Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီဥပဒေထဲမှာ အဓိကကတော့ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် အချက်တွေ သိပ်မပါ ဘူးဗျ။ စိုက်ပျိုးစရိတ်ပေါ့။ လက်ရှိမှာတော့ လယ်သမားတွေ အနေနဲ့ အစိုးရက ထုတ်ပေးတာတနဲ့ မလောက်လို့ အပြင်မှာ အတိုးနှုန်း ကြီးကြီးနဲ့ ချေးငှားပြီး လုပ်နေရတယ်”

၂၀၁၃ ဇူလိုင်လ ၆ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာပါ “တောင်သူ လယ်သ မားများ၏ အကျိုး စီးပွား မြှင့်တင်ရေး ဥပဒေကြမ်း လွှတ်တော်အမတ် အချို့ ဝေဖန်” သတင်းမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်ထောင်စု အဖွဲ့အစည်းတစ်ရပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအကြောင်း အရာတစ်ခုအတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူလိုရင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အရ အဆိုအဖြစ် တင်သွင်းရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကထံကို စာနဲ့ ရေးသားပေးပို့ခြင်း၊ သတင်းထုတ်ပြန် ကြေညာခြင်းဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ပြဋ္ဌာန်းထားတဲ့ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို ကျော်လွန်နေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရဲ့စာရေး သား ပေးပို့မှုနဲ့ သတင်းထုတ်ပြန်ချက်ပါ အကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး ဆက်လက် ဆောင်ရွက်ဖို့ မရှိပါဘူး”

၂၀၁၃ ဇူလိုင်လ ၈ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (၄) အမှတ် (၇) တွင် ပါရှိသော “PR စနစ် ပြောင်းလဲ ကျင့်သုံးရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ စာရေးသား ပေးပို့မှုကို ပြည်ထောင်စုလွှတ်တော်က လက်မခံ” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ ကော်မတီ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က အရင်ကော်မတီတွေ ဖွဲ့စည်းတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌ က အဓိက တာဝန်ပေး တယ်။ အခုက ဒီမိုကရေစီကိုသွားနေတာ ၂ နှစ်ကျော် ကြာလာပြီဆိုတော့ ဒီလိုမျိုး ကော်မတီလေးတွေကိုလည်း ဒီမိုကရေစီ ဆန်ဆန်သွားတာ ကောင်းတယ်ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကနေ လျှို့ဝှက်အမည် ၅ ခုကို ရေးပြီးခဲ့ထဲ ကမှ လျှို့ဝှက်မဲပေးကြတဲ့ထဲက ၁၅ ဦးနဲ့ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းတာပါ”

၂၀၁၃ ဇူလိုင်လ ၉ ရက်နေ့ထုတ် True News ဂျာနယ်ပါ အတွဲ (၅) အမှတ် (၃၈၉) တွင် ပါရှိသော “အမျိုးသား လွှတ်တော် အတွင်း လွှတ်တော်အုပ်ချုပ်မှုနှင့် ရေးရာကော်မတီဖွဲ့စည်းမည်” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေးခွန်းရဲ့ ဖြေဆိုမှုပိုင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေကို လွှတ်တော်က ပြန်လည် အသိပေးလိုပါတယ်။ မေးခွန်းများဟာ လွှတ်တော်ဥက္ကဋ္ဌကို ဦးတည်ပြီး မေးလာကြပါတယ်။ ဒီမေးခွန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ကို ပို့ပါတယ် ။ ပြည်ထောင်စုအစိုးရ အဖွဲ့များ မေးခွန်းများ ဖြေနိုင်ပြီဆိုသည့် အကြောင်းကြားချက် ပြန်ကြားချက်များအပေါ် မူတည်ပြီး လွှတ်တော် အစည်းအဝေး အစီအစဉ်များမှာ ထည့်သွင်းဆောင်ရွက်ပါတယ်”

၂၀၁၃ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် သမဂ္ဂ ဂျာနယ် အတွဲ (၁) အမှတ် (၂၇) ပါ “လွှတ်တော်မှ မေးမြန်းသော မေးခွန်းများကို ပြည့်စုံစွာ ဖြေကြားနိုင်သည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများကို တာဝန်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား”သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အားသွန်ခွန်စိုက် လုပ်နေတဲ့အချိန်မှာ ဒါကို အကျယ်တ၀င့် ဖြေရှင်းလိုက်ရင် အားလုံး ထိခိုက်သွားစရာ ရှိတယ်။ ကျွန်တော်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တစ်သက်လုံး လုပ်ခဲ့တဲ့ သူပါ။ ရှမ်း ပြည်နယ် မြောက်ပိုင်းက မုးယစ်စခန်းကြီးဆိုရင် ကျွန်တော်တိုက်ခဲ့တာပါ။ အဲဒီ တိုက်ခိုက်ခံရတဲ့ သူတွေထဲမှာ ကျဆုံးတာ၊ အရေးယူခံရတာတွေရှိတော့ ကျွန်တော့်ကို ပြောင်းပြန်စွပ်စွဲတာ၊ အခြေအမြစ် မရှိပါဘူး”

၂၀၁၃ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဘိန်းဘုရင်ဟု စွပ်စွဲမှုမှာ နိုင်ငံရေးသိက္ခာချခြင်းဟု ဦးတီခွန်မြတ်ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

UMFCCI ၏ အလုပ်မှုဆောင်ရွေးချယ်ပွဲ ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်းကြောင့် ပြန်လည်ကျင်းပရန်ပေးရန် တောင်း ဆို

မြန်မာနိုင်ငံ၏ ကုန်သည်စက်မှု အသင်းချုပ် UMFCCI ၏ ပထမဆုံးအကြိမ်မြောက် အသင်းသားများ၏ ဆန္ဒနှင့် မဲပေးရွေးချယ်သည့် အလုပ်မှုဆောင်ရွေးချယ်ပွဲကို ပွင့်လင်းမြင်သာမှုနှင့် မျှတမှုမရှိခဲ့ခြင်းများကြောင့် ပြန်လည် ကျင်းပပေးရန် အဆိုပါအသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင် ၅၀ ကျော်က နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်စာတင်ထား ကြောင်း အဆိုပါ အသင်းချုပ်၏ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူမှ ပြောသည်။ အဆိုပါကန့်ကွက်စာ၌ မဲရေတွက်မှုစနစ်တွင် ကွန်ပျူတာဖြင့် မဲရေတွက်သော်လည်း စက်ချို့ယွင်းသည့်အတွက် လက်ဖြင့်စာရင်းရေတွက်ရသည့်အတွက် မဲရေတွက် ချိန်ကြန့်ကြာမှု၊ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်မှု ဆောင်နှင့် စီမံခန့်ခွဲရေးတာဝန်များအတွက် ရွေးချယ်မှု ပုံစံမကျမှုများ၊ ရွေးကောက်ပွဲပြုလုပ် မည့်အချိန်ကို နီးကပ်စွာကြေငြာခြင်းနှင့် မဲရရှိရန် မသမာသည့်ကြိုတင်ကြံစည်မှုများရှိနေကြောင်းဖော်ပြထားသည်။


တရုတ်ကုမ္ပဏီများလိုက်နာရမည့် စည်းကမ်း ခြောက်ချက်ကို ထုတ်ပြန်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည့် တရုတ်ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များကို အချက်ခြောက်ချက်ဖြင့် တရုတ်အစိုးရက ဇူလိုင်လ ၆ ရက်နေ့ တွင်ပြုလုပ်ကျင်းပသော တရုတ်ကုမ္ပဏီ များ၏ မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ တရုတ် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ အတွင်းရင်းနှီး မြှပ်နှံမှုများ လုပ်ဆောင်ရာတွင် နှစ်နိုင်ငံ ဥပဒေစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်၊ အခွန်ပေးဆောင်ရာ တွင်လည်း ဥပဒေ အတိုင်းသာပေးဆောင်ရန်တို့ ပါဝင်ကြောင်းသိရသည်။ ထို့ပြင် စီမံကိန်း များ၌ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို နှစ်နိုင်ငံ သတ်မှတ်ချက် စံချိန်စံညွှန်းများဖြင့် အညီ ဆောင်ရွက်ရမည်ဖြစ်သည့် အပြင် လူမှုအကျိုး ဖြစ်ထွန်းသည့် လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ရမည် ဖြစ်ပြီး ဆောင်ရွက်နေစဉ်အတွင်း ဒေသခံလူမှုအဖွဲ့ အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန် အချက်များလည်း ပါရှိကြောင်း သိရှိရသည်။


လွှတ်တော်ရှိ ရေးရာကော်မတီများ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် အမျိုးသားလွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာ ကော်မတီဖွဲ့စည်း

လွှတ်တော်တွင်း ဖွဲ့စည်းထားသော ရေးရာကော်မတီများ၏ လုပ်ငန်းများအား ပိုမိုထိရောက်စေရန် ဇွန်လ ၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှ အမျိုးသားလွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာကော်မတီ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ပြောကြားသွား ချက်အရ သိရှိရသည်။ အဆိုပါ လွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာကော်မတီလုပ်ငန်းအဖွဲ့သည် အစိုးရနှင့် ဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေးရာ ကော်မတီများ၏ လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်ခြင်း စသည့် အချက်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ယခု ဖွဲ့စည်းလိုက်သည့် လွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာကော်မတီကို အမျိုးသားလွှတ်တော်ရှိ ရေးရာကော်မတီအသီးသီးနှင့် ကော်မရှင်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများနှင့် ဖွဲ့စည်းထားသည်။


မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် ထောက်ခံမဲ တသန်းကျော်ရရှိ

မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ထောက်ခံမဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံခဲ့ရာတွင် ဇူလိုင်လ ၆ ရက်နေ့ အထိ ထောက်ခံမဲ တစ်သန်းကျော် ရရှိခဲ့ပြီးဖြစ်ကြောင်း မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဦးဆောင် လှုပ်ရှား နေသည့် မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ မိန့်ကြားချက်အရ သိရသည်။ အဆိုပါ မျိုးစောင့်ဥပဒေ ထောက်ခံ လက်မှတ်များကို အရှင်ဝီရသူက ဦးဆောင်၍ မြန်မာပြည် အထက်ပိုင်းနှင့် မန္တလေးမြို့များတွင် ဦးဆောင်ကောက်ခံခဲ့ပြီး အချို့နယ်များတွင် နိုင်ငံရေးပါတီအချို့၏ ကူညီပေးမှုများရှိနေပြီး အချို့မြို့နယ်များတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၏ တားဆီးမှုများ ကြုံတွေ့နေသည်ဟု သိရှိရသည်။


DIR နှင့် ACE တို့ပူးပေါင်းပြီး အစုရှယ်ယာကုမ္ပဏီများအတွက် နည်းပညာပံ့ပိုးမည်

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ နိုင်ငံတကာအဆင့်မီ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ဂျပန်ကိုယ်စားပြု ပညာရှင် များပါဝင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် DIR နှင့် မြန်မာ IT ကုမ္ပဏီကြီး ဖြစ်သည့် ACE တို့မှ ပူးပေါင်း၍ စတော့အိတ်ချိန်းနှင့် အစုရှယ်ယာ ကုမ္ပဏီများအတွက် အဆင့်မြင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း DAT (Dir IT Technology) ၏ စီအီးအို အိုးဂါဝါ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ DIR ကုမ္ပဏီသည် မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ၂၀၁၂ ခုနှစ် မေလတွင် မြန်မာ့ဗဟိုဘဏ်နှင့် စတော့အိတ်ချိန်း တည်ဆောက်ရန် သဘောတူစာချုပ် ရေးထိုးခဲ့ပြီး ကျယ်ပြန့်လှသော အရင်းအနှီး ဈေးကွက်ကဏ္ဍ၊ ငွေကြေးကဏ္ဍတို့၌ IT စနစ် ထည့်သွင်းလုပ်ကိုင်နိုင်ရန် ACE ကုမ္ပဏီနှင့် ပုးပေါင်း၍ DAT အဖြစ် ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။


ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဇူလိုင် ၇ ရက်နေ့ မနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ မဟာဗောဓိပင်၊ ဂျပန်ဘုရားကြီးနှင့် တိဗက်ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်များတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ရဟန်းတော်သုံးပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများတွင် တိဗက်ရဟန်းတော် တစ်ပါးနှင့် မြန်မာ ရဟန်းတော်နှစ်ပါး၊ ဗီယက်နမ် သီလရှင် တစ်ပါးနှင့် အိန္ဒိယနိုင်ငံသား နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြန်မာရဟန်းတော် တစ်ပါးဖြစ်သည့် အရှင်ဝိလာသဂ္ဂမှာ မဟာဗောဓိ စေတီ၌ ပရိတ်ရွတ်ဖက် သရဇ္ဖာယ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဗုဒ္ဓဂါ ယာရှိ မဂဒတက္ကသိုလ်တွင် ပညာသင်ယူနေသည့် ရပာန်းတစ်ပါးက မိန့်ကြားချက်အရ သိရသည်။

ဗုဒ္ဓဂါယာရှိ ဗုဒ္ဓဘာသာများမှ အထွတ်အမြတ်ထားသည့် နေရာများကို ဗုံးဖောက်ခွဲရန် ကြံစည်နေသည်ဆိုသည့် သတင်းများမှာ လွန်ခဲ့သည့် သီတင်းတစ်ပတ်ကပင် ထွက်ပေါ်လာသော်လည်း ဗီဟာပြည်နယ် အစိုးရက လုံခြုံရေး အစောင့် အရှောက် ထားပေးရာတွင် အားနည်းခြင်းကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားရ ခြင်းဖြစ်ကြောင်းသိရှိရပြီး အဆိုပါ ဗုံးဖောက်ခွဲမှုဖြစ်စဉ်သည် ဗီဟာပြည်နယ် ဝန်ကြီးချုပ်တွင် အဓိက တာဝန်အရှိဆုံးဖြစ်ကြောင်း အိန္ဒိယနိုင်ငံရောက် မြန်မာ ရဟန်းတော်များက တစ်ညီတစ်ညွှတ်တည်း ဆိုကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment