Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၉.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. အရေးပါသောကေအိုင်အေတောင်ကုန်းကို မြန်မာစစ်တပ်သိမ်းပိုက်

(AFP News မှ 27 Jan 2013 ရက်စွဲမပါ “Myanmar army captures key Kachin output” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည်အာရှဖွံ့ဖြိုးရေးဘဏ်နှင့်ကမ္ဘာ့ဘဏ်တို့မှချေးငွေသစ်များရရှိ

(28 January 2013 ရက်စွဲပါ BBC News မှ Burma gets Asian Development Bank and World Bank Loan ကိုဘာသာပြန်ပါသည်။)

  1. နိုင်ငံတကာမြီးရှင်များထံ မြန်မာတို့ပေးရန် ကြွေးမြီဒေါ်လာ ၆ ဘီလီလျံနီးပါးသက်သာရ

(AFP News မှ 29 Jan 2013 ရက်စွဲပါMyanmar secures nearly & 6 bn debt reliefs from international lends သတင်းကိုဘာသာပြန်ဆိုသည်။)

  1. တရုတ်ကမြန်မာနိုင်ငံမှ ‘ဝ’သူပုန်များအားလက်နက်များပေးပို့သည်သတင်းအားငြင်းဆို

(၂၈ ရက် January 2013 ရက်စွဲပါ VOA News မှ China denies weapons transfers to Burma’s Wa-rebels ကိုဘာသာပြန်သည်။)

***************************************************************

ဘာသာပြန်သတင်းများ

အရေးပါသောကေအိုင်အေတောင်ကုန်းကို မြန်မာစစ်တပ်သိမ်းပိုက်

(AFP News မှ 27 Jan 2013 ရက်စွဲမပါ “Myanmar army captures key Kachin output” သတင်းကိုဘာသာပြန်ဆိုသည်)

photo credit - internet

ပဋိပက္ခပြင်းထန်နေသောကချင်ပြည်နယ်တွင် အရေးကြီးမဟာဗျူဟာတောင်ကုန်းတစ်ခုကို မြန်မာစစ်တပ်က သိမ်းပိုက်ရရှိသွားသည်ဟု ကေအိုင်အေအဖွဲ့က မနေ့ကပြောကြားသည်။ မြန်မာအစိုးရကမူ အမေရိကန်ပြည်ထောင်စု၏ ကချင်စစ်ပွဲအပေါ် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်ကို ကန့်ကွက်ပြောဆိုလျက်ရှိသည်။

ယခုလအစောပိုင်းတွင် တိုက်ခိုက်မှုများရပ်ဆိုင်းကြောင်း မြန်မာအစိုးရက ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာသို့ နီးကပ်နေပြီဖြစ်သည်။

လက်ရှိတိုက်ပွဲကို အပြင်းအထန်ကန့်ကွက်ကြောင်းဖော်ပြထားသော အမေရိကန်သံရုံကြေညာချက်တွင် မြန်မာတပ်မတော်ကသာ ကျူးကျော် တိုက်ခိုက်နေသည့်သဖွယ် ရေးသားထားရာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထင်အမြင်လွဲမှားမှုဖြစ်စေနိုင်သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်သည်ဟု နိုင်ငံပိုင်အင်္ဂလိပ်ဘာသာသတင်းစာ New Light of Myanmar တွင် သတင်းဖော်ပြထားသည်။

၂၀၁၁ ဇွန်လတွင် အစိုးရနှင့် ကေအိုင်အေအကြား ၁၇ နှစ်ကြာအပစ်ရပ်ထားမှု ကျိုးပေါက်သွားပြီးနောက်ပိုင်းဒေသခံ ပြည်သူထောင်ပေါင်းများစွာ (တစ်သိန်းခန့်) နေအိမ်များ စွန့်ခွာထွက်ပြေးနေကြသည်။ အရေအတွက်အတိအကျ မသိရသော်လည်း ၎င်းစစ်ပွဲကြောင့် အရပ်သားများ သေကြေပျက်စီးခဲ့ရသည်။

အရေးပါသောတောင်ကုန်းသည် လက်နက်ကြီးဖြင့် ထောင့်ပေါင်းစုံမှ အထုခံရပြီးနောက် မြန်မာစစ်တပ်လက်သို့ ကျရောက်သွားသည်ဟု ကေအိုင်အေက ပြောကြားသည်။

“လက်နက်ကြီးနဲ့အချက်ပေါင်းထောင်ချီပြီးအထုခံရလို့ ကျွန်တော်တို့ စခန်းကုန်းကျသွားတာပါ၊ အဲ့ဒီနယ်မြေ၊ အဲ့ဒီတောင်ကုန်းကနေ ကျွန်တော်တို့ ဆုတ်ခွာပေးလိုက်ရပါပြီ” ဟုထိုင်းနိုင်ငံမှ ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ ဂျိန်းလမ်ဒေါင်းက ဆိုပါသည်။

၎င်းက ဆက်လက်၍ “မြန်မာစစ်တပ်ကရှေ့တိုး၍ လိုင်ဇာကိုတိုက်မှာလားဆိုသည်မှာ မသဲကွဲကြောင်း၊ သို့သော်လိုင်ဇာကျသွားသည့်တိုင်အောင် ကေအိုင်အေကျဆုံးသွားမည် မဟုတ်ကြောင်း” ရှင်းလင်းပြောဆိုခဲ့သည်။

ဘီဂျင်းကလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖူးရင်နှင့် သမ္မတဦးသိန်းစိန်တို့ ဆွေးနွေးခဲ့သောခရီးစဉ်အပြီးတွင် တိုက်ခိုက်မှုများအဆုံးသတ်ရန် တိုင်တွန်းထားသာည်။ ယင်းသို့ဆွေးနွေးစဉ် နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းမှုရှိရေးကို နှစ်ဖက်သဘောတူခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြောကြားသည်။

နယ်စပ်ဖြတ်ကူးလာနိုင်သောဒုက္ခသည် တစ်သောင်းခန့်အတွက် ရေနှင့်မီး ဖြည့်ဆည်းပေးထားသောဒုက္ခသည် စခန်းများကို ယူနန်ပြည်နယ်က စီစဉ်လျက်ရှိသည်ဟုလည်း တရုတ်နိုင်ငံပိုင် မီဒီယာကသတင်းထုတ်ပြန်ထားသည်။

မနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ကန့်ကွက်ကြေညာချက်တွင် ပဋိပက္ခကိုသူပုန်များက မီးမွှေးကြောင်းအပစ်တင်ထားသည်။

ထို့အပြင် အမေရိကန်သံရုံးကြေညာချက်၌ Burmer ဟုတွင်တွင် သုံးထားခြင်းသည် နှစ်နိုင်ငံအပြန်အလှန် လေးစားမှုကို ထိခိုက်စေသဖြင့် ရှောင်ကြဉ်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တောင်းဆိုတိုက်တွန်းထားသည်။

Burma ဟူသောအမည်သည် ကိုလိုနီအမွေဟုဆိုကာ ယခင်တပ်မတော်အစိုးရက လွန်ခဲ့သောနှစ် ၂၀ ခန့်က Myanmar ဟု နာမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။

သို့သော်ယခင် တပ်မတော်အစိုးရ (စစ်အစိုးရ) ၏ အမွေဟုဆိုနိုင်သော Myanmar အမည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်အများစုနှင့် မြန်မာပညာတတ်အလွှာက လက်ခံခြင်းမရှိဘဲ Burma ဟု ဆက်လက်ခေါ်ဝေါ်လျက်ရှိသည်။

------------------------------------------------------------------------------

မြန်မာနိုင်ငံသည်အာရှဖွံ့ဖြိုးရေးဘဏ်နှင့်ကမ္ဘာ့ဘဏ်တို့မှချေးငွေသစ်များရရှိ

(28 January 2013 ရက်စွဲပါ BBC News မှ Burma gets Asian Development Bank and World Bank Loan ကိုဘာသာပြန်ပါသည်။)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာ့ဘဏ်တို့သည်မြန်မာနိုင်င့မှလူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကူ အညီပေးနိုင်ရန် ချေးငွေသစ်များ (Fresh Loans) အတည်ပြုခဲ့ပါသည်။

ADB သည် ဒေါ်လာ 512သန်း(ပေါင်စတာလင်325သန်း)ခွင့်ပြုခဲ့ပြီး၊ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း(၄၄၀) အတည်ပြုခဲ့ပါသည်။

အဆိုပါချေးငွေသစ်များကို မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရှင်းလင်းပြီးမှသာရရှိမည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံဟာဆင်းရဲနေသော ပြည်သူများရဲ့လူနေမှုဘဝတွေ တိုးတက်လာဖို့ တစ်ခါမျှမလုပ်ဖူးတဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါတယ်။ ဒီစီးပွားရေးအရ အသွင်ပြောင်းမှုတွေဟာ အရှည်ကြီးလျှောက်ရဦးမှာပါ။“ဟု ကမ္ဘာ့ဘဏ်မှ မြန်မာပြည်ဒါရိုက်တာ Annette Dixon က ပြောကြားခဲ့ပါသည်။

“လုပ်စရာတွေအများကြီးကျန်နေပါသေးတယ်။ ကျွန်မတို့ဟာအစိုးရရဲ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အရှိန်မြှင့်ဖို့ရယ် အားလုံးသာယာဝပြောဖို့ တည်ဆောက်ရေးမှာ ကူညီဖို့ကတိပြုထားပါတယ်။ ကျွန်မတို့ဘဏ်ဟာ ADB၊ ဂျပန်အစိုးရ၊ အခြားပတ်တနာတွေနဲ့အတူ လုပ်ဆောင်နေမှုဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်မှု၊ တိုးတက်ကြီးထွားဖို့နဲ့ အလုပ်အကိုင်ဖန်တီးပေးရာမှာ အထောက်အကူပြုမှာပါ”ဟုMs Dixon က ပြောပါသည်။

 ------------------------------------------------------------------------------------------------

နိုင်ငံတကာမြီးရှင်များထံ မြန်မာတို့ပေးရန် ကြွေးမြီဒေါ်လာ ၆ ဘီလီလျံနီးပါးသက်သာရ

(AFP News မှ 29 Jan 2013 ရက်စွဲပါMyanmar secures nearly & 6 bn debt reliefs from international lends သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ၎င်း၏ကြွေးမြီများအနက် ဒေါ်လာ ၆ ဘီလျံနီးပါးကို ပယ်ဖျက်ရန် နိုင်ငံတကာမြီးရှင်များနှင့် မနေ့က သဘောတူညီမှု ရရှိသွားပြီဖြစ်ရာ၊ စစ်ဖက်အုပ်ချုပ်သောတိုင်းပြည်အဖြစ်မှ မြန်ဆန်စွာအသွင်ကူးပြောင်းမှုတွင် နောက်ထပ်မှတ်တိုင်တစ်ခု စိုက်လိုက်ခြင်းပင်ဖြစ်သည်။

ထိုပြင်ဂျပန်နိုင်ငံ၏ ပေါင်းကူးချေးငွေဖြင့် ကမ္ဘာဘဏ်နှင့် ADB သို့ ပေးရန်အကြွေးများကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်၍ နိုင်ငံတကာ ထောက်ပံ့မှုများ ပြန်ရရန် အခက်အခဲတစ်ခုကို ဖယ်ရှားနိုင်ပြီဖြစ်သည်။

မြီးရှင်နိုင်ငံအဖွဲ့ Paris Club က ၎င်းတို့ထံ မြန်မာတို့ပေးရန်ရှိသော ကြွေးမြီးထက်ဝက်ခန့်ကို ပယ်ဖျက်ရန် သောကြာနေ့က အစည်းအဝေးတွင် သဘောတူလိုက်ပြီးဖြစ်ပြီး လက်ကျန်ကြွေးမြီကို ၁၅ နှစ်အတွင်း ပြန်လည်ပေးဆပ်ရန် စီစဉ်မည်ဟုပြောကြားသည်။

စက်မှုဖွံ့ဖြိုးသောနိုင်ငံများ အလွတ်သဘောဖွဲ့စည်းထားသော Paris Club က ၎င်း၏ဝက်ဘ်ဆိုက်တွင် အထက်ပါ သဘောတူညီမှုကို အတည်ပြုခဲ့ပြီး၊ မြန်မာနိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲရန် ခိုင်မာစွာကတိပြုခြင်းကို ချီးကျူးကြိုဆိုထားသည်။

အဆိုပါ သဘောတူညီချက်ကြောင့် မြန်မာနိုင်ငံက Paris Club အဖွဲ့ဝင်အားလုံးနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်တော့မည့် ဆက်ဆံမှုအသစ် စတင်ပြီဟု ဘဏ္ဍာအခွန်ဝန်ကြီးဦးဝင်းရှိန်က ပြောကြးသည်။

မြန်မာနိုင်ငံသည် ကြွေးမြီသက်သာခွင့်ကြောင့် ရရှိလာမည့်ရင်းမြစ်များကို ဆင်းရဲမှုလျှော့ချရေးနှင့်ဖွံ့ဖြိုးရေးအစီအစဉ်များတွင် အသုံးပြု သွားမည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည်စစ်အုပ်ချုပ်ရေးနွံမှ ရုန်းထကာ ပြိုလဲနေသောစီးပွားရေးကို ပြင်ဆင်ရန်အတွက် ဖွံ့ဖြိုးရေးအထောက်အပံ့နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုရရှိအောင် ကြိုးစားနေသည့်အလျောက် သိသာသောနိုင်ငံရေးပြောင်းလည်းမှုများ တစ်သီတစ်တန်းပြုလုပ်ခဲ့ပြီးနောက် ယခုခြေလှမ်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအပြင်မြန်မာနိုင်ငံအား ကမ္ဘာဘဏ်ကဒေါ်လာ သန်း ၄၄၀ နှင့် ADB ကဒေါ်လာ ၅၁၂ သန်း အသီးသီး အသစ်ပြန်လည်ချေးငှားရန် ကတိပြုလိုက်ပြီးဖြစ်ရာ မြန်မာတို့အနေဖြင့် Japan Bank for Intrernational Cooperation ၏ ပေါင်းကူးချေးငွေကို ပြန်လည်ပေးဆပ်နိုင်ပေလိမ့်မည်။

ကမ္ဘာဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အင်းနက်ဒစ်ဆင်က “မြန်မာနိုင်ငံဟာ သနားစရာပြည်သူတွေရဲ့ ဆင်းရဲတဲ့ ဘဝတွေကို တိုးတက်စေဖို့အတွက် မကြုံစဖူးအပြောင်းအလဲတွေလုပ်ရင်း စီးပွားရေးအသွင်ပြောင်းခရီးရှည်ကိုသွားနေပါတယ်၊ လုပ်စရာတွေကျတာ့အများကြီးကျန်နေပါသေးတယ်၊ မြန်မာ အစိုးရရဲ့ ဆင်းရဲမှုလျော့ချရေး၊ တန်းတူညီမျှ ဖွံ့ဖြိုးရေးအရှိန်မြင့်တည်ဆောက်နေမှုကို ကျွန်မတို့ကူညီပေးဖို့တာဝန်ယူထားပါတယ်” ပြောကြားသည်။

 ------------------------------------------------------------------------------------------------

တရုတ်ကမြန်မာနိုင်ငံမှ ‘ဝ’သူပုန်များအားလက်နက်များပေးပို့သည်သတင်းအားငြင်းဆို

(၂၈ ရက် January 2013 ရက်စွဲပါ VOA News မှ China denies weapons transfers to Burma’s Wa-rebels ကိုဘာသာပြန်သည်။)

ပြီးခဲ့သည်နှစ်က ‘ဝ’စစ်တပ် (UWSA) အား တရုတ်က လက်နက်များလွှဲပြောင်းပေးသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သတ်၍ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ပယ်ချခဲ့ပါသည်။

တရုတ်ပြောခွင့်ရပုဂ္ဂိုလ် GaoMingbo က တနင်္ဂနွေနေ့တွင် သံရုံး၏ဝက်ဆိုဒ်တွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာ တရုတ်သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားအုပ်စုများအပေါ် လက်နက်ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေး ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

ထိုသို့တုံ့ပြန်ခြင်းမှာ ဒီဇင်ဘာလ HIS Jane ၏ Intelligence Review အစီရင်ခံစာတွင် ‘ဝ’တိုင်းရင်းသားသူပုန် များသို့ အဆင့်မြင့်လက်နက်များ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားခဲ့၍ဖြစ်ပါသည်။ အစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် တင့်ကားဖျက်အား မတ်ကား (၁၂)စီး အနည်းဆုံးပါဝင်ကြောင်း ဖော်ပြထားပါသည်။

ပြီးခဲ့သည်အပတ်က အဆိုပါစွပ်စွဲချက်များနှင့်ပတ်သကါ၍ VOA က သတင်းဖော်ပြခဲ့ပြီး Jane ၏ အစီရင်ခံစာရေးသားသူ လုံခြုံရေးဆိုင်ရာသုံးသပ်တင်ပြသူ  Anthony Davis နှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

တရုတ်က ထိုသို့လုပ်ဆောင်လာခြင်းမှာ မြန်မာနိုင်ငံတွင် မတည်ငြိမ်စေရန်ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ မြန်မာစစ်တပ်က ကချင်အား တိုက်ခိုက်သကဲ့သို့ ‘ဝ’ အား တိုက်ခိုက်လာခြင်းမရှိစေရန် ကာကွယ်ခြင်းသာဖြစ်ကြောင်း ၎င်းကပြောပါသည်။

၎င်းအပြင် တရုတ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ သြဇာကျဆင်းလာမှုကို တုန့်ပြန်ခြင်းလည်းဖြစ်နိုင်ကြောင်း ၎င်းကပင် ပြောပါသည်။

တရုတ်၏ကြေငြာချက်တွင် ကာကွယ်ရေးဆိုင်ရာလေ့လာရေးအဖွဲ့၏ စွပ်စွဲချက်များသည် အခြေအမြစ်ခိုင်မာခြင်းမရှိဘဲ မှားယွင်းကြောင်း ဖော်ပြခဲ့ပါသည်။ တရုတ်၏မူဝါဒမှာ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အစဉ်အမြဲလေးစားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကြေညာချက်တွင်စွပ်စွဲမှုအား မီဒီယာကသတင်းဖော်ပြမှုအတွက် မသင့်လျော်ကြောင်းဖော်ပြခဲ့ပြီး၊ မှားယွင်းသောသတင်းများဖော်ပြမှုသည် မြန်မာပြည်သူများနှင့် အခြားနေရာများတွင် အဓိပ္ပါယ်ကောက်ယူမှုမှားယွင်းစေခြင်းနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေကြောင်းဆိုပါသည်။

တရုတ်သံရုံးပြောခွင့်ပုဂ္ဂိုလ် Gao က VOA သို့ အဆိုပါသတင်းနှင့်ပတ်သတ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြသည့် အီးမေးလ်ပေးပို့ခဲ့ပါသည်။ သို့သော်အဆိုပါကိစ္စကို ဖုန်းဖြင့်အင်တာဗျူးပြုလုပ်ခြင်းကို မပြုလုပ်ခဲ့ပေ။

Gao က ပြောကြားရာတွင် တရုတ်သည် ပဋိပက္ခဖြေရှင်းရာတွင် ဆွေးနွေးမှုများအတွက်လည်ကောင်း၊ ငြိမ်းချမ်းရေး မြှင့်တင်ရန်လည်းကောင်း အပြုသဘောဆောင်သောနေရာမှ အမြဲတစေပါဝင်ခဲ့သည်ဟုဆိုပါသည်။    

                                        **********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment