Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

တစ်ပတ်အတွင်း နိုင်ငံရေးသတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင် ပြလိုက်ပါသည်။

သတင်းအဖွဲ့

နိုင်ငံရေးစနစ်အပြောင်းအလဲနှင့်အတူ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား အံ့သြစရာကောင်းလောက်အောင် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနုနုတွင် စိန်ခေါ်မှုပြဿနာမျိုးစုံနှင့် ကြုံတွေ့ရသည်များရှိသကဲ့သို့ အပြောင်းအလဲမှာ လူထုကြားသို့မရောက်၊ လူထုအတွက် အကျိုးမရှိ၊ မသိသာ ဟုပြောနေသော အသံများကြားမှပင် ပြည်သူလူထုထံသို့ သိသိသာသာရောက်ရှိလာသော နိုင်ငံရေးအပြောင်းအလဲများအား ယခုတစ်ပတ်အတွင်း နိုင်ငံရေးသတင်းများစုစည်းမှုအဖြစ် အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်။

အုပ်ချုပ်ရေးဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုများ

ဖြစ်လာတော့မည့် အစိုးရ၏ တန်ဖိုးနည်းဖုန်း ကတိကဝတ်

photo credit by online

ဧပြီလ ၁ ရက်နေ့တွင် ထွက်ရှိမည်ဟူသော မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ယင်းနေ့က မထွက်ရှိနိုင်ခဲ့ သော်လည်း ဧပြီလ ၂၄ ရက်နေ့တွင် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် လစဉ် ဖုန်းအလုံးရေ သုံးသိန်းခွဲအား ခွဲဝေရောင်းချပေးသွားမည်ဟူသော ကြေညာချက်ကို ဧပြီလ ၃ ရက်နေ့ညတွင် ရုပ်မြင်သံကြားမှ ကြေညာပေးခဲ့သည်။ ဖုန်းရောင်းချရာတွင် အရေအတွက်အားဖြင့် ကန့်သတ်ထား သကဲ့သို့ ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍လည်း အမှန်တကယ် အသုံးပြုရန် လိုအပ်သူများသာ ဝယ်ယူအသုံးပြုနိုင်ရန်နှင့် မှောင်ခိုဈေးကွက်ဖြစ်မှုကို ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း ငွေဖြည့်သုံးစွဲခြင်းမပြုသူများအား ဖုန်းလိုင်းပိတ် မည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်လပြည့်သောအခါ ကျပ် ၅၀၀၀ ဖိုးပြည့်အောင် မသုံးစွဲပါက အလိုအလျောက် ဖြတ်တောက် သွားမည်ဖြစ်ကြောင်းတို့ကိုလည်း ကြေညာခဲ့သည်။

မည်သို့ပင် ကန့်သတ်ချက်များ ရှိနေစေကာမူ နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်နေရသော မြန်မာပြည်သူ များအဖို့ တန်ဖိုးနည်းဖုန်းအိပ်မက်၏ ကနဦးလက်တွေ့ဖြစ်ထွန်းမှုတစ်ခုပင် ဖြစ်ပါသည်။ဖုန်းနှင့်ပတ်သက်သည့် စက်ပစ္စည်း များတပ်ဆင်ခြင်း၊ တာဝါတိုင်များ နိုင်ငံအနှံ့စိုက်ထူခြင်းနှင့် အကန့်အသတ်မရှိ sim card များကို one stop service ဖြင့် ပေါပေါများများ ဝယ်ယူနိုင်မည့်အချိန်ကိုမူ စောင့်ဆိုင်းရဦးပေမည်။ ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူထားသည့် ကုမ္ပဏီ ၂ ခုကိုလည်း ဇွန်လတွင် ရွေးချယ်အတည်ပြုမည်ဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ တိုးတက်မှုမှာ ရှေ့ဆက်၍ ကောင်းဖို့သာ ရှိတော့သည်ဟု ဆိုချင်ပါသည်။

ပုဂ္ဂလိကသတင်းစားတွေထွက်ပြီ

credit by facebook

မတ်လအတွင်းက သတင်းစာ ၁၆ စောင်ကို ထုတ်ဝေရန် ခွင့်ပြုချက်ပေးခဲ့ပြီး ယခု ဧပြီလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများအဖြစ် The Voice နေ့စဉ်၊ ရွှေနိုင်ငံသစ်၊ စံတော်ချိန်နှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာ ၄ စောင် ပြည်သူလူထုကြားသို့ တစ်စောင်လျှင် ကျပ်နှစ်ရာနှုန်းဖြင့် ရောင်းခဲ့ပြီး ရောင်းအားကောင်းလွန်းသောကြောင့် အချို့နေရာများတွင် တစ်စောင် ၃၀၀ကျပ်နှုန်း ရောင်းချခဲ့ရသည်အထိ ပြည်သူများ၏ သတင်းစားသုံးမှု မြင့်မားခဲ့သည်။

photo credit by online

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတကာ သတင်းဌာနများဖြစ်သော အမေရိကန်နိုင်ငံ The Associated Press (AP) သတင်းဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနတို့ကို ဧပြီ ၁ ရက်နေ့တွင် ရန်ကုန်၌ ရုံးခွဲဖွင့်လှစ်ခဲ့ကြသည်။ ထို့ပြင် အခြားဂျပန်သတင်းဌာနတစ်ခုဖြစ်သော Kyodo News သတင်းဌာနကိုလည်း မြန်မာပြည်တွင် ရုံးခွဲဖွင့်လှစ်ခွင့်ပြုရန် မြန်မာစိုးရက စိစစ်လျက် ရှိကြောင်း သိရပါသည်။

အစိုးရ၏ ကောင်းမွန်သည့် အုပ်ချုပ်ရေးခြေလှမ်း

သန့်ရှင်းသောအစိုးရဖြစ်စေရေးအတွက် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတစ်ရပ်မှာ အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများအပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် အချို့ကိုတာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း တာဝန်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ထိုသူများသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် လိုက်ပါ မဆောင်ရွက်နိုင်သူများ ဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးလည်း ပါဝင်ပါသည်။ အဆိုပါ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရအရာရှိများသည် လာဘ်ပေးလာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာလုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲ ရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရှေ့ဆက်မည့် မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်တွင် မလိုက်နိုင်သူများ ကျန်ရစ်မည်သာ ဖြစ်ပါသည်။

လတ်တလောပဋိပက္ခများနှင့် ပတ်သက်၍

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၊ ၃၄ /၂၀၁၃ ၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီ တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒုတိယ ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။ ယင်းထုတ်ပြန်ချက်တွင် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက်သွားရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ပါဝင်ပတ်သက် ခဲ့သူများကို လူသတ်မှု၊ မီးရှို့မှုတို့ဖြင့် စတင် အရေးယူနေပြီဖြစ်ကြောင်း သိရသည်။ ယခုအခါ ပဋိပက္ခဖြစ်စဉ်များထဲတွင် မိတ္ထီလာမြို့မှ လူသတ်မှု ၁၁ မှု၊ မီးရှို့မှု ၇ မှု၊ လုယက်မှု ၁ မှု နှင့် နာကျင်စေမှု ၁ မှု အပါအ၀င် နိုင်ငံတော် အဆောက်အဦ်ဖျက်ဆီးမှုတို့ဖြင့် အရေးယူထားကြောင်း၊ မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးလျက် ရှိပါသည်။

ဝေဖန်မှုနှင့် စိုးရိမ်မှုများခဲ့သည့် ၄၈လမ်း ဆော်ဒီကီးယား ရေကျော်ဗလီ မီးလောင်မှု

photo credit by online

ထိုသို့သောအခြေအနေတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဆော်ဒီကီးယား ရေကျော်ဗလီသည် ဧပြီလ ၂ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သို့လော သို့လော ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ သို့သော်လည်း ယင်းမီးလောင်မှုမှာ ရှို့မီးမဟုတ်ဘဲ ယင်းအပြာရောင် ဗလီအဆောက်အဦး၏ လှေကားအောက်တွင်ရှိသော မီးအားမြှင့်စက်မှ အပူရှိန်လွန်ကဲကာ လောင်ကျွမ်းခြင်းသာ ဖြစ်ကြောင်း၊ ယင်းဗလီတွင် ကလေး ၇၀ ခန့်ရှိပြီး အဆိုပါလှေကားတည်ရှိရာ အပေါ်ထပ်ရှိ သော့နှစ်ထပ်ခတ်ထားသောအခန်းအတွင်းမှ အသက် ၁၂ နှစ်ဝန်းကျင် ကလေး ၁၃ ဦးမှာ မီးခိုးများမွှန်၍ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့ရကြောင်း၊ ယင်းဗလီတွင် ဗလီဆရာ နှစ်ဦးရှိပြီး တစ်ဦးမှာ ကလေးများ၏ အခန်းကို သော့ဖွင့်ပေးရန် ပျက်ကွက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီး ကျန်တစ်ဦးကို ထိန်းသိမ်းထားကြောင်း စသည်တို့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းစာရှင်း နှစ်ကြိမ်ပြုလုပ်ရှင်းလင်းခဲ့ပါသည်။ ယခုအချိန်တွင် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေနှင့်လည်း ယင်းမီးလောင်မှုမှာ ရှို့မီးမဟုတ်ဘဲ မတော်တဆမီးသာဖြစ်ကြောင်း လက်ခံသည်ဟု သိရှိရပါသည်။

 လက်ပံတောင်းတောင်အရေးကို အကောင်အထည်ဖော်မည့်ကော်မတီ၏ ထုတ်ပြန်ကြေညာချက်

စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအား အကောင်အထည်ဖော်မည့် ကော်မတီက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ၃.၄.၂၀၁၃ နေ့အထိ ဆောင်ရွက်ပြီးစီးမှုများအား ထုတ်ပြန်ကြေညာခဲ့ရာ စီမံကိန်းအတွက် သိမ်းဆည်းထားသောမြေများကို တိုင်းတာခြင်း၊ ပေးအပ်ရန်ကျန်ရှိနေသော လျော်ကြေးငွေများ ပေးအပ်ဆဲအခြေအနေနှင့် ဆက်လက်ပေးအပ်သွားမည့်အကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြောင်းရွှေ့ကျေးရွာများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို တပြိုင်နက်တည်း ဆောင်ရွက်နေခြင်းတို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆက်လက်၍လည်း အခါအားလျော်စွာ သတင်းထုတ်ပြန်မှု ပြုလုပ်ပေးမည်ဟုလည်း ပါရှိပါသည်။

ပါတီလှုပ်ရှားမှုများ

၂၀၁၅ အတွက် ကြိုပြင်နေသည့် ကြံ့ခိုင်ရေး

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက စီစစ်ဆောင်ရွက်လျက်ရှိပြီး ပါတီ၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များကိုလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက် အရွေးခံလိုခြင်းရှိမရှိကို ဆန္ဒသဘောထား ကောက်ခံနေပြီဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်  ပြည်သူလူထုအကျိုးကို စေတနာအပြည့်ဖြင့် စွမ်းဆောင်ပေးနိုင်ခြင်း၊ ပြည်သူနှင့် ဆက်ဆံရေးအဆင်ပြေမည့်သူများဖြစ်ခြင်းတို့ကို အလေးပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ချင်းပါတီနှစ်ခုပူးပေါင်းပြီ

ချင်းပြည်သူလူထုအားလုံးတို့၏ တောင်းဆိုမှုဆန္ဒအရ ချင်းပါတီနှစ်ခုတို့မှ ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တို့၏ သဘောတူ လက်မှတ်ထိုးထားခဲ့ခြင်းကြောင့် ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP)တို့ ပူးပေါင်းပြီး ပါတီတစ်ခုအဖြစ် ရပ်တည်သွားရန် သဘောတူ အတည်ပြုလိုက်ပြီဖြစ်ကြောင်း နှစ်ပါတီခေါင်းဆောင်များ၏ ပြောကြားချက်အရ သိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများအနက် ချင်းတိုးတက်ရေးပါတီသည် လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၂) ဦးအနိုင်ရရှိခဲ့သော ပါတီတစ်ခုဖြစ်ပြီး ချင်းအမျိုးသားပါတီကလည်း လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၁) နေရာအနိုင်ရရှိထားသည့် ပါတီတစ်ခု ဖြစ်သည်။ အဆိုပါ ပါတီနှစ်ခုသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရန် ယခုလိုပူးပေါင်းရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်ပါသည်။

ပထမဦးဆုံးအကြိမ်ကျင်းပသည့် ကရင်ရေးရာ အစည်းအဝေး

နှစ်ပေါင်း ၆၀ ကျော်အကြာတွင် ပထမဆုံး အကြိမ်အဖြစ် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ မတ်လ ၂၉ နှင့် ၃၀ ရက်တို့တွင် ကျင်းပခဲ့သည့် ကရင်ရေးရာ အစည်းအဝေးသို့ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးကို မြန်မာနိုင်ငံအတွင်းရှိ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၊ တရားဝင် ကရင်နိုင်ငံရေး ပါတီများ၊ အစိုးရမဟုတ်သော ကရင်အဖွဲ့အစည်းများ၊ ကရင်မျိုးနွယ်စုများနှင့် ကရင်အမျိုးသားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ပြီး မြန်မာနိုင်ငံအတွင်းရှိ ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် တခြားသော တိုင်းရင်သား လူမျိုးများနှင့် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါသည်။


 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment