Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တရုတ်ပိုက်လိုင်း ရွှေ့ပြောင်းပေးရန် ရှမ်းမြောက်တောင်သူများတောင်းဆို
  2. နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နှင့် ခွဲခြားဆက်ဆံမှုကာကွယ်ရေး EU တိုက်တွန်း
  3. ပြန်ကြားရေးမှရောင်းချမည့်သတင်းများအား ပြည်သူများသိသင့်ပါက ပုဂ္ဂလိကသတင်းစာများ ဝယ်ယူမည်

တရုတ်ပိုက်လိုင်း ရွှေ့ပြောင်းပေးရန် ရှမ်းမြောက်တောင်သူများတောင်းဆို

ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၌ တရုတ်နိုင်ငံမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဒေသခံတို့၏ အခွင့်အရေး ဆုံးရှုံးရခြင်းနှင့် လုံခြုံမှုများအတွက် စိုးရိမ်ရသည့်အခြေအနေတစ်ရပ်သို့ ရောက်ရှိနေသည့်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ တောင်သူလယ်သမားများ(၁၀၀၀၀)အားကိုယ်စားပြုသည့် မြောက်ပိုင်းရှမ်းတောင်သူ လယ်သမား ကော်မတီမှ ၎င်းတို့မြေပေါ်ရှိ တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းအား အမြန်ဆုံးရွှေ့ပြောင်းပေးရန် အစိုးရထံ တောင်းဆိုကြောင်း ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ တရုတ်နိုင်ငံမှတည်ဆောက်လျက်ရှိသည့်(CNPC)နှင့် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့ရောင်းဝယ်ရေး(MOGE)တို့ပိုင်ဆိုင်သည့် အဆိုပါပိုက်လိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှ ဓာတ်ငွေ့နှင့် အရှေ့ အလယ်ပိုင်းမှ ရေနံကို ယူနန်ပြည်နယ်သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မိုင် ၈၀၀ ကျော်ရှည်လျားသည့် ပိုက်လိုင်းများ၏သုံးပုံတစ်ပုံခန့်သည် မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ လယ်ယာနှင့် သစ်တောဧက ၂၀၀၀ ခန့်ကို ဖြတ်သန်းသွားနိုင်ရန် အဆိုပါဒေသရှိ စပါးစိုက်ခင်းများ၊ ဥယျာဉ်ခြံများကို မြေထိုးစက်ဖြင့်အထိုးခံရသည့်အတွက် မြေများပုံခြင်း၊ ရေစီးရေလာ ပိတ်ဆို့ခြင်းများကြောင့် သီးနှံပင်များ ပျက်စီးခဲ့ရသည့်အပြင် ရွာသူ၊ ရွာသားများသုံးစွဲသည့်ရေများ၊ လမ်းများပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ မြို့နယ် ၆ ခုမှရှမ်းလယ်သမားများကိုလည်း မတန်တရာလျှော်ကြေးငွေများ အတင်းအဓမ္မ လက်ခံခိုင်းခဲ့ပြီး ပိုက်လိုင်းတည်ဆောက်မှု ညံ့ဖျင်းမှုများကြောင့် စိုးရိမ်မှုနှင့် မြေဆီလွှာထိခိုက်မည်ကို လယ်သများက စိုးရိမ် ပူပန်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပိုက်လိုင်းအပေါက်များကို ပါးလွှာသော ရော်ဘာအဖက်များဖြင့်သာ ကပ်ထားသည့် အတွက် ကုဗမီတာဘီလီယံချီသော ရေနံနှင့် ဓာတ်ငွေ့ဖိအားကို ခံနိုင်မှုမရှိဘဲ ပေါက်ကွဲမှုများဖြစ်ပွားမှုကို အဆိုပါဒေသရှိ ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပိုက်လိုင်းတစ်လျှောက်တွင်လည်း မြန်မာတပ်မတော်နှင့် ကချင်၊ တအန်း၊ ရှမ်း လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဆက်လက်ဖြစ်သွားလျက်ရှိသည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စတင်ပို့ဆောင်သည့် အချိန်မျိုးတွင် မြန်မာစစ်တပ်မှ စစ်အင်အားတိုးချဲ့လာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ တိုးလာမည်ကို ရွာသူရွာသား များ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများနှင့် တောင်သူကိုယ်စားလှယ်များက ရွှေဓာတ်ငွေ့ပိုက်လိုင်းကို ဆန့်ကျင်ရေး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

YC


နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နှင့် ခွဲခြားဆက်ဆံမှုကာကွယ်ရေး EU တိုက်တွန်း

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ် ပေးရန်နှင့် ရိုပာင်ဂျာအပါအဝင် လူမျိုးစုငယ်များအပေါ် ခွဲခြားဆက်ဆံမှုများကို ကာကွယ်ပေးရန် ဥရောပ သမဂ္ဂ(EU) နိုင်ငံက မြန်မာအစိုးရအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် လူနည်းစုအတွက်သာမက လူအများစု အတွက်ပါ ဖော်ဆောင်ပေးသင့်သည့်အပြင် လက်ရှိ ရေးဆွဲလျက်ရှိသော မီဒီယာဥပဒေ၌ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့် ကို အာမခံသည့်ဥပဒေတစ်ခုဖြစ်လာနိုင်စေရန် မြန်မာလွှတ်တော်အား EU မှတိုက်တွန်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ၁၀ ရက်ကြာ ဥရောပနိုင်ငံများသို့ အလည်အပတ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဥရောပနိုင်ငံများအဖွဲ့ အကြီးအကဲ Jose Manuel Barroso နှင့် တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှာ သမိုင်းဝင်သည့်အပြောင်းအလဲများ ဖြစ်သည့်အတွက် ဥရောပသမဂ္ဂ(EU)အဖွဲ့များနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီနှင့် ကုန်သွယ်ရေးတိုးမြှင့်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံအပေါ် EU နိုင်ငံမှ အရေးယူမှုပြုလုပ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှု အလုံးစုံဖယ်ရှားရေးနှင့် ကုန်သွယ်မှုအထူးခံစားခွင့် အခွင့်အရေး (Preferential Trade Status) ပြန်လည် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

YC


ပြန်ကြားရေးမှရောင်းချမည့်သတင်းများအား ပြည်သူများသိသင့်ပါက ပုဂ္ဂလိကသတင်းစာများ ဝယ်ယူမည်

ပြန်ကြားရေးဝန်ကြီးဌာနမှ ရောင်းချမည့် နိုင်ငံတော်အဆင့် သတင်းနှင့် ဓာတ်ပုံများတွင် ပြည်သူများသိသင့် သိထိုက် သည်ပာု ယူဆရသော သတင်းများပါဝင်ပါက ပုဂ္ဂလိကသတင်းစာများက သတင်းဝယ်ယူ၍ ပြည်သူများထံသို့ ချပြမည် ဖြစ်ကြောင်း မီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

ထိုသို့ အစိုးရဝန်ကြီးဌာနများမှ သတင်းရောင်းဝယ်ခြင်းဆိုသည်မှာ မည်သည့်နိုင်ငံတွင်မှ စတင်လုပ်ဆောင်ဖူးခြင်း မရှိဘဲ ယခုကဲ့သို့ ပြန်ကြားရေးမှ နိုင်ငံတော်အဆင့်သတင်းများ ရောင်းချမည်ဆိုသည်မှာ မီဒီယာများအကြား အသစ်အဆန်း ဖြစ်လျက်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် သတင်းရောင်းချခြင်းမပြုလုပ်ဘဲ ပြည်သူများ သိသင့် သိထိုက်သည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီသာ ထုတ်ပြန်ပေးသင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရနှင့်ပတ်သက်သည့် သတင်းများနှင့် ဓာတ်ပုံများကို ပြန်လည်ရောင်းချ ရာတွင် နိုင်ငံတကာသတင်းဌာနများမှ သတင်းရောင်းချလျက်ရှိသည့် လပေးစနစ်၊ နေ့အလိုက်စနစ် ပုံစံတို့ဖြင့် ပုဂ္ဂလိက သတင်းစာများသို့ ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမည့် နေ့ရက်နှင့် ပုံစံအတိအကျကို ဧပြီလအတွင်း ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ ပြည်တွင်း၌ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများကို ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှစတင်၍ The Voice Daily၊ ရွှေနိုင်ငံသစ်၊ စံတော်ချိန်နှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာများ မှာ ဈေးကွက်အတွင်းစတင်ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

YC


 

 

       

 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment