Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 

“၁၃ ရက်နေ့က အမေရိကန်၊ အေပီ သတင်းဌာနမှာ ပြောတဲ့အခါ ပေါင်းတော့ပေါင်းမယ်၏။ အခုတော့ စောသေးတယ်။ အတိအကျတော့ မသိသေးဘူးဆိုတော့ ဦးရွှေမန်းပြောတဲ့စကား ကျွန်တော်ပြန်ဖတ်တယ်။ နောက်ကျတော့မှ သူ တကယ် ပြောတာပဲ။ ကျွန်တော်တို့ပါတီရဲ့ တစ်ယောက်ချင်း သဘောထားတွေဖြစ်တော့ ကျွန်တော်လည်း မသိဘူးဗျာ ဒီကိစ္စကို။ ကျွန်တော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် မရှိဘူး။ ဒီကိစ္စက ဗဟို ကော်မတီတွေ ဘာတွေဆုံးဖြတ်ပြီးမှ၊ ညီလာခံ တွေမှာ ဆုံးဖြတ်ပြီးမှ ဒါပြောရမယ့် စကားပဲလေ။ ကျွန်တော်တို့ အဲလို နားလည်တယ်။ ဒါပေမဲ့ ဘယ်လိုပြောလိုက်သလဲတော့ မသိဘူး။ ပြောနိုင်တာက ဘာလဲ ဆိုတော့ ကျွန်တော်တို့နဲ့ ဒေါ်စုကြည်နဲ့ ရင်းနှီးတာကို၊ NLD ကိုယ်စားလှယ်တစ်ချို့နဲ့ ကျွန်တော်တို့ ရင်းနှီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်။ အရင်တုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ တိုက်ခိုက်ကြတာတွေ၊ ဝေဖန်တာတွေ ပြောဆိုတာတွေရှိတယ်။ ဒါတွေက မတွေ့ခင် အခြေအ နေပေါ့။

၂၀၁၃ ဇွန်လ ၂၂ ရက်နေ့ထုတ် မြန်မာ သံတော်ဆင့်ဂျာနယ် အတွဲ (၂) အမှတ် (၁၅) တွင် ပါရှိသော “NLD နှင့် ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌသူရဦးရွှေမန်း ပြန်လာလျှင် ဗဟိုကော်မတီသို့ ရှင်းရမည်” သတင်းမှ ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သဘောတူညီချက် ရထားတဲ့ဟာတွေကို ကျွန်တော်တို့အနေနဲ့ ပါတီလည်း မဖွဲ့ထားတော့ ကျွန်တော်တို့ရဲ့ စကားသံတွေကို စာနဲ့ ပေနဲ့ ပြည်သူ့လွှတ်တော်ကို ပေးမယ်။ လွှတ်တော်ကနေ တစ်ဆင့် ဒါလေးပြောပေးပါ”

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေး သဘောတူညီ ချက်များကို လွှတ်တော်တင်မည်ဟု ဒီကေဘီအေဆို” သတင်းမှ ဒီကေဘီအေ (ကလိုထူးဘော) မှ ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်ချုပ် စောမိုရှေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိက ကတော့ အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးဖို့အတွက် အကြိုဆွေးနွေးပွဲပါ။ တွေ့ဆုံမှုမှာ ဆုံးဖြတ်မှာ မဟုတ် ဘူး။ ပြဿနာ အားလုံးကို သိတဲ့၊ နှစ်ဖက်စလုံးရဲ့ ပေါ်လစီကို နားလည်တဲ့ (Technical Team) တွေ တွေ့ဆုံပြီး နောက်လာ မယ့် ဆွေးနွေးပွဲအတွက် ပြင်ဆင်ပေးတဲ့ သဘောပေါ့။ ဆွေးနွေးချက် တွေကို ယူသွားပြီး နှစ်ဖက်လုံးကို တင်ပြလို့ အဆင်ပြေ ရင် အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ နောက်တစ်ကြိမ် တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ဖြစ်နိုင်တာပေါ့”

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လာမည့် အပတ်အတွင်း ကေအိုင်အိုနှင့် အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ မျှော်မှန်း” သတင်းမှ Myanmar Peace Center မှ ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရင် ရေးဆွဲဖူးတဲ့ ဥပဒေတွေမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ အနေနဲ့ စီးပွားရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်သွင်းပေးထားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ဆိုရင်လည်း လုပ်ပိုင်ခွင့်တွေ ပေးထား ပါတယ်။ အခုထွက်လာမယ့် ဥပဒေကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေအတွက် လုပ်ပိုင်ခွင့် ပိုပါလာပါတယ်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေ အနေနဲ့ ဥပဒေတစ်ခု ထွက်လာရင် သေချာ လေ့လာပြီး ကိုယ့်အနေနဲ့ ဘာတွေလုပ်နိုင်မလဲ ဆိုတာ သေချာလေ့လာသင့်ပါတယ်”

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစားတွင် ပါရှိသော “ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၏ လုပ်ပိုင်ခွင့် အများဆုံးပါဝင်သော အထူးစီးပွားရေးဇုန် ဥပဒေအား လာမည့် လွှတ်တော် အစည်းအ ဝေးတွင် အတည်ပြုနိုင် ရန် တင်သွင်းမည်” သတင်းမှ ပြည်သူ့လွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိက ကတော့ ကျွန်တော်တို့ လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲနေတာဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မဟုတ်ဘဲ စစ်မှန် တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ပြီးတော့ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့တွေ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း လက်နက်ကိုင် တွေကော၊ ပါတီတွေကော၊ အားလုံးအတူပြည်သူ တွေနဲ့ ပူးပေါင်းပါဝင်ဖို့ ကျွန်တော်တို့ ပြောဖြစ်ပါတယ်"

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တိုင်းရင်းသားများ လက်နက်ကိုင်နေ ခြင်းသည် ပြည်ထောင်စုမှ ခွဲထွက်ရန်မဟုတ်ဟု ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဆို” သတင်းမှ ရှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင် ရရှိထားသော သဘောတူညီချက်များကို ပြည်သူအများ သိရှိနိုင် ရေးအတွက် လွှတ်တော်သို့ တင်ပြရန် အစီအစဉ်ရှိကြောင်း ဒီကေဘီအေ ( ကလို့ထူးဘော စစ်ဌာနချုပ်) မှ ပြောကြား ချက်အရ သိရှိရသည်။ ထို့အပြင် သဘောတူညီချက်များကို နိုင်ငံတော်သမ္မတ သိရှိနိုင်စေရေးအတွက်လည်း နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။


ပဋိပက္ခစီမံခန့်ခွဲမှု

အပစ်အခတ် ရပ်စဲပြီးနောက် အစိုးရနှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် တိုက်ပွဲများ ဆက်လက် မဖြစ်ပွား စေရေး၊ ပဋိပက္ခ ပူးပေါင်းစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၏ ပြောကြား ချက်အရ သိရှိရသည်။ ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KNPP တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး အချက်အပါအ၀င် အခြားအချက် ရှစ်ချက်ကို လက်မှတ် ရေး ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဇွန်လ ၂၁ ရက်တွင် ကျရောက်မည့် (၁၃၈) ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့အား အစိုးရ မှ ပထမဆုံး အသိအမှတ်ပြုသည့် အနေဖြင့် အဆိုပါအမျိုးသားနေ့သို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၏ ဆက်လက်ပြောကြားချက်အရ သိရသည်။

              မျိုးစောင့်ဥပဒေဟု လူသိများသော ရေးဆွဲနေဆဲ မြန်မာဗုဒ္ဓ`ဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေမူကြမ်းတွင် ပါရှိသော ဘာသာခြား ယောက်ျားတစ်ဦးအနေဖြင့် မြန်မာ ဗုဒ္ဓ`ဘာသာဝင် အဖြစ် ပြောင်းလဲ ရမည် ဟု သံဃာတော်အချို့က မိန့်ကြားနေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုပင် ဖြစ်ကြောင်း လွတ်လပ်သော အာရှ (RFA) ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသွားခဲ့သည်ဟု သိရသည်။


နိုင်ငံတကာဆက်ဆံရေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် Hyun-Oh-Seok သည် ဇွန်လ ၁၉ ရက်နေ့က အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒေါက်တာ ကံဇော်နှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် မြန်မာ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာ တစ်ပြည်လုံးရှိ အကူအညီ လိုအပ်နေသူများထံသို့ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် အေဂျင်စီများ၊ လိုအပ်သော ပစ္စည်းများ အဟန့်အတား မရှိ ပေးပို့ခွင့်ရရန် ပါဝင်ပတ်သက်နေသူများ အားလုံးကို တိုက်တွန်းလိုက်ကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည် ဟု သိရှိရသည်။ အဆိုပါ ထုတ်ပြန် ချက်တွင် ကချင်ပြည်နယ်တွင်း နှင့် တိုင်းပြည်တစ်ဝန်းရှိ အကူအညီလိုအပ်နေသူ များအတွက် လိုအပ်သော ပစ္စည်းများကို ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် အေဂျင်စီများက ပုံမှန်နှင့် အဟန့်အတား မရှိစွာ ပေးပို့နိုင်ခွင့် ပေးရန် အားလုံးသော ပါဝင်ပတ်သက်နေသူများအား တိုက်တွန်းထားပြီး ဇွန် ၁၂ ရက်က ကုလသမဂ္ဂမှ လူသား ချင်းစာနာထောက်ထားမှု အကူအညီပေးသည့် ယာဉ်တန်းသည် ကချင်ပြည်နယ်အတွင်း အစိုးရ ထိန်းချုပ်သည့် နယ်မြေ ပြင်ပဒေသများရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဒုက္ခသည်ထောင်ပေါင်းများစွာထံ သို့ လိုအပ်သည့် စားနပ်ရိက္ခာနှင့် အခြား ပစ္စည်းများ အောင်မြင်စွာ ပို့ဆောင်ပြီးဖြစ်ကြောင်း ကြားသိရသည့်အတွက်လည်း ၀မ်းမြောက်ကြောင်း ဖော်ပြထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗီ၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် လေးနှစ်စာ တိုးမြှင့် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global –Fund) က ထောက်ပံ့လိုက်ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေ ၃၁၅ သန်းတွင် ရောဂါသုံးမျိုးထဲမှ အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးလုပ်ငန်းများ အတွက် အမေရိ ကန် ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိမည်ဖြစ်ကြောင်း UNAIDS ၏ ဇွန်လ  ၁၉ ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာလုပ်သားများကို မလေးရှား လုပ်ငန်းရှင်များ၏ ခေါင်းပုံ ဖြတ် အမြတ်ထုတ်မှုများ မရှိစေရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ် Dr. Faisal Muhamad က ကတိပေးခဲ့ကြောင်း ၎င်းနှင့် သွားရောက် တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၏ ပြောကြားချက်အရ သိရသည်။


စွမ်းအင်

မြန်မာ့စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Myanmar Energy Investment Summit 2013- MEIS 2013) ကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့တွင် စက်တင်ဘာလ၌  ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ထိပ်သီး အစည်အဝေး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရသည်။ အဆိုပါ ထိပ်သီး အစည်းအဝေးကို စွမ်းအင် ၀န်ကြီးဌာန ရေအားလျှပ်စစ်ဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုရှင်များ အသင်း (UMFCCI) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စက်တင်ဘာလ ၃ ရက် နှင့် ၄ ရက်နေ့တို့တွင် နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MEIS 2013 ထိပ်သီး အစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံရှိ စွမ်းအင်ကဏ္ဍ အသီးသီးမှ ခေါင်းဆောင်များ အပါအ၀င် ပရိသတ် ၃၀၀ ခန့် တက်ရောက်မည်ဟု သိရပြီး ရေအားလျှပ်စစ်၊ ရေအရင်းအမြစ်၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ကဏ္ဍတို့တွင် လုပ်ငန်းလုပ်ကိုင်ရန်နှင့် ကမ်းလှမ်းမှုများလည်း ရှိရန် မျှော်လင့်ထားကြောင်း အဆိုပါ အစည်းအဝေး၏ အစီအစဉ်များအရ သိရသည်။

                       


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment