Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ အခါမှ ငွေကြေးပစ္စည်းအကူအညီ အထောက်အပံ့တွေ  လိုမှပါ။လိုလာတဲ့အခါမှာ ပြည်ပက ပေးလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်မထားဘဲ နိုင်ငံရဲ့ ငွေကြေးသုံးပြီး ငြိမ်းချမ်းရေးရအောင် လုပ်ဖို့သဘောတူကြပါတယ်။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့အချက်က ငြိမ်းချမ်းရေးရအောင် တည်ထောင်တဲ့အခါမှာ ဥပဒေနဲ့မညီရင် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို ထိပါးလာရင် ( သို့မဟုတ် ) ပြည်သူများရဲ့ဘဝ လုံခြုံရေး ကာကွယ်မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်လို့ရှိရင် မကောင်းတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်”

၂၀၁၃ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ထုတ်        Envoy  ဂျာနယ် အတွဲ ( ၄ ) အမှတ် ( ၆ ) တွင် ပါရှိသော “ပြည်သူ့ ဘဏ္ဍာဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မည် ” သတင်းမှ  ပြည်သူလွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်း၏ ပြောကြား ချက်အား  ကောက်နှုတ်ချက်။


“ကျောင်းသားသမဂအဆောက်အအုံက သက်သက်ဖြိုချလိုက်တာမဟုတ်ဘူး။ လွတ်လပ်ခြင်းကို မြက်နိုးတဲ့ ကျောင်းသားတွေ ရဲ့ စိတ်ကို ဖြိုချလိုက်တာ။ ဒါပေမယ် ဒီနေ့မြင်ကွင်းကို ကြည့်လိုက်ရင် မအောင်မြင်ခဲ့ဘူးဆိုတာ သိသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်ဆိုတာ အဲဒီသမဂထဲက ထွက်လာ တာ။ ဒီတော့ တော်လှန်တဲ့စိတ်ဓါတ်၊ အာခံတဲ့ စိတ်ဓါတ်လွတ်လပ်လိုတဲ့ စိတ်တွေ ရှိနေဦးမှာပဲ။ ဒါကြောင့် ပြိုကျသွား တဲ့အဆောက်အအုံဟာ မကြာမီပြန်ရလာမှာပဲ”

၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်နေ့ထုတ်  ပြည်မြန်မာ နေ့စဉ်သတင်းစာ တွင် ပါရှိသော “  ဇူလိုင် ၇ ရက်အောက်မေ့ ဖွယ် အခမ်းအနားသို့ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်များတက်ရောက်”သတင်းမှ   ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Constitution ထဲမှာ ပြည်နယ်လုပ်ပိုင်ခွင့် ဘယ်လောက်ဆိုတာကို ပြဋ္ဌာန်းထားရမယ်။ အခုဟာက ကြွန်းကျန် အာဏာ အကုန်လုံးက ပြည်ထောင်စုမှာရှိတာကိုး။တကယ်ဖက်ဒရယ်နိုင်ငံတွေက ကာကွယ်ရေး၊ အခွန် ၊ နိုင်ငံခြားရေး အဲ့ဒါတွေကို ပြည်ထောင်စုမှာထားတယ်ဒါပေမယ့် ကျွန်မတို့ နိုင်ငံမှာက အဲ့ဒီလောက်အကုန် ပြည်နယ်နဲ့ တိုင်းဒေသကြီးကို ပေးလိုက်ရင် လုပ်နိုင်မလားဆိုတာရှိသေးတာကိုး။ အခုမှ ဒီမိုကရေစီစတော့ ကိုယ့်လူတွေက နိုင်ပါ့မလားဆိုတာ ပြန်သုံးသပ်ရတာပေါ့”

၂၀၁၃ ခုနှစ် ဇူလိုင် ၆  ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်  နေ့စဉ်ထုတ်သတင်းစာ  အတွဲ ( ၁)၊ အမှတ် ( ၉၁ ) တွင် ပါရှိသော “  ဖက်ဒရယ်စနစ် တောင်းဆိုရခြင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုချင်၍သာ ဖြစ်ကြောင်း တိုင်းရင်း သားခေါင်းဆောင်များဆို” သတင်းမှ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က မီဒီယာ ဥပဒေကို လွတ်လွတ်လပ်လပ်ရေးသားခွင့် ပြုမယ်ဆိုတာကြောင့် ဒီခေါင်းစဉ်အောက်မှာ စာနယ်ဇင်း ကောင်စီ အဖွဲ့ထဲကို ဝင်ခဲ့တယ်။ပြန်ကြားရေးဝန်ကြီးရဲ့စကားကိုယုံကြည်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ မီဒီယာ ဥပဒေတစ်ခု တည်းရှိရမယ့် အချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ရေးဆွဲထုတ်ပြန် ခဲ့တယ်။ဒီဥပဒေကြမ်းဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနေပါတယ်။ ထိန်းချုပ်တဲ့သဘော သက်ရောက်နေပါတယ်။ ဒီအ တွက်ကြောင့် ကန့်ကွက်ခဲ့ကြတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သုံးကြိမ်တွေ့ပြီး ဥပဒေကြမ်းကို အချော သတ်နေတုန်းမှာ နိုင်ငံပိုင်မီဒီယာတွေကို ကာကွယ်စောင့်ရှောက်တဲ့ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာခဲ့ပါတယ်”             

၂၀၁၃ ခုနှစ် ဇူလိုင်လ  ၈ ရက်နေ့ထုတ်  Weekly  Eleven ဂျာနယ် အမှတ် ( ၃၉  ) အတွဲ ( ၈ )တွင်ပါရှိသော  “ ပြန်ကြားရေးဝန်ကြီး၏ ကတိမတည်မှုကြောင့် ယခုကဲ့သို့ ပြဿနာရှုပ်ထွေးမှုများဖြစ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ( ယာယီ ) ရှင်းလင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ )က နိုင်ငံတော် သမ္မတနှင့် တွေ့ခွင့်တောင်းမည်ဟုဆို ”သတင်းမှ  မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ ) ၏အဖွဲ့ဝင် ဦးဇော် သက်ထွေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ ကျွန်တော်ဒီဟာကို မသိတဲ့အတွက် မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်နားလည်တဲ့ တခြားနိုင်ငံတွေမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်လာရင် အစိုးရနဲ့ လွှတ်တော် တာဝန်ခွဲဝေပြီး လုပ်ရတာရှိတယ်။ ညှိနှိုင်းတာကို အစိုးရက လုပ်ရတယ်။လုပ်နေရင်းနဲ့ တစ်ခါတည်း တရားဥပဒေ ပြုရေးဖြစ်တဲ့ လွှတ်တော်နဲ့ ထိထားပြီး တင်ပြထားတယ်။ ရလာတဲ့သဘောတူညီချက်ကို ဥပဒေပြုပေးရတာကျတော့ လွှတ်တော်က ဥပဒေပြုပေးရတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု နည်းနည်းကွဲပြားတာရှိတယ်။ ဥပမာ - လိုက်ဘေးရီးယားတို့ဆိုရင် အစိုးရက မရှိသေးတဲ့အခါမှာ လွှတ်တော်က လုပ်ပေးရတာရှိတယ်။ ခြွင်းချက်ပေါ့ဗျာ။ ကျန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အစိုးရကပဲ လုပ်ရတယ်။ လုပ်နေတဲ့ တစ်ချိန်တည်းမှာ လွှတ်တော်နဲ့ ဆက်ဆံပြီး လွှတ်တော်ရဲ့ ပါဝင်မှုကို ယူထားရတယ်။

နိုင်ငံရေးသဘောတူညီချက်ကိုယူပြီးဆိုရင် ဥပဒေပြုပေးရတာ လွှတ်တော်ကိုး။ အထူးသဖြင့် အခြေခံဥပဒေပြင်ရေးဆိုလဲ လွှတ်တော်ကပဲ လုပ်ရတယ်။ အစောကြီး ကတည်းက ပါနေရင် အောက်မှာ နိုင်ငံရေး သဘောတူညီချက် ရလို့ရှိရင် မစိမ်းဘူး ပေါ့ဗျာ။ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နေတယ်။ အဲဒါကို အစိုးရက အကောင်အထည်ဖော်တယ်။ ဒီကနေ တစ်ဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို သွားမယ်ဆိုရင် အားလုံးပါဝင်တဲ့၊ အစိုးရမှာဆို လက်ရှိငြိမ်းချမ်းရေးကောင်မတီတင်မကဘူး၊ တပ်မတော်၊ လွှတ်တော်အင်အားစုတွေလဲပါရမယ်။ တိုင်းရင်းသားဘက်မှာဆိုလဲ  တိုင်းရင်းသားလက်နက်ကိုင်တွေတင် မကဘူး။ လူထုရွေးကောက်ခံတွေ ၊နိုင်ငံရေးအင်အားစုတွေ အားလုံးပါရမယ်။ အင်အား စု အားလုံးပါဝင်လာရင် ရလာတဲ့သဘောတူညီချက်က ငါတို့လဲပါလို့ ရထားတာဆိုတဲ့ အမြင်တွေရှိဖို့လိုတယ်။ ခံစားချက်ရှိဖို့ လိုတယ်။ဒါမှလဲ ရလာတဲ့ ငြိမ်းချမ်းရေးးကို ငါကိုယ်တိုင်လဲပိုင်ဆိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးရှိလာမယ် ”

၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ်  ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာ အတွဲ ( ၁ ) ၊ အမှတ် ( ၉၂ )တွင် ပါရှိသော “ နှစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အောင်မြင်မှုများ ရှိခဲ့သလို တစ်ဖက်မှာလည်း စိန်ခေါ်မှုများရှိနေသည်”  သတင်းမှ ABSDF  ကျောင်းသားတပ်မတော်၏ ရဲဘော်ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ မင်းဇော်ဦး၏ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

မဏ္ဍိုင်ကြီး (၃) မှပညာရှင်များပါဝင်မည့် စကားဝိုင်းကို ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် UMFCCI ၌ကျင်းပသွားမည်

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နော်ဝေဟန်ဆိုင်ဒယ် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မဏ္ဍိုင်ကြီး (၃) ရပ်ဖြစ်သော တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့မှ ကျွမ်းကျင်ပညာရှင်များ၊ ပြည်သူများ၊ မီဒီယာ များပါဝင်ဆွေးနွေးမည့် စကားဝိုင်းကို ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် UMFCCI ၌ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစကားဝိုင်းတွင် မြန်မာနိုင်ငံမှ ပထမဆုံအကြိမ် အာဆီယံ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူစဉ် ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်သော စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံတွင်းနှင့် ကမ္ဘာတစ်ဝန်း တိုးတက်ဖြစ်စဉ်များကို စုပေါင်းဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။


 မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိ

မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင်ကျင်းပသော မြန်မာနိုင်ငံ ဗိသုကာကောင်စီဥပဒေကြမ်း ဆွေးနွေးပွဲ အခမ်း အနားမှ သိရသည်။ ရေးဆွဲပြီးသော ဥပဒေကြမ်း၌ လိုအပ်ချက်များနှင့် အငြင်းပွားဖွယ် ကိစ္စရပ်များ ရှိမည်ဆိုပါ ကလည်း နည်းဥပဒေများဖြင့် ပြင်ဆင်ဖြည့်စွက်သွားမည်ဖြစ်ပြီး နိုင်ငံတော် အစိုးရနှင့် လွှတ်တော်သို့ တင်ပြကာ အတည်ပြုနိုင်ရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးပါက လိုင်စင်မဲ့ တရားမဝင် ဗိသုကာလုပ်ငန်း လုပ်ကိုင်နေသူ များကို အရေးယူနိုင်တော့မည် ဖြစ်သည်။

 


 ပုဂ္ဂလိက စီးပွားရေးဘဏ်လုပ်ငန်းများကို တစ်နှစ်ထက်ပိုမိုချေးငှားခွင့်နှင့် အိမ်ခြံမြေဈေးကွက်များ စတင် ဆောင်ရွက်နိုင်ရန် အတွက်ခွင့်ပြု သွားမည်

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိက စီးပွားရေးဘဏ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ချပေးထားပြီး တစ်နှစ်ထက်ပိုမိုချေးငှားခွင့်နှင့် အိမ်ခြံမြေဈေးကွက်များ စတင်ဆောင်ရွက်နိုင်ရန် အတွက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်မှ သိရသည်။ ထို့ပြင် ပုဂ္ဂလိက ဘဏ်များဖွင့်ရာ၌ ဘဏ်တစ်ခုချင်းစီအတွက် မတည်ငွေ သန်း ၇၀၀ ထားရှိရမည်ဖြစ်ပြီး အဆောက် အအုံနှင့် မြေပိုင်ဖြစ်ရန် သတ်မှတ်ထား သော်လည်း ၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်၍မူဝါဒသစ်များချမှတ် ခဲ့ရာ ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ရာ၌ မြေငှားရန်းခွင့်၊ အဆောက်အအုံငှားရန်းခွင့်နှင့် ဈေးဝယ်စင်တာများဖွင့်ခွင့် တို့ရရှိခဲ့ကြောင်း သိရသည်။


 ဟံသာဝတီ နိုင်ငံတကာလေဆိပ်တည်ဆောက်ရေး အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူကုမ္ပဏီ ၃၀ အနက်မှ ၇ ခုကိုလျာထား

မြန်မာနိုင်ငံ ပဲခူးတိုင်းအတွင်း တည်ဆောက်မည်ဖြစ်သည့် ဟံသာဝတီ နိုင်ငံတကာလေဆိပ်တည်ဆောက်ရေး အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူကုမ္ပဏီ ၃၀ အနက်မှ ၇ ခုကိုလျာထားလျက်ရှိကြောင်း သိရသည်။ ဆန်ကာတင် ရွေးချယ်ထားထားသော ကုမ္ပဏီများမှာ ဂျပန်၊ ကိုရီးယားနှင့် ပြင်သစ်နိုင်ငံအခြေစိုက် ကုမ္ပဏီများ ဖြစ်ပြီး လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို ဇူလိုင်လအတွင်း ကြေငြာသွားမည်ဖြစ်ပြီး လေဆိပ်စီမံကိန်းကို စက်တင်ဘာလအတွင်း စတင်ကောင်အထည် ဖော်သွားမည်ဖြစ်သည်။ အဆိုပါဟံသာဝတီ လေဆိပ်သည် ပဲခူး တိုင်းအတွင်းရှိ မြေဧကပေါင်း ၉၆၉၀ ကျယ်ဝန်းပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းနှစ်များတွင် နှစ်စဉ် နိုင်ငံခြားဧည့် သည် ၇.၅ သန်းကိုလက်ခံနိုင်မည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်စာရင်းများအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပခရီးသည်ပေါင်း ၆ သိန်းခန့် ဝင်ရောက် လျက်ရှိ သည်။


လာဘ်ပေးလာဘ်ယူမှုများကို အစိုးရမှ တိုက်ဖျက်မှုများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး စနစ်တကျ အရေးယူဆောင်ရွက်ရန် လိုအပ်

မြန်မာနိုင်ငံတွင် တွေ့နေရသော လာဘ်ပေးလာဘ်ယူမှုများကို အစိုးရမှ တိုက်ဖျက်မှုများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး စနစ်တကျ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်မှ ဒေါက်တာ အောင်ထွန်းသက်က တိုက်တွန်းခဲ့သည်။ ထို့ပြင် လက်ရှိရေးဆွဲလျက်ရှိသော လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး ဥပဒေကြမ်းအား ယခုကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းဝါနုက ပြောကြားခဲ့သည်။ လာဘ်ပေး လာဘ်ယူမှုများကို အစိုးရအဖွဲ့အတွင်း ပြုလုပ်ပါက မိမိထံတိုက် ရိုက်တိုင်ကြားနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အတိအလင်းပြောကြားထားခဲ့သည်။


 ဂျပန်နိုင်ငံ၏ ဆန်တင်ဒါခေါ်ယူမှု မြန်မာဝင်ရောက်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံက ၎င်းတို့ဈေးကွက်အတွင်းသို့ ဆန်တင်သွင်းလိုသည့် ပြည်ပနိုင်ငံများအား စက်တင်ဘာလအတွင်း ထပ်မံတင်ဒါ ခေါ်ယူမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသို့ ၄၅ နှစ်အတွင်း ပထမဦးဆုံး ပြန်လည်တင်ပို့ ရောင်းချသည့် မြန်မာ့ဆန် (ဆင်းသွယ်လတ်) တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ပြီးနောက် မြန်မာ့ဆန်သည် ရုပ်ပိုင်းဆိုင်ရာ အသွင်ကောင်းမွန်ခြင်း၊ အရသာ၊ အရေအသွေးကောင်းမွန်ခြင်းနှင့် ဓာတုဗေဒဓာတ်ကြွင်း ကင်း စင်ခြင်းတို့ကြောင့် ပိုမိုတိုးမြှင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုပမာဏကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် သုံးသန်းအထိ ရရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မျှော်မှန်းထား သည်။


မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကရေးဆွဲထားသော မီဒီယာဥပဒေကြမ်း ထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားပြီး မီဒီယာသမားများ ကန့်ကွက်နေသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီး သုံးရက်အကြာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကရေးဆွဲ ထားသော မီဒီယာဥပဒေကြမ်းကို ထုတ်ပြန် လိုက်ကြောင်း စာနယ်ဇင်းကောင်စီထံမှ သိရှိရသည်။ စာနယ်ဇင်း ကောင်စီက ရေးဆွဲထားသော အဆိုပါ မီဒီယာဥပဒေကြမ်းကို ဇူလိုင်လ ၇ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။စာနယ်ဇင်းကောင်စီ သတင်းမီဒီယာ ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် အများပြည်သူ သိရှိရန် အတွက် ထုတ်ပြန်ရန် စီစဉ်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနက ယင်းသို့ သတင်းစာများတွင် ထည့်သွင်းခြင်း မရှိ၍ ယခုကဲ့သို့ သတင်းမီဒီယာများမှတစ်ဆင့် အသိပေး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များက ပြောကြားသည်။


 ကရင်လက်နက်ကိုင်တပ်ဖွဲ့ (၆) ဖွဲ့တို့မှ အဖွဲ့ဝင် (၁၇) ဦး ပါဝင်သည့် ညီညွှတ်ရေးကော်မတီကို ဇူလိုင်လ ပထမပတ် အတွင်း ဖွဲ့စည်း

 အစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ကရင်လူမျိုးတိုးတက်ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကရင်လက်နက်ကိုင်တပ်ဖွဲ့ (၆) ဖွဲ့တို့မှ အဖွဲ့ဝင် (၁၇) ဦး ပါဝင်သည့် ညီညွှတ်ရေး ကော်မတီကို ဇူလိုင်လ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နယ် (၃) တပ်ရင်းမှူး ဗိုလ်မှူးချုပ်စောချစ်သူက ပြောကြားခဲ့သည်။ အဆိုပါ ညီညွှတ်ရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ DKBA ကလိုထူး ဘောအဖွဲ့နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုတို့က ကော့ကရိတ်မြို့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Telenor မှဆက်သွယ်ရေးအခြေခံအဆောက်အအုံများ တည်ဆောက်ရန် အိန္ဒိယ နိုင်ငံအခြေစိုက် VIOM Network s ကုမ္ပဏီနှင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

မြန်မာနိုင်ငံတယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာ တင်ဒါအောင်မြင်ခဲ့သော Telenor သည် တယ်လီဖုန်း အော်ပရေတာများ၏ အခြေခံအဆောက်အအုံဖြစ်သော ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် အတွက် ဆက်သွယ် ရေးတာဝါတိုင်တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အိန္ဒိယ နိုင်ငံအခြေစိုက် VIOM Networks ကုမ္ပဏီနှင့် ဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကြောင်း အိန္ဒိယမီဒီယာများ ၏ဖော်ပြချက်များမှ သိရသည်။ တင်ဒါအောင်မြင် ခဲ့သော Telenor အနေဖြင့် မြန်မာနိုင်ငံလူဦးရေ ၆၀ ရာ ခိုင်နှုန်းကို မိုဘိုင်းလ်ဝန်ဆောင်မှုများ ရရှိစေရန် ငါးနှစ်အတွင်း အနည်းဆုံး ဆက်သွယ်ရေး တာဝါတိုင် ၅၀၀၀ ခန့်တည်ဆောက်သွားရန်ရှိနေပြီး အဆိုပါတာဝါတည်ဆောက်ရန် လုပ်ငန်းကို လုပ်ကိုင် ခွင့်ရရန် မျှော်လင့်နေကြောင်း VIOM Networks ကုမ္ပဏီက ဆိုသည်။


လွှတ်တော်မှ  မေးခွန်းများအပေါ် ပြည့်ပြည့်ဝဝဖြေကြားနိုင်သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ ဖြေကြားနိုင်ရေး အတွက်အစိုးရ အား တင်ပြသွားမည်

ပြည်သူ့လွှတ်တော်မှ မေးကြားသော မေးခွန်းများပေါ်တွင် ပြည့်ပြည့်ဝဝပြန်လည်ဖြေကြားနိုင်သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ပြန်လည်ဖြေကြားနိုင်ရေးအတွက် လက်ရှိပြည်ထောင်စုအစိုးရအား တင်ပြသွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ  ၅ ရက်နေ့တွင်ပြုလုပ်ကျင်းပသော အဋ္ဌမနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းများသည် လွှတ်တော်ဥက္ကဋ္ဌကို ဦးတည်ပြီး မေးမြန်းလာခြင်း ဖြစ်ကြောင်း၊ ထိုသို့မေးမြန်းလာသည့် မေးခွန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပို့ဆောင်ပြီး မေးခွန်းများ ကိုဖြေနိုင်ပြီ ဆိုပါက အကြောင်းပြန်လာကြောင်း၊ ယင်းသို့အကြောင်းပြန်လာသည့် ရက်အပေါ်မူတည်၍ လွှတ်တော်ကျင်းပ သောနေ့ရက် များ၏  အစီအစဉ်များတွင် ထည့်သွင်းရေးဆွဲရကြောင်း သူရဦးရွှေမန်းမှ ဆက်လက်ရှင်းလင်း ပြောကြားသွားခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment