Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုနှင့် လုပ်ငန်းကော်မတီ ပြန်လည်ဖွဲ့စည်းမှုငြိမ်းချမ်းရေး လုပ်ငန်းများမထိ ခိုက်နိုင်
  1. လွှတ်တော်မေးခွန်းများအပေါ် အမှန်တကယ်ဖြေကြားနိုင်သည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များကိုသာ စေလွှတ်ရန် အစိုးရသို့ တင်ပြမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုနှင့် လုပ်ငန်းကော်မတီ ပြန်လည်ဖွဲ့စည်းမှု ငြိမ်းချမ်းရေးလုပ်ငန်းများ မထိ ခိုက်နိုင်

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးမှ ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့တွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်အချို့ကို  ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို တစ်စုံ တစ်ရာ ပြောင်းလဲထိခိုက်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွဲ့က ပြောသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့၏ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြန်လည်ခေါ်ယူပေးရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယင်းကာလုံ အစည်းအဝေးကို တစ်ပတ်အတွင်း နှစ်ကြိမ်ခန့် ကျင်းပပြီးနောက်တွင် ယခုကဲ့သို့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ နှစ်ခုကို ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်မှ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီတွင် ယခင်က ဒုတိယသမ္မတ ရာထူးမှ အနားယူခဲ့သည့် သီဟသူရ ဦးတင်အောင်မြင့်ဦး၏ နေရာတွင် လက်ရှိ နိုင်ငံတော်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းအားလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၏ နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၏နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တို့ဖြင့်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင်မူ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နေရာများတွင် အပြောင်းအလဲ မရှိခဲ့သော် လည်း ၂၀၁၂ ခုနှစ်အတွင်း နှုတ်ထွက်ခဲ့သည့် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဇော်မင်း၏ နေရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းအား အစားထိုးခဲ့ပြီး အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ဦးကိုသာ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ လုပ်ငန်းကော်တီနှင့် ဗပာိုကော်မတီတို့ ပြောင်းလဲဖွဲ့စည်းခဲ့မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက “မရှိတော့တဲ့လူတွေ နေရာမှာ တာဝန်ယူမယ့် လူတွေပဲ ပြောင်းလဲလာတာ၊ မူအရ ပြောင်းလဲသွားတာမျိုးတွေ ရှိမှာမဟုတ်ဘူး”ဟု ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင် ကော်မတီများပြန်လည်ဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီဒု-ဥက္ကဋ္ဌ ဦးဌေးဦးတို့အား ထည့်သွင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အကြံပြုခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီကို တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တပ်မတော် အရာရှိများ၊ အစိုးရ၊ လွှတ်တော်တို့ အားလုံးဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် အဆိုပါကော်မတီများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ခြင်း၊ မပါဝင်ခြင်းသည် တာဝန်ပေးအပ်သူများနှင့်သာ သက်ဆိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအနေဖြင့် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၁)ဖွဲ့ရှိသည့်အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)နှင့် မူ ဇူလိုင်လအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း အဆိုပါ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားထားသည်။

        


လွှတ်တော်မေးခွန်းများအပေါ် အမှန်တကယ်ဖြေကြားနိုင်သည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များကိုသာ စေလွှတ်ရန် အစိုးရသို့ တင်ပြမည်

ပြည်သူ့လွှတ်တော်မှ မေးကြားသော မေးခွန်းများပေါ်တွင် ပြည့်ပြည့်ဝဝပြန်လည် ဖြေကြားနိုင်သော ဌာနဆိုင်ရာ ပုဂ္ဂိုလ် များကို လွှတ်တော်သို့ စေလွှတ်၍ ပြန်လည်ဖြေကြားနိုင်ရေးအတွက် လက်ရှိပြည်ထောင်စုအစိုးရအား တင်ပြသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ  ၅ရက်နေ့တွင် ပြုလုပ်ကျင်းပသော ပထမအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမပုံ မှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များမှ သိလိုသည့် အကြောင်းကိစ္စရပ်များနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌသို့ ဦးတည်၍ မေးမြန်းလာသည့် မေးခွန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပို့ဆောင်ကာ မေးခွန်းများကို ဖြေနိုင်သည့်အချိန်တွင် အစိုးရမှ အကြောင်းပြန်ကြားလေ့ရှိကြောင်း သိရသည်။ ထိုသို့ အကြောင်းပြန်လာသည့် ရက်အပေါ်မူတည်၍ လွှတ်တော် ကျင်းပသော နေ့ရက်၏ အစီအစဉ်များတွင် ထည့်သွင်းရေးဆွဲရလေ့ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အစည်း အဝေးတွင် ရှင်းလင်းပြောကြားသွားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်မေးချင်တဲ့ မေးခွန်းတွေကို ပြည့်ပြည့်ဝဝ ဖြေတာပဲလိုချင်တယ်။ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ဆန္ဒကလဲ တစ်ထပ်တည်း ကျနေတယ်။ အရေးကြီးတဲ့ မေးခွန်းတွေမှာ အားလုံးခြုံငုံသုံး သပ်ဖြေကြားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို အစိုးရအဖွဲ့က စေလွှတ် သင့်တယ် လို့ ဥက္ကဋ္ဌက ဆိုလိုက်တာပဲ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်း ၁၀ ခုမေးမြန်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment