Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၄.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. KIO အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အချိန်မရွေးလာရောက်နိုင်ကြောင်း တပ်မတော်ကာချုပ်ပြောကြား
  2. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေထွက်ရှိပြီးဖြစ်သော်လည်း ပြင်ဆင်ရန်လိုအပ်
  3. နိုင်ငံတော်လုံခြုံရေးမှအပ ကျန်သတင်းအချက်အလက်များ ထုတ်ပြန်ကြေညာမည်
  4. တိုက်ပွဲများ ပြန်လည်သုံးသပ်ရေး အခမ်းနား KIA ပြုလုပ်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

KIO အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အချိန်မရွေးလာရောက်နိုင်ကြောင်း တပ်မတော်ကာချုပ်ပြောကြား

ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင် (၁၁) ဖွဲ့အနက် (၁၀) ဖွဲ့နှင့် ဒုတိယအဆင့်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူညီမှုရရှိခဲ့ပြီး လက်ရှိတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)အနေဖြင့်လည်း အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုပါက အချိန်မရွေးလာရောက် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းခန်းမ၌ပြုလုပ်ကျင်းပခဲ့သော နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ တပ်နယ်ခြောက်ခုရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ တပ်မတော်အနေဖြင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်လျက်ရှိသည့် ပြည်ပအန္တရာယ်၊ ပြည်တွင်းရောင်စုံ လက်နက်ကိုင်သောင်းကျန်းသူများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားများအား တိုက်ခိုက်ခြင်းမပာုတ်ကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ သွားနေပြီဖြစ်သည့်အတွက် အယူဝါဒများကွဲပြားစရာမရှိတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိပြီးသောဒေသများတွင် ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များအား ဖြည့်ဆည်းပေးနိုင်ရန် နယ်လှည့်အထူးကုဆေးအဖွဲ့များစေလွှတ်၍ တက်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက် နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် သဘောတူညီချက်အပါအဝင် နှစ်ဖက်သဘောတူညီချက်(၅)ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

YC

                                                    -------------------------------------------------------------------------------------------

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေထွက်ရှိပြီးဖြစ်သော်လည်း ပြင်ဆင်ရန်လိုအပ်

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်မှအတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို ထပ်မံထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတော်အနေဖြင့် စီးပွားရေးဆိုင်ရာဖြေလျှော့မှုများကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထုတ်ပြန်လိုက်သည့်အတွက် ယခင်ထက် ပိုမိုပွင့်လင်းမြင်သာမှုရှိလာနိုင်သော်လည်း တည်ငြိမ်သော ဈေးကွက်ပတ်ဝန်းကျင်(Stable Investment Climate)ဖြစ်ပေါ်လာနိုင်ရန် ကုန်သွယ်ရေးနှင့် ပတ်သက်သောမူဝါဒများ၊ Custom Procedure စသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်များကို ဖြေလျော့ပေးခြင်း၊ ပြင်ဆင်ခြင်းများကို အချိန်ယူ၍ ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော အခြေခံအဆောက်အဦနှင့် လုပ်ငန်းရှင်ကြီးများ မျှော်လင့်နေသော Special Econimic Zone များ မရှိသေးကြောင်း သိရသည်။ ထိုသို့ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိသေးသည့်အတွက် အသေးစားရင်းနှီးမြှုပ်နှံမှုများသာ လုပ်ကိုင်ရမည့်အခြေအနေတွင်ရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသည် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နှိုင်းယှဉ်ကြည့်ပါက ကွဲပြားချက် များစွာရှိနေသေးကြောင်း သိရသည်။

YC

                       -------------------------------------------------------------------------------------------

နိုင်ငံတော်လုံခြုံရေးမှအပ ကျန်သတင်းအချက်အလက်များ ထုတ်ပြန်ကြေညာမည်

ဌာနဆိုင်ရာအသီးသီးတွင် လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော E-Government စနစ်ဖြင့် နိုင်ငံတော်နှင့် ပြည်သူများအကြား ပွင့်လင်း မြင်သာမှုရှိစေရန် နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များကို အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ ဦးဥာဏ်ထွန်းက e-government ဖွံ့ဖြိုးတိုးတက်ရေးအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ e-government စနစ်သည် ဝန်ကြီးဌာနအသီးသီး၏ ဝက်ဆိုဒ်များမှတစ်ဆင့် ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကိုလည်း များစွာအထောက်အကူ ပြုနိုင်စေမည် ဖြစ်ကြောင်း သိရသည်။

သို့သော် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အချို့ဝန်ကြီးဌာနများတွင် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ခြင်း မရှိသေးသည့်အတွက် ယင်းကိစ္စအား ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါ e-government စနစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက အီလက်ထရွန်နစ်နှင့် သက်ဆိုင်သည့် အခွန်ကောက်ခံခြင်း၊ နိုင်ငံသားမှတ်ပုံတင် ဆောင်ရွက်ခြင်းတို့ကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၌ e–government စနစ်အား အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများစာရင်းတွင် စင်ကာပူနိုင်ငံက အဆင့် (၁) တွင်ရှိနေပြီး မြန်မာနိုင်ငံက အဆင့်(၁၀) နေရာတွင် ရှိနေကြောင်း နိုင်ငံတကာစာရင်းပြုစုချက်များအရ သိရသည်။

 YC

                                        -----------------------------------------------------------------------------------------------------------------

တိုက်ပွဲများ ပြန်လည်သုံးသပ်ရေး အခမ်းနား KIA ပြုလုပ်

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့၏ ဖြစ်ပွားခဲ့သော တိုက်ပွဲများ ပြန်လည်သုံးသပ်ရေးအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် KIA ဗပာိုဌာနချုပ်အနီးရှိ လဝါယန်စခန်း၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲများပြန်လည်သုံးသပ်ရေး အခမ်းအနားကျင်းပရခြင်းမှာ KIA အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ တပ်မတော်တို့အကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းစ ဖြစ်ပေါ်လာနိုင်စေရန် တိုင်းရင်းသားအားလုံးကိုယ်စား အနစ်နာခံတိုက်ခိုက်ပေးခဲ့ပြီး ယခုအခါ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်တစ်ခု ပေါ်ပေါက်လာသည့်အတွက်ကြောင့် ပြည်တွင်းတိုက်ပွဲများအဆုံးသတ်နိုင်ရေးအတွက် ယခုကဲ့သို့ကျင်းပရခြင်း ဖြစ်ကြောင်း ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ဂေါင်က ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်သူ KIA တပ်မှူးများက အဖွဲ့မှ ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်များကို အပြည့်အဝယုံကြည်မှုရှိပြီး မပြီးဆုံးသေးသည့် တာဝန်များကို စိတ်ဓါတ်ခိုင်မာစွာဖြင့် ဆက်လက်တိုက်ပွဲသွားကြမည်ဖြစ်ကြောင်း တစ်ညီတစ်ညွှတ်တည်း ပြောကြားခဲ့သည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIA တို့သည် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှု အရှိန်လျှော့ချနိုင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ် နိုင်ငံရွှေလီမြို့၌် တရုတ်အစိုးရ၏ ကြားဝင်ဖြန်ဖြေမှုဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန်အချက်အပါအဝင် နှစ်ဖက်သဘောတူညီချက်(၅)ချက်ကို ရရှိခဲ့သည်။

YC

                                  *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment