Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပထမဆုံးအကြိမ် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာညီလာခံ ပြုလုပ်မည်
  2.  ရန်ကုန်တွင် ဟိုတယ်ခန်းအကြီးကျယ်မလုံလောက်မှု လာမည့်ငါးနှစ်အထိ ဆက်ကြုံနေမည်
  3. အလုပ်မလုပ်သော စီမံကိန်းမြေများကို ပြန်သိမ်းရန် လွှတ်တော်က အစိုးရကို တိုက်တွန်း
  4.  အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ မြန်မာအစိုးရ တိုးချဲ့ဖွဲ့စည်းမည်

ပထမဆုံးအကြိမ် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာညီလာခံ ပြုလုပ်မည်

မြန်မာ့ဘဏ်လုပ်ငန်းနှင့်  ဘဏ္ဍာရေးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်အထိ ပထမဦး ဆုံးအကြိမ်အဖြစ် ကုန်သည်ကြီးများဟိုတယ်၌ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုညီလာခံ၌ မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများ၏  အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးသွားမည် ဖြစ်ပြီး နိုင်ငံတကာမှ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၂၀၀ ကျော်တက်ရောက်လာကြမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံ ပြုလုပ်ခြင်းဖြင့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် နိုင်ငံတကာသို့ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုညီလာခံသည် တစ်ခုတည်းသော မဟာဗျူဟာမြောက်ဘဏ်၏ လုပ်ငန်းဆိုင်ရာ ညီလာခံဖြစ်ပြီး ယင်းဘဏ်သည် ဘဏ်လုပ်ငန်း နယ်ပယ်အတွင်းရှိ လူများ ၊ ဆန်းသစ်တီထွင်သော နည်းပညာများနှင့် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်း များကို ပေါင်းစပ်ပြီး မြန်မာ့ဘဏ်လုပ်ငန်း၏ အနာဂတ်ကို  ပုံဖော်ဆောင်နိုင်သော နေရာတစ်ခုလည်းဖြစ်သည်။  အဆိုပါ ညီလာခံသို့  ပြည်တွင်းရှိ ဘဏ်များအပြင် ဂျပန်၊ စင်ကာပူ၊ နယူးဇီလန်၊ သြစတြေးလျ၊ ထိုင်း စသောနိုင်ငံတကာမှ ဘဏ်လုပ်ငန်းရှင်များ ကလည်း တက်ရောက်လာကြမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတွင် စီမံခန့်ခွဲမှု အားအနည်းဆုံး နိုင်ငံအဖြစ် ပါဝင်ကြောင်း သိရသည်။


 ရန်ကုန်တွင် ဟိုတယ်ခန်းအကြီးကျယ်မလုံလောက်မှု လာမည့်ငါးနှစ်အထိ ဆက်ကြုံနေမည်

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂ ရုံးခန်းများသည် လာမည့်လတွင် ဈေးနှုန်းများ ကြီးမြင့်လာ သောကြောင့် ပြောင်းရွေ့တော့မည်ဖြစ်ကြောင်း သိရှိရ သည်။

ကုလသမဂ္ဂရုံးများသည် ကုန်သည်ကြီးများဟိုတယ် ပဉ္စမထပ်တွင် ၂၀၀၇ ခုနှစ်ကတည်းက ဖွင့်လှစ် လာခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လက တစ်နှစ်စာ နောက်ဆုံးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

“ဟိုတယ်ခတွေရဲ့ ဈေးနှုန်းက မိုးထိအောင် တက်နေတယ်။ ငှားလိုအားနဲ့ ရှိတဲ့အခန်းက မမျှတဘူး ဖြစ်နေတယ်” ဟု ကုလသမဂ္ဂ ရန်ကုန်ရုံးခန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း ကပြောကြားခဲ့သည်။

အိမ်ခြံမြေ ကြော်ငြာလုပ်ငန်းတစ်ခု ဖြစ်သော ဆီပီယိုဆားဗစ်စ်၏ အဆိုအရ  ရန်ကုန်မြို့ရှိ ဟိုတယ်ခန်းများသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ရာခိုင်နှုန်း ၃၀ ခန့်သာ ပြည့်ခဲ့သော်လည်း ယခုအခါ ကမ္ဘာလှည့်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ လှိမ့်ဝင်လာ နေသဖြင့် အမြဲတမ်း ပြည့်နေကြောင်း သိရရှိသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများဟိုတယ်၏ အခန်းတစ်ခန်းနှုန်းထားသည် အမေရိကန်ဒေါ်လာ ၂၃၅ ဒေါ်လာ ဖြစ်သော ကြောင့် ဟောင်ကောင်ရှိ ကုန်သည်ကြီးများ ဟိုတယ်၏ အခန်းခဈေးနှုန်း  ၁၅၅ ဒေါ်လာထက် ခရီးသည်များ တိုးပွားလာမှု၊ ဆောက်လုပ်ရေး လုပ်ငန်းများ နောက်ကျကျန်ရစ်ခြင်း၊ စီးပွားရေး၊ ဥပဒေရေးရာနှင့် နိုင်ငံရေးစွန့်စားမှုများ ရှိနိုင်ခြင်းတို့ကြောင့် ရန်ကုန်သည် လာမည့်ငါးနှစ်အတွင်း ဟိုတယ်အခန်းများ အကြီးအကျယ် မလုံလောက်မှု ကြုံနေရဦးမည်ဟု ဂျုန်းလန်းလာဆေး ဟိုတယ်အုပ်စု၏ ထိုင်းနှင့် အင်ဒိုချိုင်းနားဆိုင်ရာ ဒုတိယအမှုဆောင် ဥက္ကဋ္ဌ အင်ဒရူးလန်း ကပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက “မြန်မာနိုင်ငံမှာ ဟိုတယ်အခန်းတွေက လိုအပ်နေဦးမှာပါ။ အဲ့ဒါကြောင့် Local ဟိုတယ်တွေကိုလည်း update လုပ်နေပါတယ်။ အခုမြန်မာနိုင်ငံကို ခရီးသည် တစ်သန်းဝင်တယ်။ ဟိုတယ်တွေက လိုလာပါတယ်။ လာမည့် ၂၀၂၀ မှာ မြန်မာနိုင်ငံကို ခရီးသည် ခုနှစ်သန်းကနေ ရှစ်သန်း ကြားဝင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဟိုတယ်တွေကတော့ လိုအပ်နေမှာပါ။ ဈေးနှုန်းအရတော့ ဒေါ်လာ ၃၀၊ ၄၀ နဲ့ ငှားနေတဲ့ အခန်းတွေရှိသလို အင်တာနေရှင်နယ် အခန်းတွေလည်းရှိတယ်။ အဲ့ဒါကြောင့် ဟိုတယ်တွေ လိုအပ်သလောက် ထပ်ဖြည့်နိုင် အောင် လက်ရှိမှာ ဟိုတယ်အကြီးစားတွေနဲ့ အသေးစားတွေ ဆောက်လုပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်အခန်းပေါင်း ၈၀၀၀ ကျော်ရှိပြီး နိုင်ငံတကာ အဆင့်ဟိုတယ်အခန်းမှာ ၃၀၀၀ သာရှိကြောင်း သိရှိရသည်။


အလုပ်မလုပ်သော စီမံကိန်းမြေများကို ပြန်သိမ်းရန် လွှတ်တော်က အစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံတွင် မြေဈေးများ ကြီးမြှင့်နေရခြင်း အကြောင်းရင်းတစ်ခု ဖြစ်သည့် စီမံကိန်း အကြောင်းပြ လက်ဦးမှုရယူ ထားသည့် လက်တွေ့ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော မြေများကို ပြန်လည်သိမ်းယူ၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသူ များကို ချထားပေး ရန် လွှတ်တော်က အစိုးရအဖွဲ့အား တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံဟာ မလိုအပ်ဘဲ မြေဈေးအကြီးမြှင့်ဆုံး တိုင်းပြည်ဖြစ်နေရပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သော အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ မြေဈေးကြီးမြင့်နေခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများအတွက် အဟန့်အတား ဖြစ်မည့်အပြင် မြန်မာနိုင်ငံ အတွက်လည်း တိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်လာစေရန် ၁၉၉၉ ခုနှစ်က ပြည်တွင်းကုမ္ပဏီ များအား ဆီးအုန်းစိုက်ရန်အတွက် မြေဧက ငါးသိန်းချ ထားပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင်မူ ကုမ္ပဏီများက အဆိုပါပမာဏ၏ နှစ်ဆဖြစ်သော ဧက ဆယ်သိန်းခန့်အထိ အမည်ပေါက် ရယူခဲ့သော်လည်း ပြီးခဲ့သည့်မတ်လက သွားရောက် လေ့လာမှုများ အရ အချိန် ၁၄ နှစ်ကြာမြှင့်သော်လည်း စိုက်ဧက သုံးသိန်းကျော်သာ ရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် ဆီးအုန်းအနစ်နာခံ စိုက်ပျိုးခြင်းကြောင်း စက်ယန္တရားများ၊ ကားများ စသည့် တန်ဖိုးကြီး ပစ္စည်းများကိုလည်း အခွန်လွတ် တင်သွင်းခဲ့ပြီး ဇိမ်ခံကားပါမစ်များလည်း ရရှိ၍ မြတ်ရရှိခဲ့ကြကြောင်း သိရှိရသည်။

မောင်ဝိတ်မိသားစု ကုမ္ပဏီ၏ လျာထားချက်အရ ၁၀၂၀ ဧကကို ခရိုင်စက်မှု/ကုန်ကြမ်း စာရင်းအရ လုံးဝစိုက်ပျိုးခြင်း မရှိသေးကြောင်း တွေ့ရှိရသော်လည်း၊ တိုင်းချုပ်စာရင်းတွင်မူ ၁၀၂၀ ဧကလုံး စိုက်ပျိုးပြီးဖြစ်၍ စိုက်ရန်မကျန်တော့ကြောင်း ဖော်ပြထားသဖြင့် စာရင်းကွဲလွဲမှုများ ရှိနေကြောင်း သိရှိရသည်။

အထက်ပါ အခြေနေများကြောင့် မြေနေရာရယူထား၍ ၁၄ နှစ်ကြာသည့်အထိ လုပ်ကိုင်ခြင်း မရှိသေးသော စီမံကိန်း ဝင်မြေများကို စိစစ်ကာ ပြစ်လည်သိမ်းယူကာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များကို ချထားပေးသင့်ပါကြောင်း အဆိုကို တင်ပြခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကပြောကြားခဲ့ကြောင်း သိရသည်။


 အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ မြန်မာအစိုးရ တိုးချဲ့ဖွဲ့စည်းမည်

မြန်မာအစိုးရသည် အဓိကရုဏ်း နှိမ်နှင်းရေးတပ်ဖွဲ့များကို အင်အားတိုးချဲ့ဖွဲ့စည်း၍ အဓိကရုဏ်း လုပ်ငန်းစဉ်များ ကိုလည်း နိုင်ငံတကာစံနှုန်းများ နှင့်အညီလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ် ကျော်ဇံမြင့်က ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။

တရားမဝင် အဖွဲ့အစည်းများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်နိုင်ကြောင်း လက်ရှိကျင်းပဆဲ ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က သတိပေးခဲ့သည်။

အကြမ်းဖက်မှုများနှင့် အဓိကရုဏ်းများကို ရင်ဆိုင်တုံပြန်နိုင်ရေးအတွက် ရဲတပ်ရင်းများ ဖွဲ့စည်းထားပြီး မိတ္ထီလာမြို့ တွင်လည်း ရဲတပ်ရင်းတစ်ရင်း ထပ်မံဖွဲ့စည်းရန် စီစဉ်ထားသည့်အပြင် နေပြည်တော်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့များကို အထောက်အကူ ပေးနိုင်ရေးအတွက် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီသုံးခု ဖြင့် ထပ်မံအားဖြည့်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိအသုံးပြုနေသော အဓိကရုဏ်းဆိုင်ရာ ကျင့်ထုံးများကို အပြောင်းအလဲပြုလုပ်ပြီး နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပို့ချမည့် အဓိကရုဏ်း ဖြေရှင်းရေးလုပ်ငန်း သင်တန်းစဉ်များသို့ တက်ရောက် သင်ကြားရမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် သြစတေးလျနိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ အကူအညီဖြင့် အဓိကရုဏ်း နှိမ်နှင်းရေး လုပ်ငန်းစဉ် သင်တန်း များကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဆိုအရ သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment