Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အဂတိလိုက်စားမှုက အုပ်ချုပ်မှုကောင်းခြင်းဆိုင်ရာ အင်္ဂါရပ်တွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ စည်းကြပ်နိုင်မှု အရည်အသွေး ၊ တရားဥပဒေစိုးမိုးရေး ဆိုတာတွေနဲ့ ဆက်စပ်နေတယ်။ နောက်တစ်ခုက အစိုးရနဲ့ ပုဂ္ဂလိကဌာန အသီးသီးမှာ လည်ပတ်နေတဲ့ လုပ်ငန်းစနစ်၊ ဝင်ငွေလစာဆုကြေးစနစ်၊ တစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့လည်း ဆက်နွယ်နေတယ်။ ဒီ အဂိတိလိုက်စားမှုတွေကို ပြန်ကြည့်ရင် အကြွင်းမဲ့အာဏာဟာ လူကို အကြွင်းမဲ့ ပျက်စီးစေတယ်။”

ဇွန်လ ၁၁ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အကြွင်းမဲ့အာဏာဟာ လူကို အကြွင်းမဲ့ပျက်စီးစေတယ်။ ဦးစီးဦးဆောင်မှုအပိုင်းက သိရှိမှုအားနည်းခဲ့တယ်။ ဂုဏ်သိက္ခာတွေအားလုံးကို မျက်ကွယ်ပြုခဲ့တဲ့ အဂတိလိုက်စားသော ယဉ်ကျေးမှု” သတင်းမှ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း ၏ ပြောကြားချက်အားကောက်နှုတ် ချက်။


“ဒီလို ကော်မတီတွေဖွဲ့တဲ့နေရာမှာ အစိုးရဘက်ကတင် မဟုတ်ဘဲနဲ့ တပ်မတော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်ပြီး စောင့်ကြည့်ကြီးကြပ်နိုင်ရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က အလားအလာကောင်းတွေ ရှိလာနိုင်ပါတယ်။”

ဇွန်လ ၁၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်တွင်းစစ်ချုပ်ငြိမ်းရေး အတွက် ငြိမ်းချမ်းရေးကြီးကြပ် စောင့်ရှောက်ရေးကော်မတီဖွဲ့ရန် သမ္မတကြီးက လက်ခံလိုက်ပြီ” သတင်းမှ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်းဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်မဘယ်နေရာကိုဘဲသွားသွား နိုင်ငံရဲ့နေရာတိုင်းမှ ပြည်သူတိုင်းက ထပ်တလဲလဲ ထပ်တူထပ်ကျပြောနေ တဲ့ လိုအပ်ချက် (၆) ချက်ရှိနေပါတယ်။ ဒါက အံ့သြဖို့လည်းကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်၊ တောင်ဘက် ပြီးတော့ အနောက်ဘက် ဘယ်ဘက်ကိုပဲသွားသွား ဘာအလိုအပ်ဆုံးလဲလို့မေးလိုက်ရင် အလုပ်လိုချင်တယ်လို့ ပြောကြတယ်။ သူတို့က လက်ဖြန့်မတောင်းချင်ဘူး။ သူတို့အနေနဲ့ ဂုဏ်သိက္ခာရှိရှိဘဝ မှာ လုပ်ကိုင်စားသောက် နေထိုင်ချင်တယ်။ လိုအပ်ချက်တွေ အနေနဲ့ နံပါတ် (၁) ကအလုပ်အကိုင် (၂) က ရေ (၃) က လမ်း (၄) က လျှပ်စစ်မီး (၅) က ပညာရေး (၆) က ကျန်းမာရေး ဖြစ်တယ်။ ဒါတွေက နေရာဒေသ တိုင်းမှာ ထပ်တလဲလဲကြားနေရတယ်။ အလုပ်အကိုင်ဖန်တီးရေးက ကျွန်မတို့အတွက် ပထမဦးစားပေးဖြစ် တယ်။ ကျွန်မရဲ့ မဲဆန္ဒနယ် ကော့မှူးမှာလည်း ၇၅% လောက်က အလုပ်အကိုင်မရှိကြဘူး။ လေ့လာဆန်းစစ်သူ တွေရဲ့ စစ်တမ်းအရ ၇၀% သော မြန်မာလူငယ်တွေဟာ အလုပ်အကိုင်မရှိကြဘူး။ အလုပ်အကိုင်မရှိဘူးဆိုတာ ထက် သူတို့တွေ မျှော်လင့်ချက်မဲ့နေတယ်လို့ ကျွန်မအမြင်နဲ့ ပြောချင်တယ်။ အလုပ်မရှိတဲ့ လူငယ်တွေက အနာဂတ်မှာ လူ့အဖွဲ့အစည်းအတွက် ပြဿနာတွေ ဖြစ်လာနိုင်တယ်။”

ဇွန်လ ၁၃ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၈၆) တွင်ပါရှိသော “နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများအတွက် တရားဥပဒေစိုးမိုးရေးက အရေးကြီးသလို လူငယ်များအလုပ်အကိုင်ရရှိရေးသည် ပထမဦးစား ပေးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“သူက လွှတ်တော်မှာလည်း သြဇာအာဏာကြီးမားတယ်။ ပြီးတော့ ဥပဒေကိစ္စရပ်များနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်စား သူလည်းဖြစ်တာတွေ့ရတယ်။ လွှတ်တော်နားတာတောင် ဥပဒေပြုရေးကိစ္စတွေကို လုပ်ဆောင်ဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းနေသလို သူကိုယ်တိုင်လည်း တစိုက်မတ်မတ် လုပ်နေတဲ့အတွက် လွှတ်တော်လုပ်ငန်းစဉ်တွေကို ပိုမိုလုပ် လာနိုင်မယ်လို့ထင်တယ်။”

ဇွန်လ ၁၃ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၆) တွင်ပါရှိသော “သူရဦးရွှေမန်း လွှတ်တော် နာယက ဖြစ်လာပါက ဥပဒေပြုရေးကိစ္စရပ်များ ထိရောက်မြန်ဆန်လာနိုင်ဟု လွှတ်တော်အမတ် အချို့သုံးသပ်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရင်က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေဟာလဲ တပ်မတော်ရဲ့အမိန့်ကြောင့် ကျွန်တော်တို့အဖွဲ့ကို စပြီးတိုက်တာ များပါတယ်။ အကယ် ၍ အထက်လူကြီးတွေက အမိန့်မရှိဘူးဆိုရင်တော့ ဒီတိုက်ပွဲတွေဟာ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ပါဘူး။”

ဇွန်လ ၁၁ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၁၀) တွင်ပါရှိသော “တိုက်ပွဲတွေဖြစ်ရတာ နယ်မြေ ပိုင်းမှု မရှိလို့ပါ” သတင်းမှ ရှမ်းပြည်တိုးတက်ရေးပါတီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

မြန်မာနိုင်ငံ ရှစ်လေးလုံးအရေးတော်ပုံ (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားကို ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ရှစ်လေးလုံးအခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဦးဉာဏ်လင်း၏ ပြောကြားချက်အရ သိရသည်။ ပွဲကျင်းပနိုင်ရန်အတွက် အဆိုပါခန်းမ၌ လျှောက်ထား၍ မရပါက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ (သို့မဟုတ်) မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) တွင် ကျင်းပနိုင်ရန်အတွက် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းထံ တိုက်ရိုက် လျှောက်ထားသွားမည် ဖြစ်ကြောင်း သိရသည်။ ရှစ်လေးလုံး ငွေရတု အခမ်း အနားကို ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် ပြည်ပရောက်နိုင်ငံရေး လှုပ်ရှားသူ ၈၈ အင်အားစုများ ပူးပေါင်းကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။


ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတနှင့် RCSS/SSA မှဒုတိယ ဗိုလ်ချုပ်ကြီးရွက်စစ်တို့ တွေ့ဆုံပွဲတွင် RCSS/SSA အဖွဲ့မှ မိမိတို့၏ ထိန်းချုပ်နယ်မြေများတွင် နှစ်ဖက်တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကို လေ့လာ စောင့်ကြည့်ရန်အတွက် ပဋိပက္ခ စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းပေးရန် တောင်းဆိုရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သဘောတူခွင့်ပြုခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၏ ပြောကြားချက်မှ သတင်းရရှိသည်။ အစိုးရနှင့် RCSS/SSA အဖွဲ့တို့မှာ ၂၀၁၁ ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှအခွင့်အရေးနှင့် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အဓိကထား သုံးသပ်ဆွေးနွေး သွားမည့် ဆွေးနွေးပွဲများကို ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် ဗိုလ်ချုပ်စောလားပွယ်မှ ကမကထပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲကို ဇွန်လ ၁၅ ရက်နေ့တွင် မြဝတီမြို့နယ်၊ ဝေါလေဒေသတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောဆန်းမှ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သော RCSS/SSA မှဗိုလ်မှူးကြီး သိုက်ဦးက မိမိတို့ အဖွဲ့အစည်းအား DKBA မှ ဆွေးနွေးပွဲတက် ရောက်ရန် အတွက် တရားဝင်ဖိတ်ကြားလာပါက တက်ရောက်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။


စိုက်ပျိုးရေး

မြန်မာနိုင်ငံရှိကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် မျှော်ကိုး၍ အကျိုးပြုနိုင်မည့် အာမခံစနစ် ထူထောင် နိုင်ရန် အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သက်ဆိုင်ရာသို့ တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆိုပါ အသင်း ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသများ ဆင်းရဲမှုလျှော့ချ နိုင်စေရန်မှာ ဆန်စပါး အပါအဝင် လယ်ယာကဏ္ဍမှာ အဓိကကျပြီး အဆိုပါလယ်ယာကဏ္ဍ တစ်ခုလုံးအတွက် အဓိက လိုအပ်ချက်မှာ အာမခံစနစ်တစ်ခု ထူထောင်ပေးရန်ပင် ဖြစ်သည်။ တောင်သူလယ်သမားများ၏ ထုတ်ကုန်သီးနှံများအပေါ် ရာသီဥတု ဖောက်ပြန်မှု နှင့် သဘာဝဘေးဒဏ်များ အာမခံပေးမှု စနစ် (Insurance against crop filature & nature disaster) ကို အမြန်ဆုံးမြှင့်တင်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်မှ သုံးသပ်ပြောကြားခဲ့သည်။


အုပ်ချုပ်ရေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လေကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်း စသည့် အဖွဲ့အစည်းများမှ လိုအပ်သည့် ပစ္စည်းများကို နိုင်ငံခြားမှ တင်သွင်းခြင်း လိုင်စင်လျှောက်ထားခြင်းနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများအကြား အကျိုးတူဆောင်ရွက်သည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ဆိုင်ရာ စီမံကိန်းများအတွက် ပို့ကုန်/သွင်းကုန် လိုင်စင်လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပေးလိုက်ပြီ ဖြစ်သောကြောင့် ယင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လိုင်စင် (ခွင့်ပြုမိန့်) လျှောက်ထားရန် မလိုအပ်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များမှ သိရသည်။


မြန်မာနိုင်ငံတွင်ပုဂ္ဂလိကဘဏ်များ၊ ပြည်တွင်းကိုယ်စားလှယ် ဘဏ်ရုံးခွဲများ ဖွင့်လှစ်ခွင့်ရရှိထားသည့် ပြည်ပဘဏ် များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် Joint Venture ဘဏ်များစတင် ဖွင့်လှစ်ခွင့်ပေး ရန် စီစဉ်လျက် ရှိကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သတင်းရရှိသည်။


နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံ စစ်တွေမြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် အိန္ဒိယမှ မြန်မာအစိုးရကို အမေရိကန် ဒေါ်လာသန်း ၁၅၀ ထုတ်ချေး ပေးသွားမည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။ အပြန်အလှန်အနေဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများတွင် အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးရန်အတွက် မြန်မာအစိုးရထံ ခွင့်ပြုချက် တောင်းဆိုထားကြောင်း သိရသည်။ အဆိုပါ တောင်းဆိုချက်များကို အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး မစ္စတာ အာနက်ရှာမာ သည် နေပြည်တော်သို့ ၃ ရက်ကြာ လာရောက်ဆွေးနွေးသော ၎င်း၏ ခရီးစဉ်အတွင်း ကမ်းလှမ်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈၇ ဘီလီယံ ရှိနေကြောင်း သိရသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment