yangonchronicle 2013 |
* | * |
၃၁.၁.၂၀၁၃
နေ့စဉ်ထုတ်သတင်းလွှာ
- ဒီကေဘီအေမှ ရယူခဲ့သောမြေများကိုရွာသားများက ပြန်တောင်းဆို
- အကောက်ခွန်စစ်ဆေးရာတွင် အားနည်းချက်များရှိနေသည်ကိုဖြေရှင်းဆောင်ရွက်ရန် စီစဉ်နေ
- မှတ်ပုံတင်ပြုလုပ်ရေးမိုးပွင့်အဆင့်(၅)စီမံချက် ဧပြီ ၁ ရက်နေ့စတင်မည်
- မြန်မာ့အထည်ချုပ်လုပ်ငန်းသို့ တရုတ်ကစက်ရုံ ၅၀၀ တည်ရန်ကမ်းလှမ်း
- ပင်လုံစာချုပ်အရတိုင်းရင်းသားများအခွင့်အရေးတန်းတူမရသေးကြောင်းတိုင်းရင်းသားပါတီများကကြေညာချက်ထုတ်ပြန်
***********************************************************************************
နေ့စဉ်ထုတ်သတင်းလွှာ
ဒီကေဘီအေမှ ရယူခဲ့သောမြေများကိုရွာသားများက ပြန်တောင်းဆို
ဒီကေဘီအေမှ အဖွဲ့ဝင်များနေထိုင်ရန် ရယူခဲ့သောကရင်ပြည်နယ်၊ ကတိုင်တိကျေးရွာမှမြေများကို တရားဝင်ပြန်လည်ရယူလိုကြောင်း ရွာသားများက ပြန်လည်တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။
လွန်ခဲ့သော ၁၈ နှစ်ကျော်ကလက်နက်နှင့် ငြိမ်းချမ်းရေးလဲရာတွင် ဒီကေဘီအေအဖွဲ့ဝင်များခေတ္တနေထိုင်ရန် အိမ်ဝိုင်းများကို ၃ ရက်အတွင်းဖယ်ခိုင်းသောကြောင့် အိမ်ပိုင်ရှင်များကဖယ်ပေးခဲ့ရကြောင်း၊ လေးနှစ်နှင့် လေးလသာနေထိုင်မည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း ၎င်းတို့ထွက်သွားသောအခါတွင် မူလပိုင်ရှင်များအား ပြန်မအပ်ဘဲလူသစ်များလက်သို့ လွှဲခဲ့ကြောင်း၊ ယခုနေထိုင်သူများမှာဒီကေဘီအေများလက်မှ နားလည်မှုနှင့် လွှဲပြောင်းယူခဲ့ကြသောအရပ်သားများဖြစ်ကြောင်းရွာခံတစ်ဦးကပြောသည်။
ကတိုင်တိကျေးရွာမှာဘားအံမြို့မှ မိုင် ၁၀၀ ကျော်ခန့်ဝေးကွာပြီးအိမ်ခြေ ၈၀ ခန့်ရှိသောရွာကြီးဖြစ်သည်။ ကတိုင်တိ-ဖာပွန် လမ်းမကြီးဘေးက ရွာမြေဧက ၂၀ ကျော်သိမ်းယူသွားခဲ့ပြီးယင်းမြေများနှင့်ပတ်သက်ပြီးအမည်ပေါက်ပြေစာများလည်း ၎င်းတို့အားလုံးလက်ထဲတွင် ရှိကြောင်း၊ မြေများကို ပြန်လည်စီစစ်၍ မူလပိုင်ရှင်လက်ထဲသို့ ပြန်လွှဲပေးရန် ကရင်ပြည်နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတရုံးသို့ ၂၀၁၂ ခုနှစ် မေလတွင်တစ်ကြိမ်၊ စက်တင်ဘာလတွင်တစ်ကြိမ် စာပို့ထားကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းခံရမှု စုံစမ်းရေးကော်မရှင်ကိုလည်းစာတင်ထားကြောင်း၊ သို့သော် စုံစမ်းရေးကိစ္စများကိုလွှတ်တော်ကျင်းပပြီးစီးမှသာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
YC
--------------------------------------------------------------------
အကောက်ခွန်စစ်ဆေးရာတွင် အားနည်းချက်များရှိနေသည်ကိုဖြေရှင်းဆောင်ရွက်ရန် စီစဉ်နေ
ကုန်သွယ်မှုပမာဏများပြားလာသည်နှင့်အမျှ ပစ္စည်းအမျိုးအမည်များလည်းများပြားလာသည့်အတွက် သွင်းကုန်ပစ္စည်းများ တန်ဖိုးဖြတ်သတ်မှတ် ရာတွင် အချိန်ကြန့်ကြာခြင်း၊ ပွင့်လင်းမြင်သာမှုအားနည်းခြင်းကြောင့် ကုန်သည်များအခက်အခဲဖြစ်ပေါ်လျှက်ရှိပြီးအဆိုပါကိစ္စများကိုဖြေရှင်းဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟုသိရသည်။
ထုတ်ကုန် သွင်းကုန်ဌာနမှ တာဝန်ရှိသူတစ်ဦးကယင်းကဲ့သို့ ပြဿနာများအငြင်းပွားမှုများအား မကြာခဏကြုံတွေ့ရကြောင်း၊ ညှိနှိုင်း ဆောင်ရွက်မှုများပြုလုပ်နေပြီး လက်ရှိလုပ်ကိုင်နေသောဝန်ထမ်းအင်အားဖြင့် သတင်းထုတ်ပြန်ပေးရန်၊ ပြည်သူများနှင့် ထိတွေ့နိုင်ရန်နှင့် ခေတ်နှင့် အညီလိုက်လျောညီထွေရှိစေရန် ဥပဒေများလည်း ပြင်ဆင်နေကြောင်း ပြောကြားသည်။
WTO (World Trade Organization) ၏ တန်ဖိုးသတ်မှတ်ခြင်းစနစ်ကို ကူးပြောင်းကျင့်သုံးမည်ဆိုလျှင် တန်ဖိုးဖြတ်ခြင်းကြောင့်ဖြစ်ပေါ်မည့် ပြဿနာများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် အရောင်းအဝယ်ပြုလုပ်သောတန်ဖိုးကိုသာအကောက်ခွန်တန်ဖိုးသတ်မှတ်မည်ဖြစ်ကြောင်း၊ အကောက်ခွန်ဌာနမှ ဆောင်ရွက်ချက်များအားလုံးမှန်သည်ဟုမဆိုလိုကြောင်း၊ လုပ်ရင်းကိုင်ရင်းနှင့် အချို့နေရာများတွင် အားနည်းချက် ချို့ယွင်းချက်များ ရှိသွားခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်ဟုသိရသည်။
လုပ်ငန်းရှင်ကုန်သည်တစ်ဦးကမူ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ရန်မှာ ထင်သလောက်မလွယ်ကူလှကြောင်း၊ အခြားလုပ်ငန်းများ အခွန်ရှောင်နိုင်လျှင် ရှောင်၍ရသော်လည်းပို့ကုန်သွင်းကုန်လုပ်ငန်းမှာမူမဖြစ်မနေအခွန်ဆောင်ရကြောင်း၊အကောက်ခွန်ဝန်ထမ်းများအနေဖြင့် အပြုသဘော ဆောင်သည့် ပုံစံမျိုးစဉ်းစားစေချင်ကြောင်း ပြောကြားသည်။
ကုန်သည်များဘက်မှလည်း လိုအပ်ချက်အနေဖြင့် တန်ဖိုးလျှော့ပြခြင်းများကို မလုပ်သင့်ကြောင်း၊ တန်ဖိုးဖြတ်ခြင်းကိုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တပြေးညီဖြစ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အကောက်ခွန်ပေါင်းစည်းရေးစီမံချက်အနေဖြင့် အကောက်ခွန်နှုန်းကုန်ပစ္စည်း အမျိုးအစားခွဲခြားခြင်း၊ အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်း၊ ပင်ရင်းဒေသစည်းမျဉ်း၊ ကုန်ပစ္စည်း၏ပင်ရင်းနိုင်ငံတွက်ချက်ခြင်း၊ အကောက်ခွန် အီလက်ထရွန်နစ်စနစ် ကျင့်သုံးကာသတင်းနှင့် ဆက်သွယ်ရေးနည်းပညာများကိုအသုံးချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အကောက်ခွန် တာဝန်ရှိသူများထံမှ သိရသည်။
YC
--------------------------------------------------------------------------------------
မှတ်ပုံတင်ပြုလုပ်ရေးမိုးပွင့်အဆင့်(၅)စီမံချက် ဧပြီ ၁ ရက်နေ့စတင်မည်
photo credit - internet
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်(မှတ်ပုံတင်)များ ထုတ်ပေးမည့် မိုးပွင့်အဆင့်(၅) စီမံချက်ကို ၂၀၁၃ ဧပြီလ ၁ ရက်နေ့တွင် ပြန်လည်စတင်ဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်းသိရသည်။
မိုးပွင့်အဆင့်(၅) စီမံချက်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည်နယ်၊ မြို့/ကျေးရွာများသို့ နှစ်လကွင်းဆင်းပြီး နှစ်လမြို့နယ်ရုံးတွင် နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်ကတ်)ပြုလုပ်ပေးမည့် စနစ်ဖြစ်ပြီးသွေးနှောတိုင်းရင်းသားများအတွက် အခြေခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်၍ မြို့နယ်ရုံး များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဦးစီးဌာနမှ နိုင်ငံတကာအလှူရှင်များ၏ ပူးပေါင်းကူညီမှုဖြင့် ၂၀၁၂ ဇွန်လ ၁၁ ရက်နေ့မှစတင်၍ ကရင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသား များ၏ ကိုယ်စီလိုအပ်ချက်အပါအဝင် မှတ်ပုံတင်ကတ်ပြားထုတ်ပေးပြီးအထိ One Stop Service ဖြင့်(အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့်အပြင် ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်၍ နိုင်ငံတကာရှိအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းကူညီမှုဖြင့် ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးတို့တွင်လည်း One Stop Service ဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ၂၀၁၁ ဂျုလိုင် ၁ ရက်နေ့မှစတင်၍ နိုင်ငံသားများအားမှတ်ပုံတင်ပြုလုပ်ပေးရာတွင် ဖြေလျော့မှုများအဖြစ် အများဆုံး ၂၈ ရက်အချိန်ယူ၍ ကတ်အသစ်ပြုလုပ်မှု ခြောက်ကျပ်၊ လဲလှယ်မှု သုံးကျပ်၊ မိတ္တူပြုလုပ်မှု ၁၀ ကျပ်နှင့် အိမ်ထောင်စုစာရင်း(နေ့ချင်းပြီးအခမဲ့) ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ပြုလုပ်လိုသူများအနေဖြင့် ဓာတ်ပုံသုံးပုံ၊ သွေးစစ်ချက်၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မိဘနှစ်ပါး၏ ကိုင်ဆောင်လက်မှတ်မိတ္တူ၊ ရဲစခန်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်တို့နှင့်အတူသက်ဆိုင်ရာမြို့နယ်ရုံးများတွင် လာရောက် လျှောက်ထားနိုင်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဂျူလိုင် ၁ ရက်နေ့မှ ၂၀၁၃ ဇန်နဝါရီလ ၁၅ ရက်နေ့အထိတစ်နိုင်ငံလုံးတွင် နိုင်ငံသားစိစစ်ရေးကတ်စုစုပေါင်း ၃၀၇၉၀၉၄ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
YC
-----------------------------------------------------------------------------------------------------------------
မြန်မာ့အထည်ချုပ်လုပ်ငန်းသို့ တရုတ်ကစက်ရုံ ၅၀၀ တည်ရန်ကမ်းလှမ်း
မြန်မာ့အထည်ချုပ်လုပ်ငန်း (CMP)တွင် တရုတ်ကအထည်ချုပ်စက်ရုံ ၅၀၀ ခန့် တည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းသောကြောင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
တရုတ်တို့ဘက်မှ ဖြစ်နိုင်ပါကယခုပင် လာရောက်တည်ဆောက်လိုကြောင်း၊ သို့သော် ၃ နှစ်စာအတွက် အလုပ်သမားလစာနှင့် မြန်မာနိုင်ငံတွင် ရရှိနိုင်သည့် အလုပ်သမားအရေအတွက်ကိုတွက်ချက်စေလိုကြောင်း၊ လတ်တလောတွင် မြန်မာလုပ်သားများ၏ လစာအတည်တကျမရှိသေးသောကြောင့် ၃ နှစ်စာတွက်ချက်ရန် ခက်ခဲနေကြောင်း၊ ထို့ကြောင့် အချိန်ယူရဦးမည်ဖြစ်ကြောင်းအထည်ချုပ်လုပ်ငန်းမှ တာဝန်ရှိသူလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံပါကအလုပ်သမားငါးသိန်းခန့် အလုပ်အကိုငဖဖ်များရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်ပမှ အော်ဒါများစွာ မှာယူလိုသော်လည်း မြန်မာ့အထည်ချုပ်လုပ်ငန်းရှိစက်ရုံများမှာအလွန်နည်းပါးနေသောကြောင့် အော်ဒါများကိုလက်မခံနိုင်ကြောင်း၊ အထည်ချုပ်လုပ်ငန်းမှာအချိန်နှင့်တပြေးညီလုပ်ရသောလုပ်ငန်းဖြစ်ပြီး နွေရာသီအတွက် မှာထားသောအထည်များဆောင်းရာသီမှ ရောက်သွားပါက လက်မခံတော့ဘဲ အရှုံးပေါ်မည်ဖြစ်ကြောင်း၊ အထည်များတင်ပို့ရာတွင် ရေကြောင်းခရီးဖြင့်သာ နိုင်ငံများကိုပတ်၍ပို့ရသောကြောင့် အချိန်အတိုင်းအတာတစ်ခုပေးရကြောင်း၊ လေယာဉ်ဖြင့်ပို့လျှင်မူစရိတ်စကအလွန်ကြီးမားသောကြောင့် အမြတ်ကျန်မည်မဟုတ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။
YC
--------------------------------------------------------------------------------------------------
ပင်လုံစာချုပ်အရတိုင်းရင်းသားများအခွင့်အရေးတန်းတူမရသေးကြောင်းတိုင်းရင်းသားပါတီများကကြေညာချက်ထုတ်ပြန်
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သောပင်လုံစာချုပ်အရတိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများ အပြည့်အဝ မရရှိသေးကြောင်း တိုင်းရင်းသားပါတီများက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်မှာရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားအခွင့်အရေးများ တန်းတူရရှိရေးအတွက် လူမျိုးပေါင်းစုံပါဝင်သည့် ညီလာခံတစ်ရပ်အားယခုနှစ် မတ်လပထမအပတ်တွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး နိုင်ငံတော်အစိုးအဖွဲ့အားတောင်းဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးသွားမည်ဟုသိရသည်။
လက်ရှိကချင်နှင့် ဖြစ်ပွားနေသောစစ်ပွဲမှာလည်းတိုင်းပြည်အုပ်ချုပ်ရေးကိုတာဝန်ယူခဲ့သောအစိုးရအဆက်ဆက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးစုများအကြား လေးစားယုံကြည်မှုမရှိခဲ့ခြင်း၏ အကျိုးဆက်ဖြစ်၍ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်သေးခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင်း စစ်ပွဲများကိုရပ်တန့်နိုင်ရန်အတွက် အစိုးရမှ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
YC
*************************************************************************