Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မွတ်ဆလင်တို့၏  အခက်အခဲနှင့် ပတ်သက်၍ အီရန်နှင့် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

(Far News Agency မှ 4 July 2013 ရက်စွဲပါ “Iranian deputy FM meets Myanmarese Counterpart on situation of Muslims” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာတယ်လီကွမ်း လိုင်စင်တင်ဒါတွင်ဗီယက်နမ်ကုမ္မဏီ ရှုံးနိမ့်

(Thanh Nein News မှ 24 June 2013 ရက်စွဲပါ “Vietnam telecom misses out on Myanmar mobile license” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. သေစေလောက်သည့် ရောဂါများတိုက်ဖျက်ရေး ထိုင်းနှင့် မြန်မာပူးပေါင်းဆောင်ရွက်မည်

(Bernama သတင်းဌာနမှ 4 July 2013 ရက်စွဲပါ Thailand, Myanmar Join Forces Against Deadly Diseases ကိုဘာသာပြန်ဆိုသည်)


မွတ်ဆလင်တို့၏  အခက်အခဲနှင့် ပတ်သက်၍ အီရန်နှင့် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

(Far News Agency မှ 4 July 2013 ရက်စွဲပါ “Iranian deputy FM meets Myanmarese Counterpart on situation of Muslims” သတင်းကို ဘာသာပြန်ဆိုပါသည်)

အီရန်နိုင်ငံသည် ရိုဟင်ဂျာမွတ်ဆလင်တို့၏ အခက်အခဲကို ကူညီရန်အတွက် စာနာမှုအကူအညီများ ပေးပို့ရန် ပြင်ဆင်နေကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရပ်ချီက ဗုဒ္ဓဟူးနေ့ နေပြည်တော်တွင် မြန်မာဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော် နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

၎င်းက ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော လူမျိုးရေး ပဋိပက္ခများအပေါ် အီရန်အစိုးရနှင့် ပြည်သူများက အထူးစိုးရိမ်နေကြောင်း ပြောကြားခဲ့ပြီး၊ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းရန်အတွက် ထိရောက်သော ဆောင်ရွက်ချက်များ ပြုလုပ်ရန် မြန်မာအစိုးရကို တိုက်တွန်းသည်။

ထို့အပြင် အီရန်သည် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန်  အဆင်သင့်ရှိနေပြီး၊ ရိုဟင်ဂျာတို့၏ ခက်ခဲသော အခြေ အနေကို ကူညီပေးလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မှ လူမျိုးရေး အဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၁၄၀,၀၀၀ ကျော်ရှိကြောင်း UNHCR က ဇွန်လတွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လက ပထမအကြိမ် အဓိကရုဏ်းကြောင့် ၇၅,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ အောက်တိုဘာလ ဒုတိယအကြိမ် အဓိကရုဏ်းကြောင့် ၃၆,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု UNHCR က ဆိုပါသည်။

“အကြမ်းဖက်မှုကို တိုက်ရိုက်မခံရပေမယ့် လုံခြုံရေးတင်းကြပ်မှုကြောင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း  ဆုံးရှုံးရသူ တွေက ပိုများပါတယ်။ တစ်ချို့ဆိုရင် အထောက်အပံ့ရဖို့အတွက်နေအိမ်ကို စွန့်ခွာသွားကြတယ်” ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အေဒရီယမ်အက်ဒွပ် ကပြောကြားထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မှ လူများစီးထွက်မှုကို ရပ်သွားစေရန်နှင့် ဘေးကင်းစွာ ဆန္ဒအလျှောက် ပြန်လာစေမည့် အခြေအနေကို ဖန်တီးပေးရန် UNHCR က တိုက်တွန်းလျက်ရှိသည်။

ထို့အပြင် နိုင်ငံတကာ ကူညီမှုကို လိုအပ်နေသော ဒုက္ခသည်များအား တံခါးဖွင့်ပေးထားရန် အာဆီယံဒေသတွင်း အစိုးရများကို UNHCR က တိုက်တွန်းထားသည်။

သနားစရာအကောင်းဆုံး ဒုက္ခသည်များကို အကောင်းဆုံး ကူညီနိုင်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဖြူးမှု တိုးတက်စေရန်အတွက် ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များကို အရေးပေါ်မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်သည်ဟု UNHR က ထုတ်ဖော်ပြောဆိုထားပါသည်။


မြန်မာတယ်လီကွမ်း လိုင်စင်တင်ဒါတွင်ဗီယက်နမ်ကုမ္မဏီ ရှုံးနိမ့်

(Thanh Nein News မှ 24 June 2013 ရက်စွဲပါ “Vietnam telecom misses out on Myanmar mobile license” သတင်းကို ဘာသာပြန်ဆိုပါသည်)

ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံ၌ ၆ လကြာ စိတ်လှုပ်ရှားဖွယ် တယ်လီကွမ်း အော်ပရေတာလိုင်စင် တင်ဒါ ပြိုင်ပွဲတွင်  နော်ဝေ၏ Telenor နှင့် ကာတာ၏ Ooreedo တို့ အောင်ပန်းဆွတ်ခူး သွားခြင်းကြောင့်၊ မြန်မာ မိုဘိုင်း အော်ပရေ တာ လိုင်စင်ပြိုင်ပွဲတွင် ဝင်နွှဲခဲ့သော ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္မဏီရှုံးနိမ့် သွားပြီ ဖြစ်သည်။

ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသော လိုင်စင်တင်ဒါ အောင်သွားသူများသည် မြန်မာနိုင်ငံ တစ်လွှား မိုဘိုင်းဖုန်း ကွန်ယက် တည်ဆောက်၍ ၁၅ နှစ် လုပ်ကိုင်ခွင့် ရရှိကြမည် ဖြစ်သည်။

ယခု တယ်လီကွမ်းအော်ပရေတာ လိုင်စင်နှစ်ခုသည် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အာဏာရလာကာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက်ပိုင်း နိုင်ငံခြားကုမ္မဏီများကို အခွင့်အရေးပေးသော အကြီးဆုံးဆုလာဒ် များထဲတွင် ပါဝင်သည်ဟု Bloom berg ကဆိုပါသည်။

“မိုဘုန်းဖုန်း ပျံ့နှံ့သုံးစွဲမှုနှုန်း ၇၀% ရှိသော ကမ္ဘောဒီးယား၊ ၈၇% ရှိသော လာအို တို့နှင့် နှိုင်းယှဉ်လျှင် ၇% ခန့် သာရှိသော မြန်မာဈေးကွက်တွင် ကြီးမားသော အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရခြင်းကြောင့် မိမိတို့ကုမ္မဏီ မပျော်ပါ။” ဟု ဗီယက်နမ် စစ်တပ်ပိုင် Viettel ကုမ္မဏီ ပြောရေးဆိုခွင့်ရှိသူက ပြည်တွင်း Vn Express သတင်းဌာနသို့ ပြောကြားသည်။

သို့ရာတွင် နိုင်ငံတကာ ကုမ္မဏီကြီး ၁၇ ခုနှင့် ပြိုင်ဆိုင်ခဲ့ရခြင်းကြောင့် ယခုရလာဒ်ကို တုန်လှုပ်ခြင်း မရှိပါဟု ၎င်းက မှတ်ချက်ပေးသည်။

ပြိုင်ပွဲအစောပိုင်းတွင် ကမ္ဘာ့အကြီးဆုံး Vodafone နှင့် ဒုတိယအကြီးဆုံး China Mobile တို့ နှုတ်ထွက် သွားခြင်းကြောင့် မျှော်လင့်ချက်များ တက်လာခဲ့သည်ဟု  Viettel ကဆိုပါသည်။

ဗီယက်နမ် စစ်တပ်ပိုင် Viettel သည် ကင်မရွန်း၊ ဟေတီ၊ ပီရူး၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား နိုင်ငံများတွင်လည်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။


သေစေလောက်သည့် ရောဂါများတိုက်ဖျက်ရေး ထိုင်းနှင့် မြန်မာပူးပေါင်းဆောင်ရွက်မည်

(Bernama သတင်းဌာနမှ 4 July 2013 ရက်စွဲပါ Thailand, Myanmar Join Forces Against Deadly Diseases ကိုဘာသာပြန်ဆိုသည်)

နယ်စပ်ဒေသ တစ်လျှောက်တွင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ သို့မဟုတ် AIDS ကဲ့သို့ ကူးစက်လွယ်ပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ရောဂါများ တိုက်ဖျက်ရေးအတွက် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ထိုင်းသတင်းဌာန(TNA) က ရေးသား ဖော်ပြသည်။

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသမြို့ဖြစ်သော ရနောင်းပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးအဖွဲ့ အကြီးအကဲ ဒေါက်တာ ဆူရီရာကူဟာရက်က ထိုသို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသည် ကော့သောင်းမြို့နယ်မှ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခံရသူ ကလေးငယ်နှစ်ဦးကို ရနောင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်သည် သွေးလွန်တုပ်ကွေး ဆိုးရွားစွာ ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိပြီး ယင်းရောဂါကြောင့် အနည်းဆုံး လူနာငါးဦးခန့် သေဆုံးခဲ့ရပြီဖြစ်သည် ဟူသော သတင်းများကြား သိရကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ဖြင့် သေစေနိုင်သည့် ရောဂါများဖြစ်သော ငှက်ဖျား၊ ဝမ်းပျက် ဝမ်းလျှော သို့မဟုတ် AIDS တို့ကိုလည်း တိုက်ဖျက်သွားမည် ဖြစ်သည်ဟု ၎င်းက အတည်ပြု ပြောကြားသည်။

ရနောင်းပြည်နယ်နှင့် ကော့သောင်းမြို့ နယ်အကြားတွင် တရားဝင် နယ်စပ်ဖြတ်ကျော်ဂိတ် သုံးခုနှင့် သဘာဝ အတိုင်း သွားလာနိုင်သည့် နယ်စပ်ဝင်ပေါက် ၅၀ ကျော်ရှိသည်။ အဆိုပါ ဒေသများမှ တိုးရစ်များနှင့် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် ပြည်သူ ထောင်ပေါင်းများစွာ ကူးလူးသွားလာလျက် ရှိကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment