Quote & Comment and News in brief |
“အစီရင်ခံစာမှာ ပြန်လည်နေရာချထားရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ နောက်ခံသမိုင်းကြောင်းတွေကို စိစစ်တင်ပြ မယ်လို့ထင်ပါတယ်။ အခု မိုးတွင်းရောက် တော့မယ်။ ပေါက်တောနဲ့ မြေပုံမှာရှိတဲ့ကျွန်တော်တို့ ဒုက္ခသည်တွေအတွက် မိုးဒဏ် ခံနိုင်တဲ့နေရာမရသေးပါဘူး။ အစီရင်ခံစာကို စောင့်နေရပါတယ်။”
ဧပြီလ ၅ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၇) တွင်ပါရှိသော “ရခိုင်ပြည်စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ နောက်ကျသဖြင့် ဝေဖန်မှုများထွက်ပေါ်” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဘူးသီး တောင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ပဲခူးမှာဖြစ်တာတွေက ဒီဘက်ကကူးတာမဟုတ်ဘူး။ ဟိုဘက်ကဝင်လာတာ။ ရခိုင်ဘက်ကနေ ဝင်လာတာ။ မော်လမြိုင် ဘက်ကနေ ပြီးတော့ရခိုင်ဘက်ကိုသွားတရားဟောတဲ့ ၉၆၉ အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက ဝင်လာပြီးတော့ ပြည်မှာဝင် တွေ့တယ်။ ပြည်ကလက်မခံဘူး။ လက်မခံတဲ့အခါမှာ ကားနဲ့ဆင်းသွားတဲ့အခါ တောက်လျှောက်အဲဒီမြို့တွေမှာ တွေ့တွေ့ သွားတာပေါ့။ ရခိုင်ဘက်ကကျတော့လည်း သူတို့ချည်းပဲဖြစ်နေလို့ ဘယ်လိုမှကိုယ်ချင်းစာမှာ မဟုတ်ဘူး။ ဒီဘက်မှာဖြစ်မှ ကိုယ်ချင်းစာမယ်ဆိုတဲ့ စိတ်တွေရှိတယ်။ ဒါ့ကြောင့် ပြန်သွားတဲ့အဖွဲ့တွေက လုပ်တယ်လို့ထင်တာပဲ။ မိတ္ထီလာဘက်ကြောင့် ဖြစ်တာမဟုတ်ဘူး။ မိတ္ထီလာဘက်ကို အကြောင်းပြုပြီး အဲဒီအဖွဲ့တွေက အော်သွားတာပေါ့။ တချို့လည်း လာနေတယ်လို့ ကြား တယ်”
ဧပြီလ ၆ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄) တွင်ပါရှိသော “နိုင်ငံတော်သမ္မတရုံး အသိုင်းအဝိုင်း ပြောကြားချက်ကြောင့် အလိုတော်ပြည့် ဆရာတော်ကြီး စိတ်မကောင်းဖြစ်ရ” သတင်းမှ နိုင်ငံတော်သမ္မတ အသိုင်းအဝိုင်းမှ နီးစပ်သူ အရာရှိကြီး၏ပြောကြားချက်အား ကောက်နှုတ်ချက်။
“လက်တွေ့ဆောင်ရွက်ရမယ့် ပြဿနာက အခုတိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေ တယ်။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုရင် နိုင်ငံရေး သဘောတူညီချက်တွေ ရတော့မယ်။ နိုင်ငံရေး သဘောတူညီချက်တွေ ရရင် ဒီသဘောတူညီချက်ကို ဥပဒေအသွင်ပြောင်းရမယ်။ ဥပဒေအသွင်ပြောင်းမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရမှာပဲ၊ ဥပမာဆိုကြပါစို့ တိုင်းရင်းသားတွေရဲ့ တန်းတူမှု၊ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အဲလိုလုပ်မယ်ဆိုရင် အနိမ့်ဆုံးတော့ ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းနဲ့ ရွေးချယ်နိုင်ရမယ်။ သမ္မတ ခန့်အပ်တဲ့လူကိုမှ ရွေးချယ်ရမယ်ဆိုရင် ပြည်နယ်တွေရဲ့ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျွန်တော်တို့ ခွင့်မပြုရာ ရောက်သွားလိမ့်မယ်။ အဲဒါကြောင့် အခြေခံဥပဒေပြင်ဖို့ စဉ်းစားတဲ့အခါမှာ နံပါတ်တစ်ကတော့ တိုင်းရင်းသားပြဿနာကို အဓိက ထားရမယ်။ နံပါတ်နှစ်က လူ့အခွင့်အရေးပြဿနာကို အဓိကထားရမယ်”
ဧပြီလ ၆ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄) တွင်ပါရှိသော “လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေး သဘောတူညီချက်ရလျှင် အခြေခံဥပဒေပြင်ရမည်” သတင်းမှ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“လက်ပံတောင်းတောင် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရဲတွေထဲမှာ တရားခံမထုတ်လို့ ဆိုပြီးတော့ မကျေနပ်တဲ့လူတွေရှိတယ်။ ဒါပေမယ့် အမှန်ပြောရရင် ထုတ်စရာတရားခံကို မရှိဘူး။ အဆင့်ဆင့်က သူတို့ဥပဒေအရ လုပ်သွားတာပဲ၊ တကယ်ပြဿနာက ဘာလဲဆိုတော့ အဲဒီမီးလောင်တဲ့ကိစ္စပဲ။ အဲဒီတော့ မီးလောင်တဲ့ကိစ္စဟာ ဒါရည်ရွယ်ချက် မရှိဘူး။ ရည်ရွယ်ချက်မရှိဘူး ဆိုတော့ တရားဥပဒေအရ ရည်ရွယ်ချက်မရှိရင် ဒီဟာကို ရည်ရွယ်ချက်နဲ့လုပ်တဲ့အပြစ်လို့ သတ်မှတ်လို့မရဘူး”
ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၃) တွင်ပါရှိသော “လက်ပံတောင်းတောင်နဲ့ ပတ်သက်လို့ တရားခံ ထုတ်စရာ မလိုဟုဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ငြိမ်းချမ်းရေး ပြုလုပ်နေတဲ့အပေါ် လူတွေကစိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်။ ယုံကြည်မှု နည်းနေသေးတဲ့ သူတွေလဲရှိ တယ်။ ဒါပေမယ့်နှစ်ပေါင်းများစွာ မျှော်မှန်းရတဲ့ ငြိမ်းချမ်းရေးခရီး ပြန်နောက်ဆုတ်သွားတာမျိုးတော့ မဖြစ်စေချင်ကြဘူး”
ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၃) တွင်ပါရှိသော “ပြည်တွင်းငြိမ်းချမ်းရေး နောက်ကြောင်းပြန်မလှည့်ဖို့ ကရင် တိုင်းရင်းသားများလိုလား” သတင်းမှကရင်ရေးရာ အစည်းအဝေးဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ နော်ရေဗက္ကာထင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
NEWS IN BRIEF
ထိုင်း-မြန်မာနယ်စပ်၌ အမည်မသိလက်ကိုင်အဖွဲ့တစ်ဖွဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်သား ၁၃ ဦးကျဆုံး
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် မြန်မာ့တပ်မတော်မှ စစ်သား ၁၃ ဦးကျဆုံးခဲ့ပြီး နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျဆုံးမှုကြောင့် အဆိုပါလက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်မသွားနိုင်စေရန် ထိုင်းစစ်တပ်အား အကူအညီ တောင်းထားသည့်အတွက် ထိုင်းကြည်းတပ်ဦးစီးချုပ် Gen Prayuth Chan-ocha က အဆိုပါတိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသ အား အနီးကပ် စောင့်ကြည့်ရန် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ရနောင်းခရိုင်သို့ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ဒေသခံများအား ကျပ်သိန်းပေါင်းတစ်သောင်းခွဲကျော် ပေးအပ်ပြီးဖြစ်
လက်ရှိ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စီးပွားရေးဦးပိုင်လီမီတက်တို့မှ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းအတွက် မြေသိမ်းခံရသည့် ဒေသခံများအား ကော်မရှင်၏ အကြံပြုချက်အတိုင်း လျော်ကြေးငွေစုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဂျော်ဒန်၌ဖြစ်ပွားခဲ့သည့် အလုပ်ရှင်နှင့် မြန်မာအလုပ်သမားတို့၏ ပဋိပက္ခများနှင့်ပတ်သက်၍ သတင်စာရှင်းလင်း
ဂျော်ဒန်နိုင်ငံတွင် Ramtha မြို့ Century Miracle Apparel Mfg.Co.,Ltd အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့သော မြန်မာအလုပ်သမားများ ဖိနှိပ်ခံရမှုများနှင့်ပတ်သက်၍ ဧပြီလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန စုဝေးခန်းမတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး အလုပ်သမားနှင့် အလုပ်ရှင်များအကြား အငြင်းပွားမှုဖြစ်စဉ်၌ အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးမှုများနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် အရာထမ်းနှစ်ဦးတို့မှ ဂျော်ဒန်နိုင်ငံသို့ သွားရောက် ဖြေရှင်းဆောင်ရွက်မှုဖြစ်စဉ်များ၊ ဂျော်ဒန်သို့ တရားမဝင် သွားရောက်သူများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိလာနိုင် စေရန် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား၌ မြန်မာအကျဉ်းသားများ အသတ်ခံရမှု မြန်မာအစိုးရဖြေရှင်းချက်တောင်းမည်
အင်ဒိုနီရှားနိုင်ငံ ဆူမတြားကျွန်းဆွယ်ရှိ ရွှေ့ပြောင်းနိုင်ငံခြားသားအကျဉ်းစခန်း၌ မြန်မာရှစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းချက်ပေးရန်၊ ဖြစ်စဉ်အမှန်ဖော်ထုတ်ပေးရေး၊ ပြစ်မှုကျုးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ပေးရေးနှင့် အဆိုပါနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးရန် စသည့်ကိစ္စရပ်များအား မြန်မာအစိုးရမှ အင်ဒိုနီးရှားအစိုးရသို့တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ ဆူမတြားကျွန်းဆွယ် မယ်ဒန်မြို့နယ် ဘယ်လဝန်ဆိပ်ကမ်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားအချင်းချင်း အကြမ်းဖက်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပဋိပက္ခများထပ်မံဖြစ်ပေါ်မလာရေး သင်္ကြန်တွင် အထူးလုံခြုံရေးကြပ်မတ်မည်
လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ အချို့နေရာဒေသများတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စဉ်များ ထပ်မံ ဖြစ်ပေါ်မလာနိုင်ရေးအတွက် ယခုနှစ်သင်္ကြန်တွင် အထူးလုံခြုံရေးဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်မှုဦးစီးဌာန ညွန်ကြားရေးမှူးက ပြောကြားခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အလိုက် လုံခြုံရေးဆောင်ရွက်မည်ဖြစ်သည့် အပြင် မဏ္ဍပ်တစ်ခုစီတွင်လည်း CCTV ကင်မရာများ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထားရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။