Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ကေအိုင်အိုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ ကူညီမှုအသိအမှတ်ပြု
  2.  ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက်ဂိတ်များတွင် ဆိုက်ရောက်ဗီဇာပေးရန်စီစဉ်
  3. စီးပွားရေး အချက်အခြာကျသော မြို့များတွင် ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်းများ တည်ဆောင်မည်
  4. ဂျပန်နိုင်ငံမှ သီလဝါအထူးစီးပွားရေှးဇုန်သို့ MRT ရထားပြေးဆွဲရန်ကူညီမည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ကေအိုင်အိုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ ကူညီမှုအသိအမှတ်ပြု

ကေအိုင်အိုနှင့် အစိုးရကြားငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အတွက် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကူညီလုပ်ဆောင်နေမှုကို အသိအမှတ်ပြုကြိုဆိုကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နေ့စွဲဖြင့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် (၆/၂၀၁၃) ကို ည ၈ နာရီတွင်နိုင်ငံပိုင် ရုပ်သံများမှ ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ပဋိပက္ခများ ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးနိုင်ရန် အတွက် ကြိုးပမ်း ကူညီနေမှုများကို အသိအမှတ်ပြု ကြိုဆိုကြောင်းနှင့် ကေအိုင်အေနှင့်လည်း ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကေအိုင်အေ အနေဖြင့်လည်း တပ်မတော်မှထိုးစစ်ဆင်ခြင်းများ ရပ်ဆိုင်းပါက မိမိတို့အနေဖြင့် စစ်ရေးလှုပ်ရှားမှု ကိုပြုလုပ်မည် မဟုတ်ကြောင်း၊ နိုင်ငံရေး ပြသာနာများကို ဆွေးနွေးခြင်ဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများကို အကူအညီ တောင်းခံသွားမည်ဖြစ်ကြောင်း စသည့် ကေအိုင်အေ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ သတင်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ကြိုဆို ကြောင်းပြန်လည် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ အနေဖြင့်လည်း ကေအိုင်အိုနှင့် အစိုးရအကြား တွေဆုံဆွေးနွေးနိုင်ရန် အတွက် ၎င်းတို့ရဲ့ဒေသဖြစ်သည့် ပန်းဆန်းမြို့တွင်ဆွေးနွေးရန် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

YC

----------------------------------------------------------------

 ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက်ဂိတ်များတွင် ဆိုက်ရောက်ဗီဇာပေးရန်စီစဉ်

photo:Internet

ကမ္ဘာလှည့်ခရီးသွားများအတွက် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ်နယ်စပ်ဂိတ် များကိုတရားဝင်ဂိတ်များ အ ဖြစ် ဆောင်ရွက်ကာ ဆိုက်ရောက်ဗီဇာအဖြစ် ဝင်ထွက်နိုင်ရန်စီစဉ်လျက် ရှိကြောင်းလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားကြောင်းသိရသည်။

အဆိုပါဝင်ပေါက်များမှ ဝင်ရောက်လာသူ နိုင်ငံခြားခရီးသွားများအနေဖြင့် မိမိအဆင်ပြေလွယ်ကူရာ ဂိတ်များမှ ပြန်လည် ထွက်ခွာနိုင်ကြောင်း၊ e - visa စနစ်ကိုလည်း ဘဏ်များနှင့် ချိတ်ဆက် အကောင်အထည်ဖော်ညှိနှိုင်း ဆောင်ရွက် နေကြောင်းနှင့် ဝက်ဘ်ဆိုက် ထုတ်လွှင့်ရန်သာ ကျန်ရှိတော့ ကြောင်းကို ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားသားများ နှစ်ရှည်နေထိုင်ခွင့် PR (Permit Resident) ကို သတ်မှတ်ချက် လေးချက် ဖြစ်သည့် နိုင်ငံတကာမှ အသိပညာရှင်၊ အတက်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံသားဟောင်းများ၊ နိုင်ငံနှင့်သွေးစပ်သူများ စသည့်အချက်များနှင့် ကိုက်ညီသူများကို လပိုင်း အတွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဧည့်သည်များသည် ရေကြောင်းနှင့် နယ်စပ်ဒေသဝင်ပေါက်ဂိတ် ၂၆ ခုနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ နေ့စဉ် ခရီးသည် ၃၀၀၀ ခန့်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

YC

---------------------------------------------------------

စီးပွားရေး အချက်အခြာကျသော မြို့များတွင် ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်းများ တည်ဆောင်မည်

နိုင်ငံတကာမှ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ရေကြောင်းခရီးသာမက ကုန်းလမ်းများတွင်ပါ အဆင်ပြေ ရန်အတွက် ကုန်းတွင်းကုန် သတ္တာဆိပ်ကမ်း Dry Port များကို အချက်အခြာနေရာကျသည့်မြို့ကြီး ရှစ်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ကုန်းတွင်းကုန်သတ္တာ ဆိပ်ကမ်းဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။

ကုန်းတွင်းဆိပ်ကမ်းဆိုသည်မှာ ပင်လယ်ဆိပ်ကမ်းကဲ့သို ကုန်သတ္တာများကို တင်၊ ချ၊ သိုလှောင်ကာ သက်ဆိုင်ရာ နေရာများသို့ ပြန်လည် ပို့ဆောင်ပေးရကြောင်း၊ ကွာခြားသွားတာက သင်္ဘောအစား မီးရထားနှင့် ကားများသာကွာခြားခြင်း ဖြစ်ကြောင်း၊ အဆိုပါကုန်းတွင်း ကုန်သတ္တာ ဆိပ်ကမ်း များ တည်ဆောက်ပြီးပါက အာရှအဝေးပြေးကားလမ်းနှင့် ရထားလမ်း ကွန်ယက်များမှ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း ဆွေနွေးပွဲသို့ တက်ရောက်လာသူ တစ်ဦးက ပြောကြားသည်။

ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်း တည်ဆောက်ရန် ရွေးချယ်ထားသည့် မြို့ကြီး ရှစ် မြို့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တမှုး၊ မူဆယ်၊ ပြည်၊ ပဲခူးနှင့် မုံရွာတို့ဖြစ်ကာ ဆောက်လုပ်ရန်နေရာများကို ရွေးချယ်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထိုင်နိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသည့် ကုန်းတွင်းကုန်သတ္တာဆိပ်ကမ်းဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံ တွင်ကုန်းတွင်း ကုန်သတ္တာ ဆိပ်ကမ်းများ အကောင်အထည် ဖော်ရန်အတွက် အဆိုပါ နေရာများကိုအဆိုပြုတင်သွင်းခဲ့ကြောင်း သိရသည်။

YC

----------------------------------------------------------------

ဂျပန်နိုင်ငံမှ သီလဝါအထူးစီးပွားရေှးဇုန်သို့ MRT ရထားပြေးဆွဲရန်ကူညီမည်

photo:Internet

သီလဝါ အထူးစီးပွားရေးဇုန်သို့ ၂၀၁၅ ခုနှစ်အတွင်း MRT မြို့ပတ်ရထားလိုင်း ၅ လိုင်းပြေးဆွဲရန်အတွက် ငွေကြေးနှင့် နည်းပညာ အကူအညီများ ကို ဂျပန်နိုင်ငံမှ ကူညီမည်ဖြစ်ကြောင်းကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများကို အဆင့်လိုက် ဒီဇိုင်းများ ရေးဆွဲ ခြင်း၊ လေ့လာတိုင်းတာခြင်းနှင့် ပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ သီလဝါအထူး စီးပွားရေးဇုန်သို့ ၂၀၁၅ ခုနှစ်တွင် MRT ရထားလိုင်းများတည် ဆောက်နိုင်ရန်၊ ဘတ်စ်ကားဂိတ်များနှင့်လည်းကွန်ယက်များ သဖွယ်သွားလာနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်နှင့် မော်လမြိုင်ခရီးစဉ်အတွက် တစ်ဦးလျင်ငွေကျပ် ၆၀၀၀ သာကုန်ကျမည့် တစ်နိုင်ရီ ကီလိုမီတာ ၅၈၀ နှုန်းဖြင့် ပြေးဆွဲနိုင်သည့် ကျည်ဆန်ရထားလမ်းကို ထိုင်းနိုင်ငံမု လုပ်ငန်းရှင်များကလုပ်ကိုင်နိုင်ရန် လာရောက်ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင်မြို့ပတ်ရထားအစင်း ၂၀၀ အဆိုင်း ၂၁ ဆိုင်းဖြင့် မြို့ပတ်စီးနင်းသည့် ခရီးသည် တစ်သိန်းဝန်းကျင်ခန့် ပြေးဆွဲလျက် ရှိကြောင်း ရန်ကုန်ဘူတာကြီး၏ တရားဝင်စာရင်းများအရသိရသည်။

YC

 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment