Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ဥပဒေအားနည်းချက် လွှတ်တော်တင်မည်
  1. KNU / KNPP နယ်မြေတွင် မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ရေး အပစ်အခတ် ရပ်စဲရေးခိုင်မာမှုအပေါ် မူတည်
  2. တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် အမျိုးသားဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း
  3.  နိုင်ငံရေးပုဒ်မများ၏ ပြည်ဒဏ်များ လျှော့ပေးရန်အစီအစဉ်မရှိဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ဥပဒေအားနည်းချက် လွှတ်တော်တင်မည်

အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ဖြစ်ပွားလျက်ရှိသည့် အငြင်းပွားမှု ပြဿနာများကို လေ့လာသုံးသပ်၍ အငြင်းပွားမှုနှင့် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ဥပဒေအားနည်းချက်များကို လေ့လာ၍ လွှတ်တော်သို့  တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာဆန်းစစ်ရေးကော်မရှင်မှ  အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်အနေဖြင့် သီးခြားဆွေးနွေးဖို့ ရှိပါတယ်။ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းတဲ့အခါ ဥပဒေမှာ အားနည်းချက်တွေ ရှိတယ်။ ဒါတွေကို လေ့လာပြီး လွှတ်တော်မှာတင်ပြဖို့ ရှိပါတယ်”ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

အလုပ်ရှင်နှင့်  အလုပ်သမား များအကြား  ဖြစ်ပွားခဲ့သည့် ပဋိပက္ခပြဿနာများနှင့် အငြင်းပွားမှုကို  ဖြေရှင်းရာတွင် ဖြေရှင်းရေးဆိုင်ရာဥပဒေ အားနည်းချက်များကြောင့် အလုပ်သမားများ၏  ရပိုင်ခွင့် အခွင့်အရေးများနှင့် ခံစားပိုင်ခွင့်များ  ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထိုသို့ ဆုံးရှုံးမှုများအတွက် အခြေခံအလုပ်သမဂ္ဂ ခေါင်းဆောင်များမှ စုပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း  အလုပ်သမား အခွင့်အရေးလေ့လာဆန်းစစ်ရေး ကော်မရှင်မှ မည်သို့မှ ပြန်လည်အကြောင်းပြန်ခဲ့ခြင်းမရှိကြာင်း သိရသည်။

ထို့ပြင် အဆိုပါ ဥပဒေ၏အားနည်းချက်များကြောင့် အလုပ်သမားများ နစ်နာရသကဲ့သို့ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန် အလုပ်ရှင်များဘက်သို့ တောင်းဆိုခဲ့သော်လည်း ၎င်းတို့မှ လိုက်နာခြင်းမရှိသည့်အပြင် ဥပဒေအရ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များထံသို့ တင်ပြအကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ထိပ်တန်း မြန်မာက အလုပ်သမားတွေ အငြင်းပွားမှုဖြစ်ပြီး  ၆ လကြာနေပြီ၊ ခုံကောင်စီက အလုပ်ပြန်ခန့်ဖို့ ပြောတာတောင် အလုပ်မခန့်ဘူး။ အလုပ်သမားတွေ တော်တော်လေး ဒုက္ခရောက်တယ်”ဟု အလုပ်သမား ရှေ့နေ ဦးဌေးက ပြောဆိုခဲ့သည်။

ထိုသို့ ဥပဒေအားနည်းချက်များကြောင့် အလုပ်သမားများ နစ်နာနေရသည့်အတွက် ဥပဒေများကို မလိုက်နာသော အလုပ်ရှင်များကို မြို့နယ် အလုပ်သမားရုံးမှ တရားစွဲဆိုအရေးယူပေးသင့်ကြောင်း အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီအဖွဲ့ဝင် ကိုရဲနိုင်ဝင်းကလည်း သုံးသပ်ပြောဆိုခဲ့သည်။

YC


 

 KNU / KNPP နယ်မြေတွင် မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ရေး အပစ်အခတ် ရပ်စဲရေးခိုင်မာမှုအပေါ် မူတည်

လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုကတိကဝတ် အာမခံချက် မရှိသေးခြင်းနှင့် လက်တွေ့လုပ်ငန်းစဉ်များတွင် ရှင်းလင်းတိကျမှု မရှိခြင်းများကြောင့် ကရင် အမျိုးသားအစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ ထိန်းချုပ်နယ်မြေများတွင် မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ရေးကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း နှစ်ဖက် ခေါင်းဆောင်များက ပြောကြားသည်။

ယခုအခါ မြေမြှုပ်မိုင်းရှင်းလင်းရာတွင် ပထမအဆင့်ဖြစ်သည့် ဒေသခံ ပြည်သူလူထုအား မိုင်းအန္တရာယ် ပညာပေးခြင်း Mine Risk Education ကိုသာ KNU အနေဖြင့် လုပ်ဆောင်နိုင်ခဲ့ပြီး  ဒုတိယအဆင့်ဖြစ်သည့် မြေမြှုပ်မိုင်း အရေအတွက်ကို နည်းပညာ  အကူအညီမပါဘဲ အချက်အလက် ကောက်ယူခြင်း (Non-Technical Servey)၊ နည်းပညာ အကူအညီဖြင့် အချက်အလက် ကောက်ယူခြင်း (Technical Servey)နှင့် တတိယအဆင့် ဖြစ်သည့် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ် De-mining အဆင့်တို့ကိုမူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း KNU အတွင်းရေးမှူး (၁) ပဒိုမန်းမန်းက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်တဲ့အပေါ်မှာ ဒီနေ့ဒီအချိန်အထိ ခိုင်မာတဲ့ ယုံကြည်ချက်၊ စိတ်ချရတဲ့ အာမခံချက် ဘာမှမရှိသေးသရွေ့တော့ မြေမြှုပ်မိုင်း တစ်စုံလုံး ရှင်းလင်း ဖော်ထုတ်ဖို့အတွက် ဘာမှ မဆုံးဖြတ်သေးပါဘူး” ဟု ပဒိုမန်းမန်းက ပြောသည်။

လက်ရှိအချိန်တွင် KNU ထိန်းချုပ်ဒေသ၌ မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့်ပတ်သက်၍  စတင် အကောင်အထည် ဖော်နိုင်မည့် နေရာများမှ လုပ်ဆောင်သွားရန် သဘောထား ချမှတ်ထားပြီးဖြစ်ကာ အကောင် အထည်ဖော်ရေး အပိုင်းတွင်လည်း သက်ဆိုင်ရာ ခရိုင်တပ်မဟာ အလိုက်၊ ဒေသအလိုက် စဉ်းစားချက်နှင့် လိုအပ်ချက်အပေါ် မူတည်၍ ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့်လည်း  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ဝန်ကြီး ဦးအောင်မင်းက မြေမြှုပ်မိုင်းနှင့် ပတ်သက်၍ ဥပဒေတစ်ရပ်ကို ရေးဆွဲနေဆဲဖြစ်ပြီး နိုင်ငံတော်သမ္မတ အတည်ပြုပြီးမှသာ အဆိုပါဥပဒေကို အမှီသဟဲပြု၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း KNPP ဒု ဥက္ကဋ္ဌ ခူးဦးရယ်က ဆိုသည်။

“မြေမြှုပ်မိုင်းကိစ္စကတော့ ဥပဒေရေးဆွဲဖို့ လို၊ မလိုတော့ မသိဘူး။ ဦးအောင်မင်းကတော့ ဥပဒေ ရေးဆွဲ နေတယ်လို့တော့ ပြောသွားတာပဲ။ ကျွန်တော်တို့အနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့ ဖြစ်လာ ရင်တော့ မိုင်းတွေ ရှင်းလင်းသွားဖို့တော့ ရှိပါတယ်”ဟု KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များအတွက် KNPP အနေဖြင့် ထိုင်း - မြန်မာ နယ်စပ်ရှိ ရှားတော မြို့နယ်တွင် KNPP အခြေစိုက်တပ်ဖွဲ့နှင့် အစိုးရအခြေစိုက် တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူထားသည့်  မြေမြှုပ်မိုင်းရှင်းလင်းရေး အစမ်းစီမံချက် Pilot Project ငယ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် ဧရိယာများတွင်မူ ဥပဒေ အတည်ပြုပြီးမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြေမြှုပ်မိုင်းတည်ရှိနေရာ ဒေသများဖြစ်သော ကချင် လွတ်မြောက်ရေးတပ်မတော် (KIO) အပါအဝင် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ KNPP တို့၏ ထိန်းချုပ်နယ်မြေများတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းစဉ်များအတွက် အစိုးရဘက်မှ မရေရာမှုများ ရှိနေသဖြင့် လက်တွေ့ အကောင်အထည်ဖော်ရန် တိကျသေချာမှု မရှိဘဲ ခက်ခဲမှုများဖြစ်ပေးလျက်ရှိကြောင်း သိရသည်။

YC


တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် အမျိုးသားဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

ရန်ကုန်တက္ကသိုလ်နှင့် ပြည်တွင်းရှိတက္ကသိုလ်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် တက္ကသိုလ်များအဖြစ် ထွက်ပေါ်လာ နိုင်စေရန် အမျိုးသားပညာရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော်မှအတည်ပြု ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက ပြည်တွင်းရှိတက္ကသိုလ်ပေါင်း ၁၆၈ ခုမှ နိုင်ငံတကာ စံချိန်မီ သင်ရိုးညွှန်းတမ်းများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိလာမည်ဖြစ်သည့်အပြင် တက္ကသိုလ် စီမံကွပ်ကဲမှုအပိုင်းတွင်လည်း ပညာရေးဝန်ကြီးဌာနရှိ ပုဂ္ဂိုလ်များဖြင့်သာ လွတ်လပ်စွာဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် ပြည်တွင်းရှိ အခြားတက္ကသိုလ်ကြီးများတွင် အမေရိကန်ရှိ ရွန်ပောာ့ပ်ကင်းတက္ကသိုလ်၊ ဂျာမဏီနိုင်ငံရှိ ကိုလုံး၊ တောင်ကိုရီးယားရှိ ချောင်အန်း(Chung Ang)၊ ပာန်ယန်း စသည့် နိုင်ငံရပ်ခြားတက္ကသိုလ်များဖြင့် ပူးပေါင်းဆေင်ရွက်လျက်ရှိပြီး ကျောင်းပရဂုဏ်အတွင်းတွင်လည်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တက္ကသိုလ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်ဖြစ်သော်လည်း အသစ်ဖွင့်လှစ်မည့် တက္ကသိုလ်များအနေဖြင့် ဘဏ္ဍာရေးနှင့် သုတေသနပိုင်းများတွင် အခက်အခဲရှိလာနိုင်သည့်အပြင် အဆိုပါ လွတ်လပ်ခွင့်ရ တက္ကသိုလ်များကို Academic Freedom ပာူသည့် လွတ်လပ်မှုအတိုင်းအတာ မည်မျှအထိ ပေးမည်ဆိုသည်မှာ တက္ကသိုလ်အာဏာပိုင်များအကြား အငြင်းပွားစရာ ကိစ္စတစ်ခုဖြစ်လာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်သည့် ၁၉၂၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် စက်မှု၊ ဆေးပညာ၊ စီးပွားရေး စသည့်ကဏ္ဍများတွင် နိုင်ငံတကာရှိ တက္ကသိုလ်များနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ပင်ရှိနေသေးသည်။

YC


 နိုင်ငံရေးပုဒ်မများ၏ ပြည်ဒဏ်များ လျှော့ပေးရန်အစီအစဉ်မရှိဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားအများစုကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် နိုင်ငံရေးပုဒ်မများဖြစ်သော နိုင်ငံတော်အား ထိပါးနှောက်ယှက်သည့် အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၁၀-က)နှင့် အရေးပေါ် စီမံချက် အက်ဥပဒေ (၅-ည) တို့တွင်ပါရှိသောသော ပြစ်မှုပြစ်ဒဏ်များကို လျှော့ပေါ့ပေးမည်မဟုတ်ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်  ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်သုံးဖြင့် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ၁၉၉၁ ခုနှစ်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဥပဒေအမှတ် (၁၁/၉၁) ဖြင့်တစ်ကြိမ်ပြင်ဆင်ခဲ့ကြောင်း၊ ထိုသို့ပြင်ဆင် ရာတွင် ပုဒ်မ ၁၀(က)နှင့် (ခ) ပါပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်းမပြုခဲ့ပါကြောင်း၊ ထို့အတွက် ပုဒ်မ ၁၀ (ဃ) နှင့် (ခ) ပါပြစ်ဒဏ်များအား လျှော့ပေါ့ရန် အစီအစဉ်မရှိကြောင်း ၎င်းမှဆက်လက်ဖြေကြားသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လသာမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၁၀/(က)(ခ)၊ ပုဒ်မ ၅ (ည)တို့အား ပြန်လည်လျှော့ပေါ့ရန်နှင့် အလစ်သုတ်ခြင်း၊ ဆူညံရန်ဖြစ်ခြင်းများအစရှိသော ဝိသမလောဘ စီးပွားရေး သမားများကို ထိန်းသိမ်းရာ၌ အသုံးပြုလေ့ရှိသော အဆိုပါ ဥပဒေပုဒ်မတို့၏ အပြစ်ဒဏ်ကို လျှော့ပေါ့ခြင်း(သို့) ဖယ်ရှားခြင်း အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာတွင် ပြည်ထဲရေးဒုတိယဝန်ကြီး ဦးကျော်ကျော်ထွန်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော်အား ထိပါးနှောက်ယှက်သည့် အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၀-က)၊ (၁၀-ခ) နှင့် အရေးပေါ် စီမံမှုဥပဒေပုဒ်မ (၅-ည) တို့သည် ပြည်ထဲရေးဝန်ကြီးဌာနသာလျှင် တရားစွဲဆိုခွင့်ရှိကြောင်း သိရသည်။ ဥပဒေနှစ်ရပ်၏ ပြစ်ဒဏ်များတွင် လူတစ်ဦးကို ငါးနှစ်အထိ အကျယ်ချုပ် ဖြင့် ချုပ်နှောင်ထားနိုင်ပြီး အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ (၅-ည) သည် ထောင်ဒဏ် ခုနှစ်နှစ်အထိအပြစ်ပေး နိုင်ကာ ငွေဒဏ်ကိုလည်းချမှတ်နိုင်သည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment