Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. စွန့်ပစ်အမှိုက်မှတစ်ဆင့် CNG အစားထိုးဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားထုတ်ယူုမည်
  2. ‘ဝ’ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှု လွှတ်တော်ကသာ ဆုံးဖြတ်မည်
  3. DKBA နှင့် BGF အကြားဖြစ်ပွားခဲ့သည့်ပြဿနာများဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြမည်
  4. ပါတီတွင်း သဘောထားကွဲလွဲမှုများကို ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သွားမည်

စွန့်ပစ်အမှိုက်မှတစ်ဆင့် CNG အစားထိုးဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားထုတ်ယူုမည်

ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ မော်တော်ကားများတွင် CNC ဓာတ်ငွေ့အစားထိုးနှင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် စွန့်ပစ်အမှိုက်များမှတစ်ဆင့် CNG အစားထိုးဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြသည်။

ထိုသို့အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှု စီမံကိန်းကို ပြည်တွင်းပြည်ပရှိ ဖက်စပ်ကုမ္ပဏီများအား အကြိုတင်ဒါခေါ်ယူခဲ့ပြီး ကုမ္ပဏီကြီး(၁၀)ခုအား ရွေးချယ်ကာ အမှိုက်မှဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရေးလုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွေးချယ်ထားသည့် ကုမ္ပဏီ(၁၀)ခုအနက် CNC အစားထိုး ဓာတ်ငွေ့ဖြစ်သည့် CPN(မီသိန်းဓာတ်ငွေ့) စွမ်းအင် ထုတ်လုပ်နိုင်ရန် ကုမ္ပဏီ(၁)ခုကိုသာ ရွေးချယ်လုပ်ကိုင်စေခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း ကုမ္ပဏီ(၁)ခုကိုသာ လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအမှိုက်မှ စွမ်းအင်ထုတ်လုပ်မှုစီမံကိန်းများ စတင်အကောင်အထည် ပေါ်ပေါက်လာပါက  မော်တော်ကားများမောင်းနှင်ရန် CNC  အစားထိုးဓာတ်ငွေ့ ရရှိလာမည်ဖြစ်သည့်အပြင် ပြည်သူများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါစီမံကိန်း ပြီးစီး သွားပါက ပြည်သူများလျှပ်စစ်ဓာတ်အား ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုလည်း အများ ဆုံးလျှော့ချ ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အမှိုက်များကို မြေပေါ်သို့ စနစ်တကျမစွန့်ပစ်ရာမှ ထွက်ရှိလာသည့် မီသိန်းဓာတ်ငွေ့တစ်တန်သည် ကာဗွန်ဒိုင် အောက်ဆိုဒ် ၂၁တန်နှင့် ညီမျှကာ ကမ္ဘာမြေရဲ့ အိုဇုန်လွှာကိုပျက်စီးစေသည်။

အမှိုက်မှတစ်ဆင့် CNG အစားထိုးဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုများကို လှိုင်သာယာရှိ ထိန်ပင် အမှိုက်ပုံ နှင့် မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်အမှိုက်ပုံတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စွန့်ပစ်အမှိုက်မှ ရရှိသည့် CNC အစားထိုးဓာတ်ငွေ့ CPN(မီသိန်းဓာတ်ငွေ့)သည် ၉၂ ရာခိုင်နှုန်းခန့်  ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ ဖယ်ရှားထားပြီး CNC (အစားထိုးဓာတ်ငွေ့)မှာ ၁၀၀ရာခိုင်နှုန်းဖယ်ရှားပြီးဖြစ်သော ဓာတ်ငွေ့ဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်တွင် ရန်ကုန်မြို့၌တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၅၀၀ မှ ၁၆၀၀အထိ ထွက်ရှိလျှက်ရှိကြောင်း သိရှိရသည်။

YC


‘ဝ’ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှု လွှတ်တော်ကသာ ဆုံးဖြတ်မည်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်နှင့်စီးပွားရေး အထောက်အပံ့များ ရယူနေသည်ဟု စွပ်စွဲခြင်းခံထားရသော ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုမှုသည် လွှတ်တော်နှစ်ရပ်ကသာ အဆုံး အဖြတ်ပေးရမည့်ကိစ္စဖြစ်ကြောင်း အစိုးရကဖွဲ့စည်းထားသည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

မေလ ၁၀ ရက်က ရှမ်းပြည်နယ် ‘ဝ’အထူးဒေသ(၂)ပန်ဆန်းမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့နှင့်‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီတို့ တွေ့ဆုံခဲ့ရာတွင် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက ‘ဝ’ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

‘ဝ’၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုမှုသည် အစိုးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီထံတွင် တောင်းဆို၍ ရရှိနိုင်မည်မဟုတ်ဘဲ လူထုမှရွေးချယ်ထားသော လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ပေါ်တွင်သာ မူတည်ကြောင်း အဆိုပါ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူကပြောကြားခဲ့သည်။

အဆိုပါကိစ္စသည်လွှတ်တော်တွင် ပထမဆုံးအကြိမ်အဖြစ် တံခါးပိတ်ဆွေးနွေးရမည့်ကိစ္စဖြစ်လာနိုင်ပြီး ‘ဝ’ဒေသတွင် ရှိနေသော တိုင်းရင်းသားများသည် ‘ဝ’လူမျိုးမဟုတ်ဘဲ တခြားလူမျိုးများ ဖြစ်နေနိုင်သည့်အချက်တို့ကို ပြန်လည်သုံးသပ် ရမည်ဖြစ်ပြီး၎င်း၏အမြင်တွင် ‘ဝ’အားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် စောလွန်းနေသေးကြောင်း ပြည့်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့် ကပြောကြားခဲ့သည်။

‘ဝ’အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုပိုင်ခွင့်ရှိသော်လည်း မဖြစ်သင့်သေးသော ကိစ္စတစ်ခုဟု ယူဆ ပြီး မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြသည့်အတွက် ‘ဝ’အား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်ပါက ပြည်ထောင်စု လမ်းကြောင်းသည် မခိုင်မာသည့်သဘော ဖြစ်လာနိုင်ကြောင်း ရှမ်းမျိုးဆက် အင်အားစုအဖွဲ့ဝင် စိုင်းအောင်မြင့်က ပြောကြားခဲ့ သည်။

လက်နက်ကိုင်အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရန်ပြည်သူ့ စစ်အင်အား ၁၀၀၀၀ ကျော်ခန့် ရှိနေသော ‘ဝ’ သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)သည် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ လက်အောက်တွင်ရှိနေပြီး ပန်ဆိုင်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန်ဒေသများတွင် အဓိကလှုပ်ရှားလျက်ရှိပြီး မကြာသေးမီက UWSA သို့ တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သည်ဆိုသော သတင်းများထွက်ပေါ်လာနေခဲ့ကြောင်း သိရှိရသည်။

တရုတ်ဗဟိုအစိုးရနှင့် UWSA တိုက်ရိုက်ထိတွေ့ခြင်း မရှိသော်လည်း တရုတ်ဗဟိုအစိုးရ လက်အောက်ရှိ ပြည်နယ် အစိုးရနှင့် USWA တို့သည် အနည်းနှင့်အများ ပူးပေါင်းမှုများရှိနေသည်ဟု ထင်မြင်ယူဆမိပြီး တရုတ်ပြည်နယ်အစိုးရ အနေ ဖြင့် UWSA နှင့် ပူးပေါင်းဆောင်ရွက်မှုများသည်  ပွင့်လင်းမြင်သာမှု ရှိမှသာလျှင် တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန် နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားခဲ့သည်။

‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် ခွင့်ပြုပေးရန် ၂၀၁၂ ခုနှစ် အတွင်းမှစတင်ပြီး တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


 

DKBA နှင့် BGF အကြားဖြစ်ပွားခဲ့သည့်ပြဿနာများဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြမည်

ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်ခြားစောင့်တပ်(BGF)တို့ အကြားဖြစ်ပွားခဲ့သည့် ပြဿနာများဖြေရှင်းရန်နည်းလမ်းများကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့သို့ တင်ပြ သွားမည်ဖြစ်ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦး ကပြောကြားခဲ့သည်။

DKBA နှင့် BGF တို့အကြား ဧပြီလကုန်ပိုင်းက သုံးရက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုအပေါ် လေ့လာဆန်းစစ်နိုင် ရန် Myanmar Peace Center မှ အပစ်အခတ်ရပ်စဲရေး ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးနှင့် Peace Dialogue ဌာနမှ တာဝန်ရှိသူ ဦးအောင်နိုင်ဦးတို့က မေလ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် DKBA နှင့် BGF တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

DKBA နှင့် BGF တို့မှ နယ်မြေခံတပ်မှူးများနှင့် တွေ့ဆုံ၍ ၎င်းတို့၏နောက်ဆုံး အခြေအနေများကို မေးမြန်းခဲ့ပြီး လာမည့်ကာလများတွင် တိုက်ပွဲများထပ်မံမဖြစ်ပွားစေရန် တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့ကာ နှစ်ဖက်တပ်များ၏ အောက်ခြေ ပိုင်းတွင် အရှုပ်အထွေးများဖြစ်တက်သည့် ကိစ္စများကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရန် ပြောကြားခဲ့ကြောင်း ဦးအောင်နိုင်ဦး က ပြောကြားခဲ့သည်။

DKBA နှင့် BGF တို့မှ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေသောကြောင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်လာရန် ကြိုးစားသွားရမည်ဖြစ်ပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် တွေ့ဆုံဆွေးနွေးမှု အစီရင်ခံစာများ ကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်များက ယခင် DKBA တပ်ဖွဲ့များနှင့် ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ်(BGF)နှင့် DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဟတ်ကြီးရေကာတာ စီမံကိန်းအား အကြောင်းပြု၍ DKBA တပ်စခန်းများကိုရွေ့ပြောင်းရန် တပ်မတော်မှ အကြောင်းကြားမှုများနှင့် ပတ်သတ်ပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်များအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကဲ့သို့ တင်းမာမှုများ ဖြစ်ပေါ်လာပြီးနောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုမှ တာဝန်ရှိသူများက ယခုကဲ့ သို့ ကရင်ပြည်နယ်သို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ပါတီတွင်း သဘောထားကွဲလွဲမှုများကို ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သွားမည်

လက်ရှိဒီမိုကရေစီမိတ်ဆွေ ပါတီများအကြား အမြင်မတူညီမှုများကြောင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိ သည့်အတွက် ယင်းအမြင် မတူညီမှုများကို စုပေါင်းတွေ့ဆုံဆွေးနွေး အဖြေရှာ၍ ပါတီများအကြား ပူးပေါင်းဆောင်ရွက်မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဒီမိတ်(၁၀)ပါတီအကြား အမြင်မတူညီမှုများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြထားသော အချိုးကျရွေးကောက်ပွဲ စနစ်(PR)နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလမှစတင်၍ ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီမိတ်ဆွေပါတီများဖြစ်သည့် ဒီမိုက ရေစီအင်အားစုပါတီများနှင့်  တိုင်းရင်းသားပါတီများအကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု သတင်းထွက်ပေါ်နေမှု အပေါ် ပာုတ်မှန်ခြင်းမရှိကြောင်း ဒီမိတ်(၁၀)ပါတီမှ တာဝန်ရှိသူများက မေလ ၁၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော အစည်း အဝေးတွင် ပြန်လည်ငြင်းဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဒီမိတ်(၁၀)ပါတီရှိ တာဝန်ရှိသူများက လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပါတီတွင်းအမြင် ဖလှယ်ခြင်းများ၊ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိပါတီများအကြား ဖြစ်ပေါ်လျက်ရှိသော သဘောထားကွဲလွဲမှု၊ အမြင်မတူညီမှုများကိုပေါင်းစပ်၍ ရှေ့ လုပ်ငန်း စဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ အတွင်းရေးမှူး(၁)ဦးကြည်သန့်က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီ မိတ်ဆွေပါတီများတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနှင့် တိုင်းရင်းသားပါတီများအဖြစ် ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ စသည်  တို့ ပါဝင်ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment