Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တိုက်ပွဲဖြစ်တာကြာလို့ သူတို့ဘက်က စစ်ကူတွေတစ်ဖွဲဖွဲ ရောက်လာတယ်။ အစိုးရတပ်မတော်က အင်အား ၅၀၀-၆၀၀ နဲ့ ကျွန်တော်တို့ကို တိုက်တာ။ ကျွန်တော်တို့အဲဒီဒေသမှာ ပြောက်ကျားတပ်သားနဲ့ လှုပ်ရှားနေတဲ့တပ်ဖွဲ့ ၁၀၀-၂၀၀ နီးပါး ရှိတယ်။ တပ်ကလည်း ပြန့်ကြဲနေတော့ တစ်နေရာတည်းမဟုတ်တော့ အင်အားချင်းကွာတယ်။ မခံနိုင်တော့ ဆုတ်ပေးလိုက် တယ်။ နောက်လက်နက်ကြီးတွေ ကျည်ဆန်တွေကလည်းကျတာ တအားများတော့ ရွာသားတွေရဲ့ အိမ်ခြေတွေကို ထိခိုက် ပျက်စီးမှုတွေများတော့ တပ်မှူးကမလိုလားဘူး၊ ဆုတ်ပေးလိုက်တယ်။ ညနေ ၃ နာရီလောက်မှာ တပ်စခန်းကနေ ဆုတ်ခွာ ပေးလိုက်တယ်။ တပ်တွေကတော့ အရင်တုန်းက အပစ်အခတ်မရပ်စဲတဲ့အနေအထားပဲ ဆက်ရပ်တည်သွားမယ်၊ ပြောက်ကျား တပ်လိုပဲ ဆက်လှုပ်ရှားသွားမယ်လို့တော့ ဆက်အစီရင်ခံထားတယ်။”

မေလ ၁၆ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၃) အမှတ် (၁၄၅) တွင်ပါရှိသော “တပ်မတော်က အပစ်ရပ်၊ ရှမ်းတပ်စခန်းကို သိမ်းပိုက်၊ ဒုက္ခသည်ထောင်ချီ ထွက်ပြေး” သတင်းမှ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)အဖွဲ့ ပြောခွင့်ရဗိုလ်မှူး စိုင်းလောဝ်ဆိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတက လွှတ်တယ်။ ပြည်ထဲရေးက ပြန်ဖမ်းတယ်။ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေးကို သွားနေတဲ့အချိန်မှာ ပြည်ထဲရေးက အခုလိုလုပ်နေတော့ သမ္မတရဲ့ ဂုဏ်သိက္ခာကိုကျစေတယ်။ သမ္မတထက် ပြည်ထဲရေးကပိုပြီး လက်စောင်း ထက်နေသလိုဖြစ်နေတာပေါ့။”

မေလ ၁၇ ရက်နေ့ထုတ် လူထုပုံရိပ် အတွဲ (၁) အမှတ် (၃၃) တွင်ပါရှိသော “သမ္မတထက်ပြည်ထဲရေး လက်စောင်း ထက်” သတင်းမှ တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြင်ဆင်မှုရှိတယ်ဆိုတာ မဟုတ်ပါဘူး။ မနေ့တုန်းကအထိ IDP ဒုက္ခသည်တွေ အများစုကို ရွှေ့ပြောင်းမှုတွေ မလုပ်ရသေး ပါဘူး။ ဒီနေ့တော့ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်လာလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ မနေ့ကအထိတော့ ဒုက္ခသည် ၆ သောင်းခွဲဟာ ရေဘေးဒဏ်ခံရလေ့ရှိတဲ့ ဒေသတွေမှာရှိနေတုန်းပါပဲ။ ဒီလူတွေကို နေရာရွှေ့ပေးဖို့ဆိုပြီးတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ် အာဏာပိုင်နဲ့ ဦးသိန်းစိန်အစိုးရတို့ကို ပြီးခဲ့တဲ့လတွေကတည်းက တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အရေးယူဆောင်ရွက်ပေးခြင်း မရှိပါဘူး။ အခု ရွှေ့ပြောင်းနေရာ ချပေးတယ်ဆိုတာ စစ်တွေနားကလူအနည်းစုကိုပါ။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “ရခိုင်ကမူဆလင်တွေ ဘေးကင်းရာရွှေ့ပေးဖို့ HRW တောင်းဆို”သတင်းမှ  HRW လူ့အခွင့်အရေးအဖွဲ့၏ ပြောခွင့်ရသူ တွန်မလင်နော့စကီး (Tom Malinowski)၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖြည်ဖြည်းချင်းလုပ်သွားရမယ့် Long Term Process တစ်ခုပါ။ အဲဒီခရီးစဉ်အတွက်ဆိုတာ မဟုတ်ပါဘူး။ အခု အသစ်ဖွဲ့စည်းလိုက်တဲ့ကော်မတီမှာ အစိုးရရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ အားလုံးပါလာလို့ လုပ်ကြကိုင်ကြရတာ ပိုပြီးပွင့်လင်းမြင်သာမှုရှိလာပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပိုကောင်းလာ ပါတယ်။”

မေလ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “လက်ကျန်နိုင်/ကျဉ်း စိစစ်ရေး ကော်မတီသည် အရေးပေါ်ကော်မတီမဟုတ်ကြောင်း ဥက္ကဋ္ဌပြော” သတင်းမှ ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘယ်သူ ဘယ်လောက်ထိ အရှုံးခံနိုင်မလဲဆိုပြီး အရှုံးနဲ့ဆက်သွားနေချိန်မှာ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတွေကို သတင်း စာလို့မြင်ပြီးဖတ်လာဖို့ ပြည်သူလူထုရဲ့ Mind Set တွေအပြောင်းကို သတင်းစာထုတ်တဲ့ သူတိုင်းက စောင့်ကြည့်နေကြ တယ်။”

မေလ ၁၅ ရက်နေ့ထုတ် 7 Days News Journal အတွဲ (၁၂) အမှတ် (၁၀) တွင်ပါရှိသော “ပုဂ္ဂလိကသတင်းစာ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်” သတင်းမှ ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကိုကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့သည် အမေရိကန်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ် အဖြစ် မေလတတိယပတ်တွင် သွားရောက်ရန်ရှိကြောင်း သမ္မတရုံးမှ သတင်းရရှိသည်။

ဦးသိန်းစိန်သည် ခရီးစဉ်အတွင်း အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် လွှတ်တော်အမတ်များ၊ စီးပွားရေး ပညာရှင်များနှင့် အဓိကထား တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။


မြန်မာနိုငံတွင် ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးရေးကဏ္ဍဖြစ်ထွန်းစေရန် ဆွေးနွေး

မေလ ၁၄ ရက်နေ့တွင် NAPA (Myanmar’s National Adaptation Programme Of Action to Climate Change ) အစီရင်ခံစာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်ရေးအတွက် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တော၊ မိုးလေ၀သ သတိပေးခြင်း၊ ရေရရှိရေးနှင့် ဇီဝမျိုးကွဲ စသောကဏ္ဍများအပါအ၀င် ကဏ္ဍကြီး ၃၂ ခုကို ဆောင်ရွက်ရန်ရှိကြောင်း NAPA အဖွဲ့ဝင်များမှ ဆွေးနွေး ပြောကြားသွားခဲ့သည်။


အစိုးရမှ မူလတန်းကျောင်းသားများအတွက် ထောက်ပံ့ငွေပေးမည်

မြန်မာနိုင်ငံ အခြေခံပညာမူလတန်း၌ ပညာသင်ကြားနေသော မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ယခင် ကျောင်းသုံး စာအုပ်အပြည့်အစုံ နှင့်လေ့ကျင့်ခန်းစာအုပ် ၆ အုပ်စီထောက်ပံ့ခဲ့ရာမှ ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၀၀၀ စတင်ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ကြေငြာချက်မှ သတင်းရရှိသည်။


မြန်မာနိုင်ငံတွင် လိင်ခရီးသွားနှင့် အလွဲသုံးစားမှုများ ကာကွယ်မည်

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ၀င်ရောက်မှုမြင့်တက် လာသည်နှင့်အမျှ လိင်ခရီးသွားဆိုင်ရာကိစ္စ၊ ကလေး သူငယ်များအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ တားဆီးနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သည့် The Code မှကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


တပ်မှ သိမ်းထားသောလယ်ဧက ၁၀၀၀၀ ဒေသခံများထံ ပြန်ပေးရန်တောင်းဆိုမည်

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် စစ်တပ်မှ သိမ်းဆည်းထားသော မြေဧကတစ်သောင်းခန့်ကို ဒေသခံများအား ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် နေပြည်တော်ရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းထံ တွေ့ဆုံတောင်းဆိုသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ဦးနိုင်ကဆုမွန်မှ ပြောကြားသည်။

မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှာ ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အခြေပြုဖွဲ့စည်းခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။


တောင်သူလယ်သမားများ ဘဏ်မှငွေချေးမည်ဆိုပါက အာမခံလို

တောင်သူလယ်သမားများ အနေနှင့်မိမိတို့၏ လယ်ယာမြေများကို ပုဂ္ဂလိကဘဏ်များတွင် ပေါင်နှံမည်ဆိုပါက ခိုင်မာသော အာမခံပေးနိုင်မည့် အဖွဲ့အစည်းတစ်ခု လိုအပ်ကြောင်းသိရသည်။ငွေချေးမည် ဆိုပါကလည်း အပ်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ ချေးငွေအဖြစ် ထုတ်ချေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။


အမေရိကန် MIT ကျောင်း၏ နည်းပညာကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမည်

အမေရိကန်ပြည်ထောင်စုရှိ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT)မှ ဘွဲ့ရများတည်ထောင်ထားသည့် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော Frontiir Co., Ltd. သည်မြန်မာနိုင်ငံ၏ နည်းပညာနယ်ပယ်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။အဆိုပါ ကုမ္ပဏီသည် လက်ရှိမြန်မာနိုင်ငံတွင် တက္ကသိုလ် များ အချင်းချင်းချိတ်ဆက် အသုံးပြုနိုင်သော ကွန်ရက်ချိတ်ဆက်မှုစနစ် University Digital Network (Uni-Net) ကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ရခိုင်လူ့အခွင့်အရေးအဖွဲ့ ကူမည်

ရခိုင်တိုင်းရင်းသားများ လူ့အခွင့်အရေး ပိုမိုသိရှိနားလည်လာရန်နှင့် ဆုံးရှုံးနစ်နာနေသည့် ရသင့်ရထိုက်သည်များကို ကူညီ တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါရိုက်တာ ဦးအောင်မင်းဦးမှ ပြောကြားခဲ့ သည်။အဆိုပါ အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၌ ရခိုင်တိုင်းရင်းသား ကျောင်းသားအဖွဲ့ (AASYC) အဖွဲ့ဝင် ဟောင်းများဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment