ့ ကြိုတင်မဲပုံးထား၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှာလည်း ကြိုင်တင်မဲပုံးထား။ ကြိုတင်မဲမှန်သမျှ ဒီပုံးထဲထည့်ရင် ကြိုတင်မဲ ပေးထားသူတွေစိတ် ရှင်းတာပေါ့။ တရားမျှတဖို့ဆိုရင် ကြိုတင်မဲနည်းနိုင်သမျှ နည်းပါစေ။ ပေးခွင့်ရှိသူတွေပေးထားတဲ့ ကြိုတင်မဲကို ရွေးကောက်ပွဲ ဥပဒေ ပါအတိုင်း ရပ်ကျေးကော်မတီက လာပို့ထားတဲ့ ကြိုတင်မဲကို မဲရုံမှူးက မဲရုံဖွင့်တာနဲ့ အမတ်တွေရဲ့ ကိုယ်စားလှယ်တွေကို ဘယ်နှမဲရှိတယ်ဆိုတာ ကြေညာ ပါ။ ဒီမဲက ပိုလာစရာထပ်တိုးလာစရာမရှိဘူး။ ညနေမဲရေတဲ့အချိန်မှာ ကြိုတင်မဲပေးသူတွေကို ပုံစံ ၁၃နဲ့ တိုက်ကြည့်ပေးခွင့် မရှိသူတွေပေးထားရင် ကန့် ကွက်လို့ရတယ်။ ကြိုတင်မဲပေးခွင့်ရှိသူပဲ ကြိုတင်မဲယူမယ်ဆိုရင် ဒီရွေးကောက်ပွဲ ဂုဏ်တက်မယ်။

၂၇ ထုတ် The Flower News အတွဲ (၈) အမှတ် (၁၃) တွင်ပါသည့်“တရားရုံးလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တွေ့ဆုံခြင်း” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ လုပ်ငန်းပမာဏ အရမ်းကြီးပါတယ်။ အချိန်လည်း တစ်ပတ်လောက်ပဲ ရှိပါတော့တယ်။ ကျွန်တော်တို့ ၈၈မျိုးဆက် တွေက ၂၀၁၀ ရွေးကောက်ပွဲအတွေ့အကြုံရှိခဲ့တဲ့သူတွေ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းသွားပါမယ်။ ရွေးကောက်ပွဲနိုင်တဲ့ မဲဆန္ဒအရေအတွက်ထက် ပိုအရေး ကြီးတာက ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အုတ်မြစ်ချဖို့အတွက် သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာပါတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ် All Inclusive Political Process ကို စပြီး စမ်းသပ်တဲ့ တာထွက်တဲ့ခြေလှမ်းဖြစ်တယ်။ ကျွန်တော်တို့ အချိန်အကန့်အသတ်၊ အရင်းအမြစ်၊ ငွေကြေးအရပေါ့။ ကျွန်တော် တို့ ဘယ်ပြည်ပက ငွေကြေးတစ်စုံတစ်ရာ ထောက်ပံ့မှု လက်ခံရထားခြင်း မရှိပါဘူး။ တစ်ဦးချင်း လှူဒါန်းထားရှိ တဲ့ငွေကြေးတွေကို ဆင်းဆင်းရဲရဲနဲ့ကို လုပ် မယ့်လုပ်ငန်းပါ”

၂၇ ထုတ် The Flower News အတွဲ (၈) အမှတ် (၁၃) တွင်ပါသည့် “၈၈မျိုးဆက်ကျောင်းသားများ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည်” သတင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အထက်က ညွှန်ကြားထားတဲ့အတိုင်း သတင်းထောင်ပဲဖြစ်ဖြစ်၊ စောင့်ကြည်သူပဲဖြစ်ဖြစ် မဲရုံခဲဝင်ခွင့်မရှိဘူး။ မဲရုံ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကိုယ်စား လှယ်လောင်းတွေ၊ ပါတီက   မဲရုံကိုယ်စားလှယ်လောင်းတွေ၊ ပါတီက ခန့်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေပဲ  ဝင်ခွင့်ရှိတယ်။ နောက်ဆုံးအဆင့် အုပ်ချုပ်မှု ပိုင်းကတောင် ဝင်ခွင့်မရှိဘူး။ အပြင်စည်းကနေ လုံခြုံရေးစောင့်တဲ့ရဲတွေ၊ ကြက်ခြေနီတွေ၊ မီးသတ်အရန် အင်အားတွေလဲ မဲရုံထဲ ဝင်ခွင့်မရှိဘူး”

မတ် ၂၇ ထုတ် The Flower News အတွဲ (၈) အမှတ် (၁၃) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲ ခုနှစ်ရက် အလို သူတို့ ဘာတွေလုပ် နေလဲ” သတင်းမှ လှည်းကူးမြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးစိုးမြင့်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs