Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. UMFCCI ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ရန် သမ္မတထံ ကန့်ကွက်စာတင်
  2. ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် UWSA တို့“ဝ”မြောက်ပိုင်းဌာနချုပ်ပန်ဆန်းတွင် တွေ့ဆုံဆွေးနွေးရန်ရှိ
  3. ဆက်သွယ်ရေးဥပဒေအား ယခုလွှတ်တော်တွင် ပြဋ္ဌာန်းမည်ဟု ဒုဝန်ကြီးပြောကြား


UMFCCI ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ရန် သမ္မတထံ ကန့်ကွက်စာတင်

ပထမဆုံးအကြိမ် အသင်းများ၏ ဆန္ဒနှင့် မဲပေးရွေးချယ်သည့် ကုန်သည်/စက်မှုအသင်း ချုပ် (UMFCCI) ၏ အလုပ် အမှုဆောင်အသစ်ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှု၊ မှန်ကန်မှုမရှိသည့်အတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပ ပေးပါရန် အဆိုပါအသင်းချုပ် ၏ အသင်းသား ၅၀ ကျော်က နိုင်ငံတော်သမ္မတထံသို့ကန့်ကွက်စာတင်းထားကြောင်း UMFCCI ၏ ဗဟို အလုပ်မှုဆောင်တစ်ဦးဖြစ်သူက ပြောကြားခဲ့သည်။

မဲရေတွက်မှုစနစ်တွင် ကွန်ပျူတာဖြင့် မဲရေတွက်သော်လည်း ကွန်ပျူတာစက်ချို့ယွင်း သည့်အတွက် လက်ဖြင့်စာရင်း ရေတွက်ရသောကြောင့် မဲရေတွက်ချိန် ကြန့်ကြာမှု၊ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်မှုဆောင်နှင့် စီမံခန့်ခွဲရေးတာဝန်များ အတွက် ရွေးချယ်မှု ပုံစံမကျမှုနှင့် ရွေးကောက်ပွဲပြုလုပ်မည့် အချိန်ကို အချိန်ကပ်၍ အသိပေးခြင်း၊ ကျယ်ပြန့်စွာ အသိပေးမှု မရှိခြင်းနှင့် မဲရရှိရန်ကြိုတင်ကြံစည်မှုတို့ပါရှိသည်ဟု အဆိုပါ ကန့်ကွက် စာတွင် ဖော်ပြထားခဲ့ကြောင်း သိရှိရသည်။

အသင်းချုပ်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး အသင်းသားများစာရင်း သွင်းရက်ကို ဇွန်လ ၁၂ ရက်နေ့ထိ ရက်တိုး သတ်မှတ်ပေးပြီး အသင်းသားများ ပိုမိုပါဝင်ခွင့်ရရန် ဆောင်ရွက်ထားပြီး ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသတင်းစာ များ၊ ဂျာနယ်များမှတစ်ဆင့် အသိပေးကြေညာထားကြောင်း ထပ်မံအရွေးချယ်ခံရသော အသင်းချုပ်၏ ဥက္ကဋ္ဌ ဦးဝင်းအောင် ကပြောကြားခဲ့သည်။

သို့ရာတွင် မေလ ၂၆ ရက်နေ့က အသစ်ပြင်ဆင်အတည်ပြုထားသော အသင်းချုပ်၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်းအခန်း (၉) အစည်းအဝေးများကျင်းပခြင်း အပိုဒ် ၄၇ (ဂ) တွင်အစည်းအဝေးဖိတ်စာကို ကျင်းပမည့်ရက် မတိုင်မီ ၂၁ ရက်ကြိုတင်၍ အသင်းသားများထံ လူကိုယ်တိုင်၊ စာတိုက်ကြေးနန်း၊ အီးမေးလ်၊ ဖက်စ် စသည့်သင့် လျော်ရာနည်းလမ်းဖြင့် ပေးပို့သည့်အပြင် သတင်းစာ၊ ဂျာနယ်၊ အင်တာနက်စာမျက်နှာ တွင် အသိပေးဆောင်ရွက်ခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အသင်းသားနှစ်သောင်းကျော်၊ သုံးသောင်းနီးပါးရှိသော အသင်းချုပ်တွင် အသက်ဝင်နေ နေသော အသင်းသား ၇၀၀၀ ခန့်ရှိပြီး ယင်းအသင်းသားများအနက်မှ ဆန္ဒမဲပေးသူ ၇၇၃ ဦးသာရှိရာ အမှန်တကယ်ရှိသော အသင်းသားအရေ အတွက်အချိုးအစားနှင့် ယှဉ်လျှင် ယင်းရွေးကောက်ပွဲသည် အောင်မြင်သောရွေးကောက်ပွဲ ဖြစ်နိုင်၊ မဖြစ်နိုင်ကို ရွေးကောက်ပွဲ ကော်မရှင်သည် စိစစ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အလုပ် အမှုဆောင်အဖြစ် ဝင်ရောက်ဆန္ဒပြုအရွေးခံသူ ဦးဇော်တိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်လှိုင် ကပြောကြားခဲ့သည်။

ထို့အပြင် အသင်းချုပ်၏ ၂၀၁၃ - ၂၀၁၆ အလုပ်အမှုဆောင်အသစ် ရွေးချယ်ပုံစနစ် မှန်ကန်မှုနှင့် တရားမျှတမှု ရှိမရှိကို အသင်းချုပ်၏ ဇူလိုင်လ ၁၄ ရက်နေ့တွင်ပြုလုပ်မည့် အသင်းသားစုံညီအစည်းအဝေးကို ပြင်းထန်စွာဆန့်ကျင်၍ သပိတ်မှောက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အသင်းချုပ်၏ အလုပ်အမှုဆောင်အသစ်ရွေးချယ်ရာတွင် ညီနောင်အသင်း ၆၉ သင်းမှ ကိုယ်စားလှယ် ၆၉ ဦးသည် အလိုအလျှောက်အရွေးခံပြီးဖြစ်ကာ ယင်းအရေအတွက်နှင့် ညီမျှသော ၆၉ ဦးကို အသင်းသားများက မဲပေးရွေးချယ်ပြီး အလုပ် အမှုဆောင် စုစုပေါင်း ၁၃၈ ဦးနှင့် ယင်းအလုပ်အမှုဆောင် ၁၃၈ ဦးက ဗဟိုအလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုသူ ၈၀ ဦးအနက်မှ ၅၆ ဦးကို မဲပေးရွေးချယ်ကာ ယင်း ဗဟိုအလုပ်အမှုဆောင် ၅၆ ဦးက အသင်းချုပ်၏ စီမံခန့်ခွဲရေးရာထူး တာဝန်ယူမည့် ၂၀ ဦးကို ထပ်မံရွေး ချယ်ခြင်း ဖြစ်သည်။

ညီနောင်အသင်း ၉၆ သင်းတွင် ကုမ္ပဏီဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်မရှိသေး သော အသင်းများပါဝင်နေပြီး တရားဝင်မှတ်ပုံတင်ထားသော အသင်း ၅၉ သင်းအောက် သာရှိပြီး အသင်းချုပ်၏ အလုပ်မှုဆောင်ရွေးချယ်တင်မြှောက်မှုသည် တရားမျှတ မှန်ကန်မှုမရှိသည့်အတွက် အသင်းချုပ်၏ အသင်းသားစုံညီအစည်းအဝေးမကျင်းပမီ အများဆန္ဒနှင့် အညီရွေး ကောက်ပွဲ ပြန်လည်ကျင်းပပေးစေလိုကြောင်း နိုင်ငံတော် သမ္မတထံသို့ တင်ထားသည့် ကန့်ကွက်စာတွင် ဖော်ပြထားကြောင်း သိရှိရသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီနှင့် UWSA တို့ “ဝ” မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင်တွေ့ဆုံဆွေးနွေးရန်ရှိ

အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အကြား နှစ်ဖက်ဆက်ဆံရေး ရုံးပိတ်သည်အထိ တင်းမာမှုများ ရှိခဲ့သော်လည်း လာမည့်ဇူလိုင်လ ၁၁ ရက်(သို့) ၁၅ ရက်နေ့အတွင်း အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ “အစိုးရဘက်က  ၁၁ ရက် သို့မ ဟုတ် ၁၅ ရက်ကို ကျိုင်းတုံမှာ တွေ့မယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘယ်နေ့တွေ့မယ်ဆိုတာ အကြောင်းမပြန်သေးဘူး”ဟု UWSA မှပြောရေးဆိုခွင့်ရှိသူ ဦးစံခွန်းမှ ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ဝမြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ကျင်းပသွားနိုင်ဖွယ်ရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က အစိုးရအဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

“သူတို့ဆီသွားပြီးဆွေးနွေးမှာပါ။ အခုဖြစ်နေတဲ့ပြဿနာတွေကလည်း ကြီးကြီးမားမားမဟုတ်ပါဘူး ဆွေးနွေးဖို့က ညှိနှိုင်းနေဆဲပါပဲ။ အရင်ကတည်းက ဆွေးနွေးမယ်လို့ ပြောထားပြီးသားပါ။ ရက်အတိအကျ မသတ်မှတ်သေးတဲ့အတွက် ရွှေ့ဆိုင်းတယ်ဆိုပြီးကောလဟာလတွေ ထွက်လာတာပါ၊” ဟုပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ပြောကြားခဲ့သည်။

ထို့အတူ UWSA ဘက်မှလည်း တပ်မတော်နှင့် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကို ဆွေးနွေးညှိနှိုင်း လုပ် ဆောင်သွားရန် ဆန္ဒရှိကြောင်းနှင့် အောင်မြင်စွာအကောင်အထည်ဖော်နိုင်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း UWSA မှ ပြောခွင့်ရ ပုဂ္ဂိုလ်ဦးအောင်မြင့်က ပြောကြားခဲ့သည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာ့ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက် မြန်မာ့စစ်အစိုးရနှင့်  အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့ပြီး လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (စ) တွင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်းဆန်မြို့ နယ် စသော မြို့နယ်ခြောက်မြို့နယ်ကို ခရိုင်ခုနှစ်ခု ဖွဲ့စည်း၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးခဲ့သည်။ လက်ရှိပြည်တွင်း ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးအဖွဲ့ UWSA မှာအင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။


ဆက်သွယ်ရေးဥပဒေအား ယခုလွှတ်တော်တွင် ပြဋ္ဌာန်းမည်ဟု ဒုဝန်ကြီးပြောကြား

အများပြည်သူ စိတ်ဝင်စားမှုမြှင့်မားနေပြီး နည်းပညာနယ်ပယ်မှ စောင့်မျှော်နေသော ဆက်သွယ်ရေးဥပဒေကို ယခု ကျင်းပ နေသည့် လွှတ်တော်ကာလအတွင်းအတည်ပြုပြဋ္ဌာန်းသွားနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။

အဆိုပါဥပဒေကို မကြာသေးမီက အမျိုးသားလွှတ်တော်တွင်အတည်ပြုပြီး ယခုကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးကာလအတွင်း အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ Legal Infrastructure နဲ့ဆက်သွယ်ရေးဥပဒေကို အမျိုးသားလွှတ်တော်က မကြာသေးမီက အတည်ပြုပြီး ပြည်သူ့ လွှတ်တော်မှာ ယခုလွှတ်တော်ကာလအတွင်းမှာ အတည်ပြုသွားနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟုဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။

ဆက်သွယ်ရေးနှင့်နည်းပညာအချက်အလက်ဝန်ကြီးဌာနသည် အဆိုပါဆက်သွယ်ရေးဥပဒေကြမ်းကို နိုဝင်ဘာလ အတွင်း ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေကြမ်းတွင် အခန်ပေါင်း ၂၀ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ဝေဖန်မှုအများဆုံးခံခဲ့ရသော အခန်း ၁၉ မှ (ပြစ်မှုနှင့်ပြစ်ဒဏ်များ) နှင့်ပတ်သက်သော ဆက်သွယ်ရေး ဥပဒေ ကြမ်းထဲမှ ပြင်ဆင်သင့်သောအချက်များကိုလည်း ပြင်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည့်အပြင် ဥပဒေသည် ယှဉ်ပြိုင်မှုကို အဓိကဦးစားပေးရေးဆွဲထားကြောင်း အဆိုပါဝန်ကြီးဌာနက ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးဥပဒေကြမ်းတွင် ပြည်ပလုပ်ငန်းရှင်များက ဆက်သွယ်ရေးလုပ်ငန်းတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ခွင့်မရှိဘဲ၊ ပြည်တွင်းမှ လုပ်ငန်းတစ်ခုခုနှင့် ပူပေါင်း၍ဖက်စပ်လုပ်ကိုင်ရမည်ဆိုသောအချက်ကို လွှတ်တော်ကိုယ်စားလှယ် တစ်ချို့က ထည့်သွင်းရန်ကြိုးပမ်းနေကြောင်း သိရှိရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင်မူ ဆက်သွယ်ရေးလုပ်ငန်းကို ပြည်ပ လုပ်ငန်းရှင်များကို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်ပြုထားသောကြောင့် ဖက်စပ်လုပ်ကိုင်ရမည်ဆိုသည့်အချက်ပါဝင်လာပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးသမားအချို့ ကပြောကြားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment