WEEK IN ECONOMIC |
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်
တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြ လိုက်ပါသည်။
(၁) ကုန်သွယ်ရေးကဏ္ဍ
နယ်စပ်ကုန်သွယ်မှုပမာဏ မြှင့်တက်
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခုဘဏ္ဍာရေးနှစ် မကုန်သေးသော်လည်း အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ မှောင်ခိုကုန်သွယ်မှုများ ရှိနေသည့်ကြားမှ ယခုနှစ်နယ်စပ်ကုန်သွယ်မှု ပမာဏမြှင့်တက်လာရသည့်အဓိက အကြောင်းရင်းမှာ နယ်စပ်မှ လုပ်ငန်းသုံးယာဉ် များ တင်သွင်ခွင့်ပြုခြင်း၊ နယ်စပ်ကုန်သွယ်မှုပိုင်းတွင် မှောင်ခိုဖမ်းဆီးခြင်း၊ တစ်ပိုင်တစ်နိုင်များကို အလွယ်တကူ လိုင်စင်ပြု ကုန်သွယ်စေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ ၂၀၁၃ ခုနှစ် မတ်လ နောက်ဆုံးပတ်အထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ်နယ်စပ် ကုန်သွယ်မှုပမာဏထက် သန်း ၄၀၀ ကျော် ပိုမိုမြင့်တက် လာခဲ့ကြောင်း သိရှိရသည်။
ကုန်သွယ်ရေးလိုငွေပြနေသည့် အင်ဒိုနီးရှားနှင့် ကုန်သွယ်မှု
၂၀၁၂ - ၂၀၁၃ ခုနှစ် အင်ဒိုနီးရှား - မြန်မာ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၁၄ သန်း အထိရှိ ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးလိုငွေ ပြလျှက်ရှိကာ နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၁၆ ခုနှစ်တွင် တစ်ဘီလျံ အထိ တိုးမြင့်သွားရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၁၄ သန်းရှိသည့်အနက် သွင်းကုန်ပမာဏမှာ ၁၈၃ သန်းရှိခဲ့ပြီး ပို့ကုန် ပမာဏမှာ ၃၁ သန်းသာရှိခဲ့သောကြောင့် ကုန်သွယ်မှု လိုငွေပြခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
(၂) ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
MIC ၏ ခွင့်ပြုချက်များ
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ( MIC ) ၏ ၁၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုဥပဒေအရ လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းရှစ်ခုတွင် CMP စနစ်ဖြင့် အထည်ချုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ BOT စနစ်ဖြင့် လမ်းတံတား အသုံးပြုခကောက်ခံခြင်းလုပ်ငန်း၊ အင်တာနက်ကေဘယ်ကြိုးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း နှင့် BOT စနစ်ဖြင့်ငှားရမ်း၍ ဟိုတယ်၊ ရှော့ပင်းမော၊ရုံးခန်း၊ တိုက်ခန်းနှင့် စီးပွားရေးရေးဆိုင်ရာ အဆောက်အအုံ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေအရ ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့သည့်လုပ်ငန်းများမှာမူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် သစ်အချောထည် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဖြစ်ပြီး Concorde Commodities Pte. Ltd အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
တီးတိန်မြို့ရှိ မြွေတောင်စီမံကိန်း
နီကယ်နှင့် သတ္တုရိုင်း အမြောက်အမြားတူးဖော်ရရှိနိုင်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို တာဝန်ယူတူးဖော်မည့် North Minin Investment ကုမ္ပဏီ ဘူမိဗေဒအရာရှိချုပ် ဦးလင်းမြင့်ကပြောကြား ခဲ့ကြောင်းသိရသည်။ အဆိုပါမြွေတောင်တွင် စီးပွားဖြစ်ထုတ်ယူနိုင်သော နီကယ်နှင့် သံရောရာ သတ္တုရိုင်းသိုက် သုံးခုရှိပြီး ထိုသတ္တုသိုက်များတွင် ပျမ်းမျှ နီကယ် ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသော သတ္တုရိုင်းစုစုပေါင်း မက်ထရစ် တန်ချိန် ( ၄၂,၂၁၀,၀၀၀ ) ခန့်ရှိနိုင်ပြီး သန့်စင်ပြီး နီကယ် မတ်ထရစ် တန်ချိန် ( ၅၉၅,၀၀၀) ခန့်ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း North Minin Investment ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။
(၃) ဘဏ္ဍာရေးကဏ္ဍ
Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်းတိုးတက်စေရန် အကူညီပေး
credit by online
ဂျပန်နိုင်ငံ၏အကြီးမားဆုံး ဘဏ်တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများတိုးတက်စေရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးနိုင်ရန် အတွက် ပညာရှင်များနှင့် အကြံပေးပုဂ္ဂိုလ်များ လာရောက်ကူညီမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဘဏ်နှစ်ဘဏ်အကြား လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် သမဝါယမ ဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခဲ့ ကြောင်းသိရှိရသည်။
ဂျပန်မှ တရားဝင်ဖွံဖြိုးမှုအကူအညီချေးငွေသစ် ထုတ်ချေးမည်
မြန်မာနိုင်ငံ၏ အဓိကမြို့တော် ရန်ကုန်မြို့ မီးလင်းရေး၊ သီလဝါ ဆိပ်ကမ်းဖွံဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချ ရေးတို့အတွက် ဂျပန်နိုင်ငံမှ တရားဝင်ဖွံဖြိုးမှုအကူညီချေးငွေသစ်အဖြစ် ဂျပန် ယန်းငွေ ၅၁ ဒဿမ ဘီလျံ ( အမေရိကန် ဒေါ်လာ ၅၃၇ သန်းခန့် ) ထပ်မံထောက်ပံ့ရန် ဂျပန်အစိုးရမှ ဆုံးဖြတ်ထားကြောင်း သိရှိ ရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ လုပ်ငန်းစီမံကိန်းသုံးခုအတွက် ချေးငွေသစ် ထုတ်ချေးပေးခြင်းဖြစ်ပြီး ပထမစီမံကိန်းမှာ ဆင်းရဲနွမ်းပါးမှု လျော့ချမည့် ဒေသဖွံဖြိုးရေး စီမံကိန်းဖြစ်ပြီး ဂျပန်ယန်းငွေ ၁၇ ဘီလျံ ၊ ဒုတိယစီမံကိန်းမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်ရေးနှင့် အဆင့်မြှင့် တင်ရေး စီမံကိန်းဖြစ်ပြီး ဂျပန်ယန်းငွေ ၁၄ ဒသမ ၀၅၂ ဘီလျံနှင့် တတိယစီမံကိန်းဖြစ်သည့် သီလဝါဆိပ်ကမ်းဖွံဖြိုးရေး အတွက် ဂျပန်ယန်းငွေ ၂၀ ဘီလျံထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(၄)ဖွံဖြိုးတိုးတက်ရေး အကူအညီများ ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာအထည်ချုပ်လုပ်ငန်းကို အကူအညီပေးမည်
photo credit by online
အင်္ဂလန်နိုင်ငံ၊ ယော့ရှိုင်းယားနယ်အခြေစိုက် ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းတိုးတက်ရန်ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်စ စီးပွားရေးလုပ်ငန်းများကို ကူညီရန် ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံနှင့် စပ်တူလုပ်ငန်းများ လုပ်ကိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းကို နိုင်ငံတကာသို့ ပို့ကုန်တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ SMEs များ ဖွံဖြိုးရေး နယူးဇီလန် ကူညီမည်
နယူးဇီလန်နိုင်ငံ၏ အကူအညီဖြင့် မဲခေါင် အင်စတီကျု့က မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် နည်းပညာများနှင့် ငွေကြေးထောက်ပံ့မှုပေးရန် ရှိကြောင်းသိရသည်။ မဲခေါင် အင်စတီကျု့မှ ပြုလုပ်ခဲ့သော သုတေသနလုပ်ငန်းများအရ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကအခက်အခဲမှာ ဈေးကွက်သတင်းအချက်အလက် မရရှိခြင်းဖြစ်ပြီး အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် ကူညီမည့် အစီစဉ်ကို သုံးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ထား ယခုနှစ်တွင် စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ - စင်ကာပူ စီးပွားရေးပူးပေါင်းမှု အရှိန်မြှင့်မည်
၄၇ နှစ်အကြာ ပထမဆုံးလာရောက်သော စင်ကာပူသမ္မတဖြစ်သည့် မစ္စတာတိုနီတမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အလွန် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်ရန်ရှိကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI ) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။ စင်ကာပူ ကုန်သွယ်ရေးအသင်းချုပ်( SBF ) နှင့် UMFCCI တို့ သည်ဧပြီလ ၄ ရက်နေ့က ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်မှာ ချုပ်ဆိုခဲ့ပြီး စင်ကာပူ ဆောက်လုပ်ရေးနှင့် ဟိုတယ်လုပ်ငန်း ကုမ္ပဏီ Youth Force နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီ Sing Tel တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။