Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အမေရိကန် - မြန်မာကုန်သွယ်ရေးကောင်စီ စတင်ဖွင့်လှစ်
  2. အစိုးရနှင့် KNU သဘောတူညီချက် လက်တွေ့ဖော်ဆောင်ခြင်းမရှိသေး
  3. မိတ္ထီလာပဋိပက္ခဖြစ်စဉ်များအပေါ် နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေထုတ်ပြန်မှုနှင့် နောက်ဆက်တွဲ အခြေ အနေ
  4.  KIA နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက်မည်


အမေရိကန် - မြန်မာကုန်သွယ်ရေးကောင်စီ စတင်ဖွင့်လှစ်

နှစ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်ရန် ရည်ရွယ်၍ အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်၊ နယူးယောက်မြို့တော်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော် တို့တွင် မေလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း အဆိုပါကောင်စီမှ ထုတ်ပြန်ကြေညာခဲ့ သည်။

အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီကို ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ အမေရိကန် ပြည်ထောင်စုနှင့် မြန်မာ နိုင်ငံတို့အကြား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းကောင်စီ၏ လုပ်ငန်းစဉ်များအဖြစ် ကုန်သွယ်ရေးဆိုင်ရာ မစ်ရှင်များ၊ သတင်းထုတ်ပြန်မှုများ၊ အမေရိကန်ကုန်သည်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများကို အသိပေးထုတ်ပြန်မှုများ စသည့်အချက်များပါဝင်ကြောင်း ယင်းထုတ်ပြန်ကြေညာချက် အရသိရှိရသည်။

ယခုလက်ရှိတွင် အဆိုပါကောင်စီ၏ အရေးကြီးဆုံးတာဝန်မှာ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသော အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးစေရေးနှင့် အမေရိကန်အစိုးရက ပေးအပ်သော မြန်မာ့ပို့ကုန်များအတွက် အထူး အခွန်ကင်းလွတ်ခွင့်ကို ရရှိစေရန်အတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီဥက္ကဋ္ဌ Mr. Bart S.Fisher က ပြောကြားခဲ့သည်။

ကုန်သွယ်ရေးနှင့် ဈေးကွက်ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပိုမိုသက်ရောက်စေမည်ဖြစ်ကြောင်း ၎င်းကတဆက်လက်ပြော ကြားခဲ့သည်။

ယင်းကုန်သွယ်ရေးကောင်စီဖွင့်လှစ်နိုင်ရန် အတွက် မတ်လက နေပြည်တော်တွင် နှစ်နိုင်ငံအရာရှိများ တွေ့ဆုံ့ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ယင်းကောင်စီမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုများ နှင့် မြန်မာနိုင်ငံသား များ၏ လူနေမှုဘဝ တိုးတက်မြှင့်မားလာစေရန် အခွင့်အလမ်း များဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါကောင်စီ၏ အမှုဆောင်အရာရှိချုပ် Mr. Robert A.Knutson ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်တစ်ခုအကြာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော အမေရိကန်ပြည်ထောင်စု သည် ပထမဦးဆုံး အကြိမ်အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမေရိကန်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထား သော အမေရိကန်ကုန်သည်ကြီးများအသင်းချုပ်နှင့် မြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) တို့တွေ့ဆုံ့ဆွေးနွေးခဲ့ ကြပြီး နှစ်နိုင်ငံကုန်သွယ်မှု ဆိုင်ရာများကို ဆွေးနွေးကာ နားလည်မှု စာချွှန်လွှာ (MOU) ရေးထိုးခဲ့သည်။

ယခု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်တွင် ယင်းအမေရိကန် ကုန်သည်ကြီးများ အသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် လူလတ်တန်း စားဖွံ့ဖြိုးတိုးတက်လာရန်အတွက် အမေရိကန်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ ကြောင်း သိရှိရသည်။

YC


အစိုးရနှင့် KNU သဘောတူညီချက် လက်တွေ့ဖော်ဆောင်ခြင်းမရှိသေး

ကရင်အမျိုးအသားအစည်းအရုံး (KNU) နှင့် အစိုးရတို့အကြားသဘောတူညီထားသော အချက်အလက်များ အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသေးကြောင်း မေလ ၁၈၊ ၁၉ ရက်များတွင် ကျင်းပခဲ့ သော ကရင်အမျိုး သားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီဝင်များ၏ ပထမဆုံးအကြိမ်စုံညီအစည်း အဝေးတွင် တက်ရောက်လာသူ များက ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကရင်ရေးရာ အစည်းအဝေးမှ ရွေးချယ်တင်မြှောက်ခဲ့သူ ၃၇ ဦးတက်ရောက်ခဲ့ပြီး ကရင်အမျိုးသားများအားလုံးပါဝင်သည့် စည်းလုံးညီညွှတ်စွာဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ ကရင်အမျိုးသား များ၏ အနာဂတ်သာယာလှပရေးအတွက် ဘေးကင်းလုံခြုံစွာ နေထိုင်ရန်၊ စားဝတ်နေရေးလူနေမှု ဘဝတိုးတက် မြင့်မားရေးအတွက် သတိရှိစွာဖြင့် ကျရာအခန်းကဏ္ဍ မှ တညီတညွတ်တည်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့်တစ်ဦးဖြစ်သည့် ကရင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ KDC မှ ဒေါက်တာ နော်ဘတ်ရီခါထင် မှ စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်အတွက် လိုအပ်သော အကူအညီအထောက်အပံ့များ ရရှိရန်နှင့် အခြေခံ လူတန်းစားများကို ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း အားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ် ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ သဘောထားတစ်ရပ်ကို ထုတ်ပြန် ခဲ့ပါသည်။

ထိုကဲ့သို့ အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲထားသော်လည်း သဘောတူညီထားသည့်အချက်များကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အတွက် ဒေသခံများ၏ လယ်ယာမြေပိုင်ဆိုင်မှုကို အကာအကွယ် ပေးရာတွင် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့မှ မခူခူဂျူ ကပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာလှုပ်ရှားမှုကွန်ရက်မှ ကိုအဲလက်စ်က KNU အုပ်ချုပ်သော နယ်မြေတွင်ရှိသည့် မြေယာဥပဒေနှင့် အစိုးရမှ ထုတ်ပြန်ထားသော မြေယာဥပဒေ တွင် ပါဝင်သည့် အချက်များ မှာ ကွဲပြားမှုများရှိနေကြောင်း ပြောကြားခဲ့သည်။

 Transnational Institude (TNI) ထုတ်ပြန်သောအစီရင်ခံစာအရ လွှတ်တော်တွင် တင်သွင်းထား ပြီးဖြစ်သော လယ်ယာမြေဥပဒေကြမ်းတွင် တိုင်းရင်းသားများ၏ ရွှေ့ပြောင်းတောင်ယာစနစ်နှင့် မိရိုးဖလာ မြေယာ ပိုင်ဆိုင်မှု စနစ် ကိုအသိအမှတ်ပြုခြင်းနှင့် ကာကွယ်ခြင်းအခန်းကဏ္ဍများပါဝင်ခြင်းမရှိသောကြောင့် တိုင်းရင်းသားဒေသ များတွင် လယ်ယာ မြေသိမ်းဆည်းမှုများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ အစိုးရနှင့် KNU သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသည့်အတွက် ဒေသခံ များ နစ်နာမှုများရှိနေသည့်ကိစ္စအပြင် ကရင်လက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် DKBA နှင့် BGF တို့သည်လည်း ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင် ဧပြီလကုန်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် နှစ်ဖက်တပ် ခေါင်းဆောင်များမှ ကရင်အမျိုးသား အချင်းချင်းကြားတွင် အလားတူတိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန်အတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်း BGF မှ အမှတ် ၃ တပ်နယ်မှူး ဗိုလ်ကြီးစောချစ်သူကပြောကြားခဲ့သည်။

ထိုသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးအတွက် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်း ရေးကောင်စီမှ စေ့စပ်ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို မေလ ၁၈၊ ၁၉ ရက်များ တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ကရင်နိုင်ငံရေးအင်အားစုများအားလုံးပါဝင်သည့် ဆွေးနွေးပွဲတွင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဖလုံ - စဝေါ်ဒီမိုကရက် တစ်ပါတီမှ ဦးမန်းအောင်ပြည်စိုးက ပြောကြားခဲ့သည်။

YC


မိတ္ထီလာပဋိပက္ခဖြစ်စဉ်များအပေါ် နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေထုတ်ပြန်မှုနှင့် နောက် ဆက်တွဲ အခြေအနေ

လက်ရှိ မိတ္ထီလာခရိုင်အတွင်းထုတ်ပြန်ထားသည့် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာ တည်သောအမိန့် (၁/၂၀၁၃) အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်းကို မေလ ၂၁ ရက်နေ့မှစတင်၍ ဇူလိုင် ၂၀ ရက်နေ့အထိ ရက်ပေါင်း ၆၀ တိတိ ဆက်လက်အာဏာတည်စေမည်ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌် အထူးအစည်းအဝေးဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခဲ့သည်။

မလ ၂၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ပထမနေ့တွင် သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန်ကြီးဦးဆန်းဆင့်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှအတည်ပြုပေးရန်” အဆိုတင်သွင်းမှုအား မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် မိတ္ထီလာခရိုင်အတွင်း အရေးပေါ်အခြေအနေထုတ်ပြန်ခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွှန့်၊ ဒေါက်တာစိုးရင်၊ ဦးဝင်းထိန်၊ ဦးမြင့်စိုး၊ ဦးဝင်းမြင့်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာအေးမောင်၊ ဦးပေါ်လျှံလွင်၊ ဦးတင်မြ၊ ဒေါ်ရီရီမြင့်၊ ဦးတင်မောင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးအောင်ကိုတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၁/၂၀၁၃)နဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးရေးရှုထောင့်၊ ဒီမိုကရေစီအဆောက် အအုံများ ခိုင်မာရေးရှုထောင့်တို့ကနေ ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို နှစ်သက်သူများအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များဆိုတာ အင်မတန်မှသတိကြီးစွာ ချဉ်းကပ်ရမယ့်အရာဖြစ်ပါတယ်။ တရားဥပဒေနဲ့ အမိန့်အကြား ကွာခြားမှုပာာ ကြီးလွန်းတာကြောင့် ဆန့်ကျင်ဘက်လို့တောင်ပြောနိုင်ပါတယ်။ တရားဥပဒေဆိုတာ အများ ပြည်သူကနေ တရားတယ်၊ လိုအပ်တယ်လို့ လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များဖြစ်ပါတယ်။ အမိန့်ဆိုတာ အာဏာရှိသူများက အထက်ကနေပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ချမှတ်သတ်မှတ်တယ်။ ဒါကြောင့်မို့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနဲ့ပတ်သက်လို့ သတိကြီးကြီးနဲ့ဆောင်ရွက်စေချင်ပါတယ်”ပာု တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် မတ်လအတွင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဓိကရုဏ်းဖြစ်စဉ်များကြောင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထိုသို့ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့ တစ်မြို့လုံးတွင်လည်း စစ်တပ်နှင့်ရဲများက နေရာအပြည့်ယူ၍ ညစဉ်လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ရပ်ကွက်အနှံ့ လှည့်လည်ကြည့်ရှု ကင်းလှည့်ခဲ့သည့်အပြင် ဒေသခံပြည်သူလူထုက ရပ်ကွက်အလိုက် ကင်းစောင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်ကြေညာထားသော်လည်း အဆိုပါဥပဒေအား ဖောက်ဖျက်ကျုးလွန်မှုများအပြင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် စုစုပေါင်း(၇၇)ဦးအား ဥပဒေအရ ရုံးတင် အမှုဖွင့်ထားပြီး နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေ ချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ဘုန်းတော်ကြီးဦးသောဘိတအား ဓာတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်ခဲ့သည့် တရားခံ(၇)ဦးဖြစ်သည့် မြတ်ကိုကို(ခ)အဏ္ဏဝါအား လူသတ်မှုဖြင့်ထောင်ဒဏ်(နှစ် ၂၀)၊ တစ်သက်တစ်ကျွန်း၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဆူပူမှုများဖြစ်ပေါ်စေရန် ဖန်တီးမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၂၄ နှစ်နှင့် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည့်အပြင် လူသတ်မှုကိုအားပေးကူညီမှု၊ သာသနာညှိုးနွမ်းစေမှု၊ ဆူပူမှုဖန်တီးမှု၊ ပြည်သူ ပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့် တရားခံမျိုးထွန်းထွန်းအား ထောင်ဒဏ်(၁၆)နှစ်၊ မျိုးချစ်(ခ) မျိုးညွှန့်ဦးအား ထောင်ဒဏ်(၁၄)နှစ်၊ ဖိုးချိုအား ထောင်ဒဏ်(၂၈)နှစ်၊ ဇော်ထက်နိုင်အား ထောင်ဒဏ်(၄)နှစ်၊ မျိုးဝင်း(ခ)ဒါဂျိဂန်အား ထောင်ဒဏ်(၂)နှစ် အသီးသီး ချမှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် တရားခံညီညီနိုင်အား ကလေးသူငယ်တရားရုံးက ထောင်ဒဏ်(၇)နှစ် ချမှတ် ခဲ့ကြောင်း သိရသည်။

မိတ္ထီလာပဋိပက္ခတွင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုနှင့် ပုဒ်မ ၁၄၄ အားဖောက်ဖျက်မှုတို့ဖြင့် စုစုပေါင်း(၇၇)ဦးအား ဥပဒေအရရုံးတင်အမှုဖွင့်ထားပြီး နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်မှုနှင့် လူသေဆုံး မှုများဖြစ်ပေါ်ခဲ့သည့်အပြင် နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရမှုတို့ကြောင့် လူပေါင်းထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ကာဒုက္ခ ရောက်ခဲ့ရသည်။

YC


 KIA နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက်မည်

KIA  နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို  မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ ၌ တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိပြီးဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့  ကမ္ဘာ့ကုလသမဂ္ဂ ( UN) အဖွဲ့မှ ကိုယ်စားလှယ် အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား ၊ မစ္စပရိယမ်၊ လက်နက်ကိုင်တပ်ဖွဲ့ ၉ ဖွဲ့အပါအဝင်၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံမှူးကြီး Mr. Wang Zongying   နှင့် အဖွဲ့ဝင်နှစ်ဦးတို့ ဆွေးနွေးပွဲ တွင် ပါဝင်မည်ဖြစ်ကြောင်း  ကချင်ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ၏ပြောကြားချက်အရ သိရသည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ယခင်သဘောတူညီထားသောလုပ်ငန်းစဉ်အချက်များအပြင် နိုင်ငံရေး အကြောင်း အရာများကိုပါ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။

KIA  တပ်မဟာ (၂) တပ်ရင်း(၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီးဇော်ဒွဲ ကလည်းက ချင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေစဉ် တိုက်ပွဲများကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ခြင်းများ အကြိမ်မြောက်များစွာ ဖြစ်ပေါ်ခဲ့ပြီး    ကမ္ဘာ့ကုလ သမဂ္ဂ ( UN ) ၊        US ၊        UK အဖွဲ့ တို့အပြင်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ စစ်ရေးနှင့်နိုင်ငံရေးနားလည် တက်ကျွမ်းသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း တို့ပါဝင်လာခြင်းဖြင့် ဆွေးနွေးပွဲကို အမြန်ဆုံး အဆုံးသတ်သွားနိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာငြိမ်းချမ်းရေးစင်တာ ( Myanmar Peace Center )မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကလည်း ယခုကျင်းပမည့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့ ၌ အစိုးရနှင့် ကေအိုင်အိုအဖွဲ့ဆွေးနွေးပွဲကို မူအားဖြင့်နှစ်ဦး သဘောတူညီ ချက် ရရှိနေပြီးဖြစ်သောကြောင့် ယင်းဆွေးနွေးပွဲ အတွက် သွားလာရေးအဆင်ပြေမှုရှိအောင် စီစဉ်ဆောင်ရွက်ပြီး ပါကသတင်း အသေးစိတ် အချက်အလက်ကို အတည်ပြု ထုတ်ပြန်ကြေငြာ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ KIA  နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ဆွေးနွေးပွဲအတွက် ဆွေးနွေးပွဲ ကျင်းပရန် ခန်းမပြင်ဆင်ပေးရေးကိုလည်း  မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇထူထောင် ထားသော ထူးကုမ္ပဏီလုပ်ငန်းအုပ်စု ကမြစ်ကြီးနားမြို့ရှိ မနောကွင်း မဂျွယ်အစည်းအဝေး ခန်းမကို ကျပ်သိန်း တစ်ထောင် ကျော် အကုန်အကျခံပြီး ပံ့ပိုးပေးရန်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက် အားဖြင့် သိရသည်။

YC     


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment