Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ Yangon Chronicle မှစုစည်းတင်ပြအပ်ပါသည်။

သတင်းအဖွဲ့

ရတက်မအေးနိုင်သော မြောက်ကိုရီးယားအရေးနှင့် ပုပ်ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးဆုတောင်း

photo credit by online

ယခင်အပတ်က မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် ဆက်သွယ်ရေးတွင်  နောက်ဆုံးကျန်ရှိ နေသေးသည့် စစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက်လိုက်ပြီဟု ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယား နှင့် စစ်ဖြစ်နေပြီဟု စနေနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ မြောက်ကိုရီးယားအနေနှင့် မကြာခင်က တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ လက်ရှိပူးတွဲစစ်ရေး လေ့ကျင့်မှု၊ မြောက်ကိုရီးယား၏ တတိယမြောက် နျူကလီးယားလက်နက် စမ်းသပ်မှုအပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လိုက်ခြင်းအပေါ် ဒေါသထွက်ကာ တောင်ကိုရီးယားနှင့် အမေရိကန်တို့ကို စစ်ရေးတိုက်ခိုက်မှုများ လုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ယခုကဲ့သို့ တင်းမာမှုများဖြစ်နေချိန် တနင်္ဂနွေတွင် အမေရိကန်တိုက်လေယာဉ် F-22 နှစ်စင်းသည် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ Kadena လေတပ်အခြေစိုက်စခန်းမှ ဆိုးလ်မြို့တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ Osan လေတပ်အခြေစိုက်စခန်းကို ပျံသန်းပြခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရ၊ ပါတီ နှင့် အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံကြား အခြေအနေ အရပ်ရပ်သည် စစ်ပွဲဖြင့်သာ ဖြေရှင်းရမည့်အခြေအနေသို့ ရောက်ရှိလာပြီဟု ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ တစ်ရက်ကြာ နှစ်ပတ်လည် လွှတ်တော် အစည်းအဝေးအပြီး လက်ရှိအာဏာရပါတီ ခေါင်းဆောင်များသည် နိုင်ငံ၏ နျူကလီးယား စစ်လက်နက်တိုးချဲ့ရေးနှင့် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ရေး လုပ်ငန်းကို ဆက်လုပ်သွားရန် ဆုံးဖြတ်ချက်ထွက်လာချိန်တွင် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟဲက မြောက်ကိုရီးယား၏ ရန်စမှုကို စစ်ရေးဖြင့်သာ တုန့်ပြန်မည်ဟု ပြောကြားခဲ့သည်။ သို့သော် ယခု ရက်ပိုင်းအတွင်း မြောက်ကိုရီးယား နိုင်ငံဘက်မှ ရန်စပြောဆိုမှုများ ပြုလုပ်နေသော်လည်း  စစ်ရေး လှုပ်ရှားမှု တစုံတရာ မတွေ့ရသေးဟု အမေရိကန် သမ္မတအိမ်ဖြူတော်ကပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများသည် မြောက်ကိုရီးယား၏ ရန်စပြောဆိုမှုနှင့် လက်တွေ့ အခြေအနေ ၂ မျိုးစလုံးကို အနီးကပ် စောင့်ကြည့်လေ့လာနေကြောင်း သိရသည်။

မြောက်ကိုရီးယား၏ ငွေရပေါက်တစ်ခုဖြစ်ပြီး တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ ဆက်ဆံရေးပြယုဂ် တစ်ခုဖြစ်သော ကေဆောင်စက်မှုဇုန်တွင် တောင်ကိုရီးယားအလုပ်သမားများလာရောက် အလုပ်လုပ်ကိုင်ခြင်းကိုလည်း စတင်ပိတ်ပင် လိုက်ပြီဖြစ်သည်။ ယင်းကဲ့သို့ ပြုမူလိုက်ခြင်းသည် နှစ်နိုင်ငံကြား တင်းမာမှုကို ထပ်တိုးစေခဲ့ပါသည်။

photo credit by guardian

ယင်းပဋိပက္ခများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မတ်လ ၃၁ ရက်နေ့တွင် ဗာတီကန် နန်းတော်ရှိ စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့သော အီစတာပွဲတွင် ကိုရီးယားကျွန်းဆွယ်ကိစ္စနှင့် ပတ်သက်၍  ငြိမ်းချမ်းရေး ဆုတောင်းပေးခြင်းကို ပြုလုပ်ခဲ့သည်။  ထို့အပြင် ဆီးရီးယား နိုင်ငံရေး ပဋိပက္ခနှင့် ဒုက္ခရောက်နေသော ပြည်သူများ၊ ဒုက္ခသည်များစွာတို့အတွက်လည်း တောင်းဆု ပြုပေးခဲ့ကြောင်း သိရပါသည်။

အရှေ့အလယ်ပိုင်းနိုင်ငံရေးမငြိမ်သက်မှုများ

မတ်လ ၂၁ ရက်နေ့တွင် အသေခံဗုံးခွဲသမားတစ်ဦးသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်စ်မြို့ရှိ အယ်လ်အိုင် မန်ဗလီတွင်းသို့ ဝင်ရောက်ဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် လူ ၄၉ ဦးသေဆုံးကာ၊ ၈၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး ကိစ္စများအား လုပ်ဆောင်သည့် ပညာရှင် ဟာမက်ဆာရာ မာဒန်အယ်လ်ဘူတီ ကိုပစ်မှတ်ထား ခဲ့ခြင်းဖြစ်ပါသည်။ ယင်းအကြမ်းဖက်လုပ်ရပ်သည် အယ်လ်ခိုင်ဒါနှင့် ၎င်း၏ မဟာမိတ်များ လုပ်တက်သည့် လက္ခဏာမျိုး ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

photo credit by online

ထို့အပြင် ဆီးရီးယားသမ္မတ အာဆတ်သည်လည်း မတ်လ ၂၇ ရက်နေ့တွင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့်တောင်အာဖရိကနိုင်ငံများအား ပြည်တွင်းစစ်ပွဲတွင် ဆီးရီးယား သူပုန်များထံ စီးဝင်နေသော ငွေကြေးနှင့် လက်နက်များရပ်ဆိုင်းသွားစေရန် အကူအညီတောင်းခဲ့ပါသည်။ ၂ နှစ်တာ ဆီးရီးယားစစ်ပွဲ ကာလအတွင်း ဆီးရီးယားပြည်သူ ၇ သောင်းခန့် အသက်ဆုံးရှုံး၍၊ အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၂ သန်းမျှရှိနေပြီ ဖြစ်သည်။ ပြည်သူ ၄ သန်းကျော်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုအစရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက် ရှိကြောင်းသိရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုသည် တူရကီဝန်ကြီးချုပ် ဆက်ပ်တေ ယစ်ပ်အာရ်ဂို နှင့် မတ်လ ၂၂ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုကာ လွန်ခဲ့သည့် သုံးနှစ်မှ အစ္စရေးရေကြောင်းစီးနင်းတိုက်ခိုက်မှုအတွက် တောင်းပန်စကား ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဆက်ဆံရေးပုံမှန်ဖြစ်စေရန် သဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။  နေတန်ယာဟု ၏ဝန်ကြီးချုပ်ဒုတိယသက်တမ်း စတင်ခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ နေတန်ယာဟု နှင့် အာရ်ဒိုဂန်တို့ အကြားစကား ပြောဆိုဆွေးနွေးမှုသည် ယခုအကြိမ် ပထမဆုံးဖြစ်သည်။ ယင်းဆွေးနွေး မှုသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအစ္စရေးနိုင်ငံသို့ သုံးရက်ကြာခရီးစဉ် အပြီးတွင် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သော ဆွေးနွေးမှုလည်း ဖြစ်ပါသည်။

ထို့အပြင် အစ္စရေးနိုင်ငံတွင်းရှိ ဂါဇာကမ်းမြှောင်ဒေသ၌ ၂၀၀၇ ခုနှစ်မှစ၍ ချုပ်ကိုင်ထားသော အင်အားကြီး အဖွဲ့ခေါင်းဆောင်များသည် ခါလက်မီးရှားလ်ကိုဘေးဖယ်ထားကြမည်ဟု ထင်မြင်နေသော်လည်း၊ ဝါရင့်ဟားမက် ခေါင်းဆောင် ခါလက်မီးရှားလ်သည် ပါလက်စတိုင်းအစ္စလမ္မစ်လှုပ်ရှားမှု၏ အကြီးအကဲအဖြစ် နောက်ထပ် သက်တမ်းကာလတစ်ခုအတွက် အရွေးခံခဲ့ရသည်။ ယမန်နှစ်က မီးရှားလ်သည် နောက်ထပ်သက်တမ်းတွင် အရွေးမခံတော့ကြောင်းပြောကြားခဲ့သည်။ သို့သော် ပါတီအားအုပ်ချုပ်သည့် ရှူရာကောင်စီသည် နောက်ထပ်လေးနှစ် သက်တမ်းအတွက် ကိုင်ရိုမြို့၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ ခါလက်မီးရှားလ်အား ပြန်လည်ရွေးကောက် ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံတွင် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းသည် မတ်လ ၃၁ ရက်နေ့က ပင်လယ်ကွေ့နိုင်ငံတွင် တာလီဘန်ရုံးတစ်ရုံး ဖွင့်လှစ်မည့်ကိစ္စကို ဆွေးနွေးညှိနှိုင်းရန် ကာတာသို့သွားရောက်စဉ် ကာတာ စော်ဘွားနှင့် ဒိုဟာမြို့၌ တွေ့ဆုံ၍ စစ်သွေးကြွများနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးခဲ့ပါသည်။ သိုသိပ်စွာပြုလုပ်ခဲ့သော ယင်းဆွေးနွေးပွဲ၏ အကြောင်းအရာများကိုမူ ဖော်ပြခြင်း မရှိခဲ့ပေ။ အာဖဂန်နစ္စတန်နိုင်ငံတွင် အနာဂတ်ငြိမ်းချမ်းရေးရရှိနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာ ခြင်းဖြစ်ပြီး အသေးစိတ်အစီအစဉ်များကို ချမှတ်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။


        

              

              

              

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment