CURRENT NEWS |
ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်
- ဧပြီ ၅ ရက်မှစတင်၍ သင်္ကြန်ကာလထိတိုင် စက်ရုံ၊ အလုပ်ရုံများအားလျှပ်စစ်မီးဖြတ်မည်
- ပြည်တွင်းငြိမ်းချမ်းရေးရရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောကြား
- မြန်မာ - စင်ကာပူနှစ်နိုင်ငံ စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး
- နိုင်ငံတော်အစိုးရမှ စစ်တပ်အင်အားအသုံးပြု၍ သံလွင်မြစ်ပေါ်၌ ရေကာတာတစ်ခု တည်ဆောက်လျက်ရှိ
ဧပြီ ၅ ရက်မှစတင်၍ သင်္ကြန်ကာလထိတိုင် စက်ရုံ၊ အလုပ်ရုံများအားလျှပ်စစ်မီးဖြတ်မည်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအောက်ရှိ သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများကို သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့်ပေးပို့မှု လျော့နည်း၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၃၀ မဂ္ဂါဝပ်ထုတ်လုပ်မှု လျော့နည်းသွားမည် ဖြစ်သည့် အတွက် ဧပြီလ ၅ ရက်နေ့မှစတင်၍ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့ထိတိုင် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ အကြီးစား စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်နေစဉ်ကာလအတွင်း ရခိုင်ဓာတ်ငွေ့ ကမ်းလွန်တူးစင်၏ ကမ်းလွန် ပလက်ဖောင်း အထွေထွေပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပြည်သူလူထုအား လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများက ဓာတ်အားတိုးမြှင့် ဖြည့်ဆည်း မောင်းနှင်ခြင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ဖြည့်ဆည်း မောင်းနှင်ခြင်းများကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကြောင့် အချို့မြို့နယ်များတွင် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မှုများကို ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို ချွေတာ သုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မေတ္တာရပ်ခံပန်ကြားခဲ့ကြောင်း သိရ သည်။
ထို့ပြင် သဘာဝဓာတ်ငွေ့ဓာတ်အားလိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း ပြည်တွင်းသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ် နေသော ကန်ဘောက်၊ မြို့ကလေး၊ ပိုက်လိုင်းနှင့် ရန်ကုန်၊ ပြည်၊ မြန်အောင်ဒေသများသို့ ပို့လွှတ်နေသော သဘာဝ ဓာတ်ငွေ့ ပို့လွှတ်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နေပြည်တော်လျှပ်စစ်ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
YC
ပြည်တွင်းငြိမ်းချမ်းရေးရရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပြောကြား
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နိုင်ငံရေးသဘောတူညီချက်များရရှိ၍ ငြိမ်းချမ်းလျှင် တိုင်းရင်းသားများအား တန်းတူအညီအမျှ အခွင့်အရေးပေးနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီမှ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကပြောကြားသည်။
လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရ သဘောတူ ဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိပြီး အဆိုပါဆွေးနွေးပွဲများမှတစ်ဆင့် ရရှိလာမည့် နိုင်ငံရေးသဘောတူညီချက်များကို ဥပဒေအသွင်ပြောင်းနိုင်ရန်မှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြား သည်။
နောက်ဆုံးအကြိမ်ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ(သို့)ကော်မရှင်ဖွဲ့စည်းဆောင်ရွက်ရေး သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါပေးပို့မှုအား လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြသည့်အတွက် နောင်လာမည့် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်တွင်းရှိ ကိုယ်စားလှယ်များ၊ ပါတီများ၊ ပြည်ပရောက်နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရှိ ကိုယ်စားလှယ်များဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီနှင့် ကော်မရှင်များကို ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
YC
မြန်မာ - စင်ကာပူနှစ်နိုင်ငံ စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုး
စင်ကာပူ-မြန်မာ နှစ်နိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍများမြှင့်တင်နိုင်ရန် စင်ကာပူကုန်သွယ်ရေး အသင်းချုပ်(SBF)နှင့် မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ တာဝန်ရှိသူတို့သည် ဧပြီလ ၄ ရက်နေ့က စင်ကာပူ- မြန်မာ စီးပွားရေးဖိုရမ်နှင့် စင်ကာပူအပြည်ပြည်ဆိုင်ရာ လုပ်ငန်းစု(IE Singapore)၏ ရန်ကုန်မြို့ရုံးခွဲ ဖွင့်ပွဲအခမ်းအနားတွင် နှစ်နိုင်ငံအကျိုးတူစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာများကို ရေးထိုးခဲ့ကြ ကြောင်း သိရှိရသည်။
ဆောက်လုပ်ရေးနှင့် ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်နေသော စင်ကာပူကုမ္ပဏီ Youth Force က မြန်မာနိုင်ငံမှ အမရာဟိုတယ်နှင့် ခရီးသွားလာရေး ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ရန်ကုန်မြို့တွင် ဟိုတယ်သစ် တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး စင်္ကာပူနိုင်ငံနှင့် အကြီးဆုံးဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Sing Tel ကုမ္ပဏီနှင့် မြန်မာနိုင်ငံအခြေစိုက် စင်္ကာပူကုမ္ပဏီတစ်ခုဖြစ်သော AL NOOR တို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် သဘောတူညီခဲ့သည်။
IE မှတစ်ဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး စင်ကာပူနှင့် အရှေ့တောင်အာရှတွင် စီးပွားရေးချဲ့ထွင်လိုသော မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ အတွက်လည်း IE သည် လမ်းကြောင်းတစ်ခု ဖြစ်စေမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားသို့တက်ရောက်လာသော စင်ကာပူ အမျိုးသား ဖွံဖြိုးရေးဝန်ကြီး Khaw Boon Wan ကပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်၏် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းက စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် စင်ကာပူအစိုးရနှင့် ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးအတွက် လူသားရင်းမြစ်မြှင့်တင်ရေး သင်တန်းကျောင်းကို ရန်ကုန်မြို့တွင် တည်ထောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်ကာပူသမ္မတ တိုနီတမ်က ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ်က မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး စတင်ခဲ့သည့် စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ တတိယမြောက် အင်အားအကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၂၀၁၁ ဘဏ္ဍာနှစ် အတွင်း စင်ကာပူဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၁.၈ ဘီလီယံအထိ တိုးတက်လာခဲ့သည့် အပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI )တွင် စင်္ကာပူနိုင်ငံသည် အဆင့်ခြောက်နေရာ၌ ရပ်တည်လျှက် ရှိကြောင်း သိရှိရသည်။
YC
နိုင်ငံတော်အစိုးရမှ စစ်တပ်အင်အားအသုံးပြု၍ သံလွင်မြစ်ပေါ်၌ ရေကာတာတစ်ခု တည်ဆောက်လျက်ရှိ
တရုတ်ကုမ္ပဏီမှ သံလွင်မြစ်ပေါ်၌် ရေကာတာတစ်ခုတည်ဆောက်ရာတွင် လွတ်ကင်းမှုမရှိသည့်နေရာများ ရှင်းလင်း နိုင်ရေးအတွက် အစိုးရစစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်တပ်အင်အားသုံးနေသည်ဟု ရှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဧပြီလ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အရှေ့မြောက်တိုင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ရမခမှူးက တန့်ယန်းမြို့နယ်နှင့် မိုင်းကောင် မြို့နယ်လမ်းမကြီး၏ အရှေ့ဘက်ခြမ်းတွင် နယ်မြေရှင်းလင်းရေးအတွက် စစ်ဆင်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန်ရှိသဖြင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအား ၎င်းတို့တပ်စွဲထားသည့်နေရာမှ ဆုတ်ခွာပေးရန် အမိန့်ပေးခဲ့ပြီး ဆုတ်ခွာမပေးပါက စစ်ရေးအရ ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းမှု များပြုလုပ်နေစဉ်တွင် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ အားလုံးခေတ္တရပ်ဆိုင်းထားရန် အဆိုပါအဖွဲ့က တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြေညာချက် တွင် သံလွင်ရေကာတာစီမံကိန်း ၆ ခုဆောက်လုပ်သွားမည်ဆိုပါက ယင်း ၆ ခုအနက် ၁ ခုသည် နောင်ဖမြို့ နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် လားရှိုးမှ အင်အား ထောင်နှင့်ချီသော အစိုးရ စစ်တပ်များသည် အမြောက်တပ်၊ သံချပ်ကာ ကားများနှင့် နောင်ဖမြို့နယ်၏ အနောက်တောင်ဘက် ၂၀ ကီလိုမီတာအကွာတွင်ရှိသော တန့်ယန်းမြို့နယ် ၊ မိုင်းရှုးမြို့နယ်များတွင် အင်အားတိုးမြှင့်ချထားကြောင်း သိရှိရသည်။
YC