CURRENT NEWS |
ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်
- နိုင်ငံတကာအဖွဲ့အစည်းများတက်ရောက်မှသာ ပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမည်
- ဝန်ကြီးဌာနများ၏ အဆင့်မြင့်ရာထူးနေရာများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့်သာ ခန့်ရမည်
- သင်္ကြန်မတိုင်မီ နိုင်ငံရေးအကျဉ်းသားစာရင်း ပေါ်ထွက်လာနိုင်မည်
- ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ရန် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများစတင်ရွေးချယ်
နိုင်ငံတကာအဖွဲ့အစည်းများတက်ရောက်မှသာ ပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမည်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ ဧပြီ ၁၀ ရက်နေ့ မတိုင်မီကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံတကာအဖွဲ့အစည်းများတက်ရောက်မှသာ ပြည်တွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း KIO မှ ပြန်လည်အကြောင်းကြားခဲ့ကြောင်း သိရသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့၏ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIO မှ သက်သေအဖြစ်ခေါ်ယူထားသည့် တရုတ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်မှုများ ရှိနေသည့်အတွက် နောင်ကျင်းပမည့် KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြည်တွင်း၌သာကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ကမ်းလှမ်းခဲ့ခြင်းအပေါ် KIO မှယခုကဲ့သို့ ပြန်လည်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရာတွင် တက်ရောက်ရန် KIO မှ ဖိတ်ကြားမှုမှာ ပြည်တွင်းရှိတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနှင့် ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မပြီးပြတ်သည့်ကိစ္စရပ်များအားဆက်လက်ဆွေးနွေးရန် တရုတ်နိုင်ငံမှ ဖိအားပေးမှုများ ပြုလုပ်ခဲ့သည့်အတွက် နောက်နေ့ နံနက် ၁ နာရီထိတိုင် ဆွေးနွေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်၏ဖိအားပေးမှု များစွာပါဝင်နေပြီး အခြားစွက်ဖက်မှုများကို တရုတ်နိုင်ငံနှင့် သံတမန်ရေးရာအရ ပြောကြားရန် မသင့်တော်သည့်အတွက် ပြောကြားနိုင်ခြင်းမရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးက ပြောကြားသည်။
အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIO) တို့၏ နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း သိရသည်။
YC
ဝန်ကြီးဌာနများ၏အဆင့်မြင့်ရာထူးနေရာများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့်သာ ခန့်ရမည်
ဝန်ကြီးဌာနအသီးသီးတွင် လိုအပ်ချက်အရ ခန့်အပ်ရမည့် အဆင့်မြင့်ရာထူးနေရာများကို ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်များဖြင့်သာ ခန့်အပ်ရတော့မည်ဖြစ်ကြောင်း သိရသည်။
ယခင် ဝန်ကြီးဌာနများတွင် အဆင့်မြင့်ပိုင်းရာထူးနေရာများအတွက် လိုအပ်ချက်များဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဝန်ကြီးဌာနရှိ အကြီးအကဲများမှ မိမိတို့နှင့်နီးစပ်သော တပ်မတော်အရာရှိများကို တိုက်ရိုက်ခန့်အပ် လေ့ရှိသော်လည်း ယခုအခါ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးစီမံချက်များအရ ဝန်ကြီးဌာနများ၏ အဆင့်မြင့်ရာထူးနေရာများအတွက် ဥပဒေအရ ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံဝန်ထမ်းဥပဒေတွင် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးများသည် ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစား အလိုက်သတ်မှတ်သည့် စတင်ခန့်ရထူးများအတွက် ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ဝန်ထမ်းများကိုသာ ခန့်ထားရမည်ဖြစ်သည့်အပြင် ခန့်ထားသည့် ရာထူးနေရာများအတွက်လည်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့် ဝန်ကြီးဌာန အချို့မှ အစိုးရအဆင့်မြင့် အရာရှိများနှင့် ညွှန်ကြားရေးမှူးချုပ်အချို့တို့ကို ရာထူးပြောင်းလဲခြင်းနှင့် ဌာနပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးအပါအဝင် အဆင့်မြင့်အရာရှိအချို့အား အနားပေးခြင်းများနှင့် ပင်စင်ပေးခြင်းများကို ပြုလုပ်ခဲ့ပြီး စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေး ဌာနတို့မှ ညွှန်ကြားရေးမှူး ၆ ဦးအား အလုပ်သမား ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ ခန့်ထားခဲ့ကြောင်း သိရသည်။
YC
သင်္ကြန်မတိုင်မီ နိုင်ငံရေးအကျဉ်းသားစာရင်း ပေါ်ထွက်လာနိုင်မည်
၂၀၁၃ မတ်လ ၃၁ ရက်နေ့က နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးလှမောင်ရွှေနှင့် ဦးညိုအုန်းမြင့်တို့ တွေ့ဆုံခဲ့မှုများအပေါ်အခြေခံ၍ သင်္ကြန်မတိုင်မီကာလအတွင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စာရင်း ပေါ်ထွက်လာနိုင်ဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားခဲ့ ကြောင်း သိရသည်။
ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ကောက်ခံရရှိထားသည့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများစာရင်းတွင် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းတင်ပြထားသော စာရင်းပါလူအချို့ ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့်အတွက် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အဖွဲ့အစည်းမှစာရင်းနှင့် နိုင်ကျဉ်းစိစစ်ရေးကော်မတီမှကောက်ခံရရှိထားသည့် ကျန်ရှိနိုင်ငံရေး အကျဉ်းသား စာရင်းမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် အယောက် ၁၀၀ ခန့် ကွာဟလျက်ရှိနေကြောင်း တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ နိုင်ကျဉ်းဟောင်းအဖွဲ့မှ ကိုတင်မောင်ဦးက ပြောကြားခဲ့သည်။
သို့သော်အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ လုပ်ဆောင်ရမည့် ဆုံးဖြတ် ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့်အချက်များရှိသော်လည်း ထုတ်ပြန်ပြောဆိုရန် ကန့်သတ်ထားသောကြောင့် ပြောဆိုခွင့်မရှိကြောင်း တွေ့ဆုံမှုတွင်ပါဝင်ခဲ့သည့် ကိုညိုထွန်းမှ ပြောကြားခဲ့သည်။
မတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည်ဟုယုံကြည်၍ဖြစ်စေ၊ နိုင်ငံသားများ နစ်နာဆုံးရှုံးနေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ် ချမှတ်ခံရသူများ၊ အထက်ပါ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အစိုးရ တစ်ရပ်ရပ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်က နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူများသည် နိုင်ငံရေးအကျဉ်းသား များဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် လက်ရှိ အကျဉ်းထောင်အတွင်း ကျန်ရှိနေသေးသည့် အကျဉ်းသားစုစုပေါင်းအရေအတွက်မှာ ၂၄၀ ဦးခန့်ရှိနေကြောင်း ဖော်ပြထားသည်။
ယင်းမတိုင်မီ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား များ စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
YC
၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ရန် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများစတင်ရွေးချယ်
လွှတ်တော်တွင်း အင်အားအကြီးဆုံးပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှ လာမည့် ၂၀၁၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းမျုားအား စတင်ရွေးချယ်နေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရွေးချယ်ရာတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များကို ၂၀၁၅ ရွေးကောက်ပွဲတွင် ဆက်လက် အရွေးခံလိုခြင်း ရှိ၊ မရှိကို ဆန္ဒသဘောထားတောင်းခံထားပြီး ပြည်သူလူထုအကျိုးကို စေတနာအပြည့်ဖြင့် စွမ်းဆောင်ပေးနိုင်သူ များ ပြည်သူနှင့် ဆက်ဆံရေးအဆင်ပြေမည့်သူများအား အဓိကဦးစားပေး၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်သည့်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ရေတို၊ ရေရှည် စီမံချက်များ ချမှတ်၍ လုထူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည့် တောင်ဥက္ကလာပ မြို့နယ်တွင် နွေရာသီ ရေအခက်အခဲမရှိစေရန် ရေတွင်းများတူးပေးခြင်း၊ စာသင်ကျောင်းအချို့ ပြန်လည်ဆောက်လုပ် ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ကျောက်တန်းဒေသ၌ ၁၆ ခုတင်ဆံ တိုက်နယ် ဆေးရုံ အဆောက်အဦးတစ်ခုကို ပြည်သူလူထုနှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ လှူဒါန်းငွေနှစ်ရပ်ဖြင့် စုပေါင်းဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောကြားခဲ့ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် အငြင်းပွားဖွယ် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး မဲဆန္ဒနယ် ၁,၁၅၄ နေရာအနက် ပြည်ခိုင်ဖြိုးပါတီမှ ၈၈၂ နေရာ အနိုင်ရရှိကာ လွှတ်တော်တွင်း အင်အားအကြီးဆုံးပါတီတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအနက် ပြည်ခိုင်ဖြိုးပါတီမှ မဲဆန္ဒနယ်တစ်နေရာတွင်သာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
YC