Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုသည် ပြုပြင်ပြောင်းလဲရေးကို ခြိမ်းခြောက်

(4 April 2013 ရက်စွဲပါ Times မှ AP/ Matthew Pennington ရေးသားသော Burma communal unrest threatens reforms ကို ဘာသာပြန်ပါသည်)

  1. မြန်မာတယ်လီဖုန်းတင်ဒါအတွက် Vodafone နှင့် China Mobile လက်တွဲ

(Scotsman မှ 5 April 2013 ရက်စွဲပါ Vodafone joins China Mobile in Myanmar bid သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ဈေးကွက်အကြောင်း စင်ကာပူကုမ္ပဏီများ ကောင်းစွာနားလည်ရန် SBF အကူအညီပေးမည်

(Channel News Asia မှ 4 April 2013 ရက်စွဲပါ SBF to help companies better understand Myanmar market ကိုဘာသာပြန်ဆိုသည်)


မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုသည် ပြုပြင်ပြောင်းလဲရေးကို ခြိမ်းခြောက်

(4 April 2013 ရက်စွဲပါ Times မှ AP/ Matthew Pennington ရေးသားသော Burma communal unrest threatens reforms ကို ဘာသာပြန်ပါသည်)

အမေရိကန်က စစ်အစိုးရနှင့် သမိုင်းဝင်ဆက်ဆံရေးကို စတင်ချိန်၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီကို စတင်ပွေ့ဖက် လာလိမ့်မည်ဟု အနည်းစုက စိတ်ကူးကြည့်ခဲ့ကြဖူးပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏ လျင်မြန်သော ပြောင်းလဲမှုများကို လာရောက်လည်ပတ်ကြသော အနောက်နိုင်ငံခေါင်းဆောင်များက ချီးကျူးခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ သမ္မတကိုလည်း သူရဲကောင်းသဖွယ် ချီးမြှောက်ကြပါသည်။ သို့သော် လူမျိုးရေးအရ ပြင်းထန်သော ဖြစ်ရပ်များ ရုတ်တရက် ဆိုးရွားစွာပျံ့နှံ့လာသောအခါ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသည် မျှော်မှန်းသည်ထက် ပိုမိုကြမ်းတမ်းသည်ဟု သိလာရပြီး အိုဘာမားအစိုးရ ပထမအကျော့က နိုင်ငံခြားရေးမူဝါဒ၏ အောင်မြင်မှု အရှိန်အဝါကို မှေးမှိန်စေပါသည်။

ဝါရှင်တန်က မြန်မာနိုင်ငံ၏ ဦးတည်ရာမှာ ခြုံငုံကြည့်လျှင် အပေါင်းလက္ခဏာဆောင်နေဆဲဖြစ်သည်ဟု ဆိုသော်လည်း အချို့ပညာရှင်များက စစ်အုပ်ချုပ်ရေးစနစ်သို့ နောက်ပြန်သွားမည့်အန္တရာယ်အတွက် ပူပန်နေကြပါသည်။

လွန်ခဲ့သည့် နှစ်ပတ်ကဖြစ်သော ဗုဒ္ဓဘာသာနှင့် မူဆလင်များကြား ပြင်းထန်သောဖြစ်ရပ်များကြောင့် ဒါဇင်ပေါင်း များစွာ သေဆုံးခဲ့ပါသည်။ အစောပိုင်းကဖြစ်သော ဘာသာရေးအရ သွေးထွက်သံယိုမှုများကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာသည် လှေငယ်လေးများဖြင့် ထွက်ပြေးနေဆဲဖြစ်ပါသည်။ ထို့ပြင် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများမှာလည်း မရှင်းမလင်းဖြစ်နေရာ အမေရိကန် မူဝါဒချမှတ်သူများအတွက် အဓိကသိလိုသောအချက် ဖြစ်လာပါ သည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံ၏ ကမ္ဘာသို့တံခါးဖွင့်သည့်ကိစ္စရပ်နှင့် ပြည်သူများအပေါ်ချုပ်ကိုင်ထားမှုများ ဖြေလျော့ ပေးခြင်းကို အားပေးသည့် နိုင်ငံတကာ၏ ကြိုးပမ်းမှုတွင် ရှေ့တန်းမှ တက်ကြွစွာပါဝင်ခဲ့ပါသည်။ ကြာသာပတေးနေ့သည် အမေရိကန်က မြန်မာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေး ပုံမှန်ပြုလုပ်မည်ဟု သမိုင်းဝင်ကြေညာခဲ့မှု၏ နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ၎င်းမှာ ပြုပြင်ပြောင်းလဲမှုများအတွက် သံတမန်ရေးရာဆုလာဒ်များတွင် ပထမဆုံးဖြစ်ပါသည်။ ထိုဖြစ်စဉ်မှာ စီးပွားရေးအရ အရေးယူမှုများ ယာယီရုတ်သိမ်းပေးခဲ့ပြီး နိုဝင်ဘာလတွင် အမေရိကန်သမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြင့် အဆုံးသတ်ပါသည်။

ပြုပြင်ပြောင်းလဲရေးများ၏ အကျိုးအမြတ်မှာ ထင်ရှားပါသည်။ သမ္မတဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခြင်း၊ သတင်းစာကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း၊ လွတ်လပ်စွာ စုဝေးခွင့်ပေးခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် အပစ်အခတ်ရပ်စဲခြင်းများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့ပါသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း လွှတ်တော်တွင်ရွေးကောက်တင်မြှောက်ခံရကာ သူ၏ကဏ္ဍတွင် အင်နှင့် အားနှင့် ပါဝင်လုပ်ဆောင်နေပါသည်။

သို့သော် လျင်မြန်သောနှုန်းဖြင့် ပြောင်းလဲမှုများသည် ကစဥ့်ကလျားဖြစ်မှု ပရမ်းပတာဖြစ်မှုလည်း တွဲ၍ပါဝင်လာရာ အကျည်းတန်သည့် ဘာသာရေးအရ တင်းမာမှုများ ပေါ်ပေါက်လာရပါသည်။

လူ့အခွင့်အရေးအုပ်စုများနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်များက မြန်မာအစိုးရသည် လူများစု ဗုဒ္ဓဘာသာများ က လူနည်းစု မူဆလင်များအား တိုက်ခိုက်နေမှုအပေါ် အကာအကွယ်မပေးနိုင်မှုအတွက် ဝေဖန်ခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မှ ဘာသာရေးအရ ပြင်ထန်သောဖြစ်ရပ်များသည် ကာလကြာရှည်ကရှိနေသော မတရားနှိပ်စက်မှုကို ပိုမိုအားကောင်းလာစေပြီး အကျိုးဆက်အဖြစ် မတ်လက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်ထန်သောဖြစ်ရပ်များ ပြန့်နှံ့ လာခဲ့သည်။

အစိုးရ၏ အရေးပေါ်အခြေအနေတုံ့ပြန်မှုမှာ နှေးကွေးလှပြီး အချို့က အဆိုပါမတည်ငြိမ်မှုများက ဆက်လက်၍ အန္တရာယ်ပေးမည်ကို စိုးရိမ်လျှက်ရှိသည်။

“တကယ်လို့ အစိုးရနဲ့ အတိုက်အခံဟာ ဒီဖြစ်ရပ်ကို တရားမျှတမှုနဲ့ တာဝန်ယူမှုတွေ ပါဝင်မယ့် ထိရောက်တဲ့ တုန့်ပြန်မှုတွေ မလုပ်နိုင်ဘူးဆိုရင် ဒီပြင်ထန်တဲ့ ဖြစ်ရပ်ဟာ အရှိန်မြင့်လာပါလိမ့်မယ်”ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ USA ၏ ဒုတိယအမှုဆောင်ဒါရိုက်တာ Frank Jannuzi က ပြောကြားခဲ့ပါသည်။

“ဒီမှာ အန္တရာယ်ရှိတာက စစ်တပ်က ဝင်လာပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ နောက်ဆုတ်သွားမှာကိုပါပဲ၊ ဒီအန္တရာယ်က တကယ်ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ဆိုပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် အဆိုပါဖြစ်ရပ်များကို အမေရိကန်က အလေးအနက်စိုးရိမ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် လောင်ကျွမ်းမသွားမီ တင်းမာမှုများရပ်ဆိုင်းသွားအောင် ကျယ်ကျယ်ပြန့်ပြန့်အားထုတ်စေလိုကြောင်း ပြောပါသည်။ သို့သော် ၎င်းက ဦးသိန်းစိန် သည်းခံနိုင်မှုကို တဖြည်းဖြည်း ထုတ်ပြောလာပြီး ဘာသာရေးအရခြားနားနေမှုကို လက်ခံလာခြင်းအတွက် အမှတ်ပေးခဲ့ပါသည်။ ယခင်က နှစ်ငါးဆယ် အတွင်း ဘာသာရေးအရ တင်းမာမှုများမှာ အင်အားသုံးဖြေရှင်းခဲ့သော်လည်း ယခုကဲ့သို့ ဖြေရှင်းမှုမျိုးမှာ ယခုမှ ပေါ်ပေါက်ခြင်းဖြစ်ပါသည်။

ယခုမငြိမ်သက်မှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံအတိုင်းအတာဖြင့် လုပ်ဆောင်ခဲ့သော အဖွဲ့အစည်း မရှိသေးသော်လည်း တစ်ဦးချင်းပုဂ္ဂိုလ်များနှင့် အုပ်စုများသည် အကြမ်းဖက်မှုများပြုလုပ်ရန် အားပေးအားမြှောက် ပြုလုပ်ခဲ့ကြသည်ဟု အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ၎င်းအုပ်စုမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောခြင်းမရှိပေ။

မြန်မာနိုင်ငံဆိုင်ရာ ယာယီသံရုံးတာဝန်ခံဟောင်း အမျိုးသမီး Priscilla Clapp သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ ၎င်းကပြောကြားရာတွင် စစ်တပ်၏ လက်တံအားကောင်းစေရန် လုပ်ငန်းစဉ်နှင့် တိုင်းပြည်တရားဥပဒေစိုးမိုးရေးတွင် စစ်တပ်ပါဝင်မှု ထိန်းသိမ်းထားရေးအတွက် လုပ်ဆောင်မှု၏အစိတ်အပိုင်းအဖြစ် ပြင်ပမှ လှုံ့ဆော်သူ အလံရှူးများရှိနေသည်ဟု ဆိုပါသည်။

လူမျိုးရေးအရ မတည်ငြိမ်မှုသည် မြန်မာနိုင်ငံနယ်စပ်ကို ကျော်၍ ဖြစ်နေသော ဒုက္ခသည်ပြဿနာကို တိုးပွားစေပါသည်။ ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခကြောင့် ရိုဟင်ဂျာ ၁၃၀၀၀ ခန့်သည် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများတွင် ဒုက္ခသည်အဖြစ်ခံယူရန် လှေများဖြင့် ထွက်ပြေးကြပါသည်။ ရာပေါင်းများစွာမှာ ရေနစ်သေဆုံးပြီး အချို့မှာ သက်ဆိုင်ရာဒေသအာဏာပိုင်များက ပြန်လည်နှင်ထုတ်ကြပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးရန် ငြင်းဆိုခဲ့ကြပါသည်။

အထက်ပါသတင်းဆိုးများ သောသောညံအောင် ကြားနေရသော်လည်း အိုဘားမားအစိုးရသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အကောင်းမြင်နေဆဲဖြစ်ပြီး ဒီမိုကရေစီအတွက် ခြုံငုံတိုးတက်မှုမှာ အပေါင်းလက္ခဏာဆောင်ကြောင်း ယုံကြည်လျှက် ရှိပါသည်။

သုံးသပ်သူများက အမေရိကန်က တိုးတက်မှုအတွက် ဆုလဒ်များ အပြေးအလွှားပေးနေချိန်တွင် မေးခွန်းတစ်ခုမှာ အကယ်၍ အမေရိကန်၏ သြဇာလွှမ်းမိုးမှု မရှိတော့ပါက မြန်မာနိုင်ငံ နောက်ပြန်လှည့်မလားဆိုသည့် မေးခွန်းပင် ဖြစ်ပါသည်။

ရှေးရိုးစွဲ Heritage ဖောင်ဒေးရှင်း ဥာဏ်ကြီးရှင်အဖွဲ့၏ အာရှအစီအစဉ် ဒါရိုက်တာ Walter Lohman ကပြောကြားရာတွင် အမေရိကန်အစိုးရအနေဖြင့် သံတမန်ဆက်ဆံရေးကို ပုံမှန်ပြန်လည်ပြုလုပ်ခြင်းမှာ မှန်ကန်သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အရေးယူပိတ်ဆို့ထားမှုများကိ ရုတ်သိမ်းခြင်းမှာ မြန်လွန်းကြောင်းဆိုပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပဋိပက္ခ၊ စစ်တပ်ကို မျက်နှာသာပေးထားသော အခြေခံဥပဒေ၊ နိုင်ငံရေး အကျဉ်းသားများ စသည့် မဖြေရှင်းရသေးသော ပြဿနာများစွာ ရှိနေပါသည်။ ၂၀၁၅ ရွေးကောက်ပွဲသည် ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် အဓိကကျကြောင်း ရှုမြင်ကြပါသည်။

“အမေရိကန်ဟာ အခုထိအရေးယူမှုနဲ့ပတ်သက်ပြီး မြန်မြန်လုပ်ဆောင်တာဟာ မှားတယ် မှန်တယ်လို့ ပြောရခက် ပါတယ်။ တစ်နှစ်ဖြစ်ဖြစ်တော့ စောင့်သင့်တာပေါ့”ဟု Lohman ကပြောပါသည်။ ၎င်းသည် အမေရိကန်က မြန်မာနိုင်ငံအတွက် စံသတ်မှတ်ရာတွင် အရေးယူမှုများ အပြီးတိုင်ရုတ်သိမ်းရေးကို ထောက်ခံခဲ့သူဖြစ်ပါသည်။ “စစ်တပ်က သူလုပ်ချင်ရင် ဒါတွေအားလုံး ပြန်ဆုတ်သွားဖို့ လုပ်နိုင်ပါသေးတယ်”ဟု ဆိုပါသည်။

စစ်တပ်တွင်းမှ လက်တံများသည် ဦးသိန်းစိန်ကို ကျော်လွန်၍ လွတ်လပ်စွာလုပ်ဆောင်နိုင်သလားဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာပါသည်။ ဦးသိန်းစိန်က တိုက်ပွဲများရပ်ဆိုင်းရန် အမိန့်ပေးခဲ့သော်လည်း မြန်မာစစ်တပ်သည် ကချင်ပြည်နယ်တွင် ကချင်သူပုန်များကို  ဆက်လက်တိုက်ခိုက်လျက်ရှိပါသည်။

“စစ်တပ်က အားကောင်းတဲ့ အင်အားစုအဖြစ် ဆက်ရှိနေလိုတယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ အစိုးရအဖွဲ့မှာ ပါနေတဲ့ ယူနီဖောင်းချွတ် ဗိုလ်ချုပ်ဟောင်းတွေကြားမှာ ကွဲပြားမှုရှိနေနိုင်ပါတယ်”ဟု Clapp ကပြောပါသည်။

အကြီးတန်းအမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဦးသိန်းစိန် သတိပေးထား သော်လည်း မြောက်ကိုရီးယားနှင့် စစ်ရေးအရဆက်ဆံမှုများ ရပ်မသွားသေးကြောင်း၊ ထို့ကြောင့် အမေရိကန် သည် ထိုကိစ္စအား မြန်မာအစိုးရနှင့် စကားပြောရဦးမည်ဖြစ်ကြောင်း ဆိုပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုလုပ်ရန် မူဝါဒချမှတ်စဉ်က အဓိကရည်မှန်းချက်မှာ မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေမှုများ ရပ်ဆိုင်းသွားရေးဖြစ်ပါသည်။ သို့သော် ထိုသို့ဆက်လက် လုပ်ဆောင်နေပါက ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ပြုံယမ်း၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်ကို အကူအညီပေးသည့်သဘောရှိပါသည်။

သို့သော်လည်း အိုဘာမားအစိုးရက မြန်မာစစ်တပ်ကို လက်တစ်ကမ်းအကွာတွင်ထားခြင်းထက် ဆက်ဆံရေး ပြုလုပ်ခြင်းသည် ပို၍အလုပ်ဖြစ်သည်ဟု ဆုံးဖြတ်ထားပုံ ရပါသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမေရိကန်စစ်တပ် ထိုင်းနိုင်ငံတွင် စစ်ရေးလေ့ကျင့်ရာသို့ မြန်မာနိုင်ငံအား လေ့လာရန်ဖိတ်ကြားခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် လှုပ်ရှားသူ အမေရိကန်အခြေစိုက်သူ အောင်ဒင်က ထိုသို့သောလုပ်ရပ်သည် မိမိတိုင်းသူပြည်သားများအပေါ် တိုက်ခိုက်ပြီး ရက်စက်မှုများ ကျူးလွန်နေသော စစ်တပ်တစ်ခုကို အသိအမှတ် ပြုလိုက်သလိုဖြစ်သည်ဟု ရှုမြင်ပါသည်။ ၎င်းကပြောကြားရာတွင် အရှေ့တောင်အာရှတွင် အာဏာရှင်မှ ဒီမိုကရေစီသို့ ကူးပြောင်းထားသော အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှ စစ်ဦးစီးချုပ်များကို အမေရိကန်နှင့် မဆက်ဆံမီ ဦးစွာ မြန်မာနှင့် ဆက်ဆံစေသင့်သည်ဟု ဆိုပါသည်။

သို့သော် Clapp က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ-မူဆလင် အရေးအခင်းအပါအဝင် ပြည်တွင်းပြဿနာများ ဖြေရှင်းရန် ဝါရှင်တန်အနေဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို အကြံပေးနေသည်ထက် ကျော်လွန်၍ များစွာလုပ်ပေးနိုင်သည်များရှိကြောင်း သတိပေးပြောကြားခဲ့ပါသည်။

“ကျွန်မတို့ပါဝင်ပတ်သက်ပြီး ဖြစ်နေတဲ့နေရာကို ရပ်ပစ်လို့မရပါဘူး။ ဒါ သူတို့ကိစ္စ သူတို့ရဲ့ စမ်းသပ်မှုပါပဲ”ဟု Clapp ကဆိုပါသည်။


မြန်မာတယ်လီဖုန်းတင်ဒါအတွက် Vodafone နှင့် China Mobile လက်တွဲ

(Scotsman မှ 5 April 2013 ရက်စွဲပါ Vodafone joins China Mobile in Myanmar bid သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

မြန်မာနိုင်ငံတွင် ချပေးတော့မည့် တယ်လီဖုန်းအော်ပရေတာလိုင်စင်ကို လျှောက်ထားရန်အတွက် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းအော်ပရေတာကုမ္ပဏီနှစ်ခုဖြစ်သော Vodafone နှင့် China Mobile တို့ လက်တွဲလိုက်ကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိမိုဘိုင်းအော်ပရေတာနှစ်ခုမှ လေးခုသို့ တိုးချဲ့ရန် အစိုးရက လုံးပမ်းနေရာ ထိုလိုင်စင် လျှောက်ထားရန် ကြိုးစားသည့်အနေဖြင့် ပူးတွဲကုမ္ပဏီဖွဲ့ရန် အထက်ပါတယ်လီဖုန်းကုမ္ပဏီကြီးနှစ်ခု သဘောတူညီ လိုက်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ အနက် ငယ်ရွယ်၍ ပညာတတ်သူအရေအတွက် သိသိသာသာများပြားခြင်း၊ နှစ်စဉ် GDP ကြီးထွားနှုန်း ၅.၅ ရာခိုင်နှုန်းရှိခြင်း၊ မိုဘိုင်းဖုန်းသုံးစွဲမှု ပျံ့နှံ့နှုန်း ၁၀ ရာခိုင်နှုန်းပင် မရှိသေးခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့မိုဘိုင်းစီးပွားရေးနယ်ပယ်အတွက် အရေးကြီးသော ဈေးကွက်တစ်ခု ဖြစ်နေသည်ဟု Vodafone ကပြောကြားသည်။

“အော်ပရေတာလိုင်စင် တင်ဒါခေါ်တာဟာ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုလည်း မြှင့်တင်နိုင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်”ဟု Vodafone ကုမ္ပဏီက ဆိုပါသည်။

ယခုချထားပေးမည့် နိုင်ငံခြားအော်ပရေတာလိုင်စင်နှစ်ခုအတွက် စိတ်ဝင်စားကြောင်းအဆိုပြုထားသော ကုမ္ပဏီ ၉၁ ခုခန့်ရှီသည်ဟု မြန်မာအစိုးရက ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။ တယ်လီဖုန်းသုံးစွဲမှုကို ၂၀၁၆ တွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် တိုးမြှင့်သွားမည်ဟုလည်း မြန်မာအာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားပါသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်းအော်ပရေတာလိုင်စင် တင်ဒါချထားပေးမည့်ကိစ္စတွင် ကုဋေကြွယ်သူဌေးကြီး ဂျော့ဆိုးရော့ကလည်း ပါဝင်ပတ်သက်နေသည်။

“တယ်လီဖုန်းဆက်သွယ်ရေးဈေးကွက်ကို ဖြေလျော့ပေးတာဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ စီးပွားရေး လှုံ့ဆော်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ၎င်းကကြေညာချက်ထုတ်ပြန်ပြောဆိုထားသည်။


မြန်မာ့ဈေးကွက်အကြောင်း စင်ကာပူကုမ္ပဏီများ ကောင်းစွာနားလည်ရန် SBF အကူအညီပေးမည်

(Channel News Asia မှ 4 April 2013 ရက်စွဲပါ SBF to help companies better understand Myanmar market ကိုဘာသာပြန်ဆိုသည်)

credit by online

စင်ကာပူပြည်တွင်းကုမဏီများအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်ကို ကောင်းစွာနားလည် သဘောပေါက် နိုင်ရေးအတွက် စင်ကာပူစီးပွားရေးလုပ်ငန်းဖက်ဒရေးရှင်း(SBF) က ယခုနှစ်အတွင်း အစီအစဉ်သစ်တစ်ရပ်ဖော်ထုတ်ကာ အကူအညီ ပေးသွားမည်ဖြစ်သည်။

ယင်းအစီအစဉ်သစ်အတွက် SBF က မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့်ပူးတွဲလုပ်ကိုင်သွားမည်ဖြစ်သည်။

အစီအစဉ်အရ SBF နှင့် UMFCCI တို့သည် နားလည်မှုစာချွန်လွှာတစ်ရပ်(MoU) ရေးထိုးမည်ဖြစ်သလို နိုင်ငံတကာစီးပွားရေးဖဲလိုးရှစ်(International Business Fellowship) အတွက် Executive Programme တစ်ရပ်ကို စီစဉ်ပေးသွားမည်ဖြစ်သည်။

Executive Programme  မှာ အမှုဆောင်အရာရှိ(စီအီးအို)များ၊ ဘဏ္ဍာရေးအရာရှိချုပ်များ(CFO) ကို  အဓိကပစ်မှတ်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ရက်သတ္တတစ်ပတ်တာမျှ ဈေးကွက်သင်တန်းပို့ချမှုလည်းပါဝင်မည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် စင်ကာပူနိုင်ငံမှ ပါဝင်တက်ရောက်သူ အယောက် ၃၀ ခန့်အနေဖြင့် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းဆောင်တာများ၏ ဒိုင်းနမစ်သဘောတရားများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတတ်ပညာများကို နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို စင်ကာပူ International Enterprise(IE)က ပူးတွဲငွေကြေးထောက်ပံ့ကူညီမည်ဖြစ်သည်။

လတ်တလောအနေအထားတွင် စင်ကာပူမှ စီအီးအို ၃၂ ဦးပါဝင်သော SBF ကိုယ်စားလှယ်အဖွဲ့မှာ ကုန်သွယ်ရေးမစ်ရှင်အဖြစ် ဧပြီလ ၃ ရက်မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည်။ အဆိုပါပုဂ္ဂိုလ်များတွင် ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကုန်စည်ထေက်ပို့မှုနှင့် အိမ်ခြံမြေဝန်ဆောင်မှု အစရှိသည့် အခန်းကဏ္ဍတို့မှ စီးပွားရေးခေါင်းဆောင်များ ပါဝင်သည်။

SBF သည် ယမန်နှစ်က စီးပွားရေးမစ်ရှင် ၃ ခုကို စီစဉ်ခဲ့သည်။ ယင်းမစ်ရှင် ၃ ခုတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် စင်ကာပူကုမဏီ ၁၇၈ ခုမှ အယောက် ၂၆၀ ခန့်ပါဝင်သည်။ SBF ဥက္ကဌ တိုနီချွားက စီးပွားရေးမစ်ရှင်ကို ဦးဆောင်လျက်ရှိသည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နိုင်ရေးတွက် စင်ကာပူစီးပွားရေးလုပ်ငန်းတွေဆီက သိသာထင်ရှားသော စိတ်ဝင်စားမှုတွေရှိနေပါသည်။ SBF က စီစဉ်သော စီးပွားရေးမစ်ရှင်၏ အဓိက ရည်မှန်းချက်မှာ စင်ကာပူနှင့် မြန်မာအကြား စီးပွားရေးလုပ်ငန်းအချင်းချင်း အပြန်အလှန်ဆက်ဆံရေး ပေါ်ပေါက်လာရေးပင်ဖြစ်သည်။ ပုံမှန်ဆက်ဆံမှုများ ပြုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးမဟာမိတ်ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုအင်အားကောင်းမွန်လာအောင်လည်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။ SBF အနေဖြင့် မြန်မာနိုင်ငံမှ အလားတူအဖွဲ့ဖြစ်သော UMFCCI နှင့် အနီးကပ်လုပ်ကိုင်သွားမည်ဖြစ်သည်” ဟု တိုနီချွားက ကြေညာချက်ထုတ်ပြန်သည်။


         


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment