Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၅.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးအား ရာထူးမှနုတ်ထွက်ခွင့်ပြု၍ ဧရာဝတီတိုင်းဝန်ကြီးတစ်ဦးနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်နှစ်ဦး ခန့်အပ်
  2. ကျောင်းပြင်ပမူလတန်းပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်တော့မည်
  3. ပထမပင်လုံ၏ မူဝါဒများအတိုင်း ဆက်သွားမည်ပာု RCSS မှ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ပြောကြား

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးအား ရာထူးမှနုတ်ထွက်ခွင့်ပြု၍ ဧရာဝတီတိုင်းဝန်ကြီးတစ်ဦးနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်နှစ်ဦး ခန့်အပ်

နိုင်ငံတော်သမ္မတရုံးမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးအား နုတ်ထွက်ခွင့်ပြု၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးသစ်တစ်ဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်နှစ်ဦးအား ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်စိုးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၆၃ နှင့် တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ပါပြဋ္ဌာန်းချက်များအရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် တိုင်းဒေသကြီးရာထူးမှနုတ်ထွက်ခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ်(၉/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ နုတ်ထွက်သွားသည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးလစ်လပ်နေရာတွင်  အသစ်ပြန်လည်ခန့်အပ်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး(သို့) ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၁၀/၂၀၁၃)ကိုထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၂)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးမန်းမောင်မောင်ညာဏ်၊ ဦးငွန်မောင်း တို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များအဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၈/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

YC

              ************************************************

ကျောင်းပြင်ပမူလတန်းပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်တော့မည်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားလာနိုင်စေရန် ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် ပြင်ပအလှူရှင်တို့မှ ပူးပေါင်း၍ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားနိုင်ခြင်းမရှိသည့် ကလေးများအတွက် ကျောင်းပြင်ပမူလတန်းပညာသင်ကြားရေးအစီအစဉ်ကို လက်ရှိ ဘဏ္ဍာနှစ်မှစတင်၍ မြို့နယ်(၇၀)ကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စည်းဝေးပွဲတွင် ကျောင်းပြင်ပမူလတန်းပညာရေးနှင့်ပတ်သက်၍ လုပ်ငန်းသဘောတရားများနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပညာသင်ယူရန် အခက်အခဲရှိနေသည့် ကလေးများအား ပညာသင်ယူနိုင်ခွင့် ရရှိနိုင်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်သွားရန် ပညာရေးနိုင်ငံအဆင့် ညှိနှိုင်းရေးမှူး ဦးတင်ညိုက ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းပြင်ပမူလတန်းပညာ သင်ကြားရေးအစီအစဉ်ဆောင်ရွက်နိုင်ရန် သင်တန်းသား ကလေးစာရင်းကောက်ယူရေး၊ အခြေစိုက်စခန်းများ သတ်မှတ်ရေး၊ မြို့နယ်ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများရွေးချယ်ရေး လုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့သည်။

YC

***************************************************

ပထမပင်လုံ၏ မူဝါဒများအတိုင်း ဆက်သွားမည်ပာု RCSS မှ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ပြောကြား

                ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်နယ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(RCSS) အနေဖြင့် ဒုတိယပင်လုံ ညီလာခံကျင်းပမည့်အပေါ် ယုံကြည်မှုမရှိဘဲ ယခင်ဗိုလ်ချုပ်အောင်ဆန်း စုစည်းခဲ့သည့် ပထမပင်လုံညီလာခံ၏ မူဝါဒများကို ဆက်လက်ကိုင်စွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ပွဲဖြစ်ပွားနေမှုများ လုံးဝရပ်ဆိုင်းရေးအတွက် ပြည်ထောင်စုတိုင်ရင်းသား ညီအစ်ကိုများပါဝင်သော ဒုတိယပင်လုံ ညီလာခံအား ကျင်းပသွားမည်ပာု ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးသမားများက တညီတညွှတ်တည်း ယုံကြည်လျက် ရှိကြောင်း သိရသည်။

၁၉၄၇ ခုနှစ်၌ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် ပထမပင်လုံညီလာခံတွင် ရှမ်းပြည်နယ်၏ အချုပ်အခြာအာဏာနှင့် ရပိုင်ခွင့်တစ်ချို့ ဆုံးရှုံးခဲ့ရပြီး ဒုတိယညီလာခံကျင်းပမည်ဆိုပါက ကျန်ရှိသည့် ရပိုင်ခွင့်များပါ ဆက်လက်ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် ပထမပင်လုံညီလာခံမူဝါဒများကိုသာ ဆက်လက်ကိုင်စွဲရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားပါတီများအနေဖြင့်လည်း ဒုတိယပင်လုံညီလာခံ ကျင်းပမည်ဆိုပါက ပထမပင်လုံညီလာခံ မှ အချက်အလက်များကို ပြန်လည်ဖော်ထုတ်၍ လိုအပ်ချက်များကို ထပ်မံဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

ပထမပင်လုံညီလာခံတွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များမှ ချမှတ်ခဲ့သောမူဝါဒများ၊ အချက်အလက်များသည်သာ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ခိုင်မာသော အုတ်မြစ် ဖြစ်သည်ဟု ချင်းလက်နက်ကိုင်တပ်ဖွဲ့၏ CNF အဓိပတိကောင်စီ Supreme Council မှ ဆလိုင်းကစ်ခေါ်လျန် ကပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတော်အစိုးရသစ်မှ ကြီးမှူး၍ ပြည်ထောင်စုတိုင်းရင်းသားများအားလုံးပါဝင်သော ပင်လုံညီလာခံကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment