Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အာဘော်အရဆိုရင်တော့ တိုင်းရင်းသားတွေဘက်ကလည်း တစ်ပြည်လုံး အပစ်ရပ်ရေး ဆိုတာကို သဘောတူဖို့ နိုင်ငံရေးဆွေးနွေးပွဲ အချိန်ဇယားတွေပါ တစ်ပါတည်းထည့်ပြီး လက်မှတ် ရေးထိုးမယ်ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။ နို့မို့ဆိုရင်တော့ အဓိပ္ပာယ်ပြည့်ဝတဲ့ တစ်ပြည်လုံး အပစ်ရပ်ရေး သဘောတူမှုဆိုတာ မရနိုင်ပါဘူး”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တစ်ပြည်လုံး အပစ်ရပ်ရေး သဘောတူညီမှုလုပ်လျှင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ လက်ခံနိုင်ဖွယ်ရှိ” သတင်းမှ ယခင် ကေအိုင်အို ဒုတိယဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ဆီမှာ ထုတ်ပြန်ထားတဲ့ တချို့ မီဒီယာဥပဒေတွေမှာတော့ နိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနဲ့ ပတ်သက်ပြီး တချို့တစ်ဝက်ကတော့ ထိန်းချုပ်ထားတာ ကောင်းပါလိမ့်မယ်။ ဒါ ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ပါဘူး။ တချို့ နိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ မီဒီယာလွတ်လပ်ခွင့်ကတော့ ကျွန်တော်တို့ အစိုးရသက်တမ်း ၂ နှစ်အတွင်း အတိုင်းအတာအရ တော့ တော်တော်များများ ပေးထားပြီးပြီလို့ ပြောနိုင်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မီဒီယာဥပဒေများ နိုင်ငံလုံခြုံ ရေးနှင့် နိုင်ငံ တည်ငြိမ်ရေးအတွက် ထိန်းချုပ်ထားမှုများ ပါဝင်နိုင်ဟု သမ္မတပြော” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လိုင်စင် ကျွန်တော်တို့လက်ထဲကို ရောက်နေပြီဆိုတာနဲ့ အဲဒါရပြီး ရှစ်လကြာတာနဲ့ လုပ်ငန်းစမယ်။ လုပ်မယ့် လုပ်ငန်း အသေးစိတ် အချက်အလက်တွေကို အဲဒီ အချိန်ကျရင် ထပ်ကြေညာပေးမယ်”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ Empire Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “Telenor ကုမ္ပဏီ၏ ဖုန်း ဆင်းမ်ကတ်များကို မြန်မာပြည်အတွင်း အရောင်းဌာနပေါင်း ၇ သောင်းဖွင့်၍ ရောင်းချမည်” သတင်းမှ Telenor Myanmar အမှုဆောင်အရာရှိချုပ် Petter Furberg ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အသင်းချုပ်မှာ အသင်းသားဦးရေ (၂၀၀၀၀) ကျော်ရှိတဲ့အထဲမှာ ဆန္ဒမဲပေးသူ (၄၀၀) ကျော်ပဲရှိပါတယ်။ ဒါပေမဲ့ တချို့ ဆန္ဒမဲပေးသူတွေက ဆန္ဒမဲငါးစောင်ကနေ ဆယ်စောင်အထိ မဲပေးတဲ့အတွက် ဆန္ဒမဲ (၇၂၂) မဲရှိသွားပါတယ်။ ရွေးချယ်ပွဲမှာ တရားမျှတမှုရှိအောင် ပညာရှင် (၁၁) ဦး ရွေးချယ်သော်လည်း တကယ် လက်တွေ့မှာ ရွေးချယ်မှု မမှန်ကန်ခဲ့ပါဘူး။ ဒါကြောင့် တရားမျှတတဲ့ နည်းလမ်းနဲ့ ပြန်လည် ရွေးချယ်ပေးစေလိုပါတယ်”

၂၀၁၃ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ(၃)၊ အမှတ် (၁၄၉) တွင် ပါရှိသော “UMFCCI အမှု ဆောင် ရွေးချယ်မှုဂယက်ကြောင့် ကြေညာချက် ထုတ်ပြန်ရ” သတင်းမှ ဇောတိကသင်္ကန်းတိုက် ပိုင်ရှင် ဦးခင်လှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ ဒေါ်လာဈေးကို မြင့်တက်လာအောင် လုပ်ချင်တဲ့အုပ်စုနဲ့ မလုပ်ချင်တဲ့ အုပ်စုဆိုပြီး နှစ်မျိုးပေါ်နေတယ်။ ဒေါ်လာဈေးတက်တော့ ပို့ကုန်ဈေးကွက်အတွက် အဆင်ပြေတာမှန်တယ်။ သွင်းကုန်အတွက်ကျတော့ အရမ်းထိခိုက်တယ်။ မြန်မာနိုင်ငံက ပို့ကုန်ရငွေကို အဓိကမှီခိုနေရတာ မှန်ပေမယ့် အသုံးများတာကတော့ နိုင်ငံခြားပစ္စည်း၊ ဆေးဝါးကအစ စားသောက်ကုန်အဆုံး၊ ဒီတော့ ဒေါ်လာ ဈေးမြင့်တက်မှုက လူနည်းစုကောင်းစားရေး အတွက်ပဲလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာငွေနှင့် ကန်ဒေါ်လာ တန်ဖိုးကွာပာမှု ရွှေ့ပြောင်းသယ်ယူရာ၌ အခက်အခဲရှိနေ”သတင်းမှ  စီးပွားရေးပညာရှင် ဦးရူပ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် လိုအပ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS တို့က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန် သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးမှု ကဏ္ဍများတွင် နှစ်ဖက် အဖွဲ့အစည်းများ သာမက တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် စသည့် အဓိက အဖွဲ့အစည်း ခေါင်းဆောင်အားလုံး တက်တက်ကြွကြွ ပါဝင်ရန် လိုအပ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ တွေ့ဆုံ ဆွေးနွေး မှုအပြီး ယင်းသို့ ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။

တပ်မတော်သား၂၅ ရာခိုင်နှုန်း ပါဝင် တက်ရောက်လျက်ရှိသော လွှတ်တော် အစည်းအဝေးများတွင် ရင့်သီး ပုတ်ခတ်သည့် စကားလုံးများဖြင့် တပ်မတော် ကို ဝေဖန်ခြင်း မပြုရန် လွှတ်တော် ကိုယ်စားလှယ်များကို တားမြစ်သွား မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လယ်မြေများနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာ အပိုင်း (၁)၊ အပိုင်း (၂)ကို အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ် အချို့က ဆွေးနွေးစဉ် တပ်မတော်ကို စစ် အစိုးရ၊ စစ် အာဏာရှင်စသည့် အသုံးအနှုန်းများ သုံးနှုန်းခဲ့ပြီး ယင်းအသုံးအနှုန်းများ သည် တစ်ဖက်နှင့်တစ်ဖက် ထိခိုက် နစ်နာမှုများ ရှိလာစေသောကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဒေသနှင့် အခြားဒေသများရှိ ထားဝယ်လူမျိုးများ စုစည်း၍ ထားဝယ်တိုင်းရင်းသားများပါတီ တစ်ခု တည် ထောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဦးက The Voice သို့ ပြောကြား သည်။အဆိုပါ ထားဝယ်တိုင်းရင်းသားများပါတီ ဖြစ်မြောက်ရေးကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ပါတီတည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် တရားဝင် လျှောက်ထား ခဲ့ကြောင်း ၎င်းကထပ် လောင်း ပြောကြားသည်။ထားဝယ်တိုင်းရင်းသားများပါတီ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သော် လည်း ပြည်ထောင်စုမြန်မာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ထားဝယ် တိုင်းရင်းသားများ ပါဝင်နိုင်ရေး၊ တိုင်းရင်းသား ဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှု ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် မဲခေါင်ဒေသ၏ အချက်အချာနေရာ တစ်ခု ဖြစ်လာသည့်အခါ နိုင်ငံရေး ပလက်ဖောင်း

တစ်ရပ် ဖြည့်ဆည်းနိုင်ရေး အဓိက ရည်ရွယ်ကြောင်း ဦးဇော်ဦးက ပြောကြားသည်။


ပဋိပက္ခစီမံခန့်ခွဲမှု

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် နိုင်ငံဘတ်ဂျက်၊ ပြည်သူ့ငွေများကို အဓိကထား စဉ်းစား၍ သုံးစွဲခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်ကြောင်း၊ ငြိမ်းချမ်းရေး အတွက် အခြားနိုင်ငံအဖွဲ့ အစည်းများကို အားကိုးမည့်အစား ပြည်တွင်းရှိ ပြည်သူတို့၏ ငွေများဖြင့်သာ ဆောင်ရွက်သွားမည်ဆိုပါက လွှတ်တော် အနေဖြင့် ၀မ်းမြောက်စွာ ကြိုဆို၍ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၁၇ ရက်နေ့ လွှတ်တော် အစည်းအဝေး အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံချိန်တွင် ပြောကြားသွားခဲ့သည်။


အုပ်ချုပ်ရေး

အဆိုးဝါးဆုံး ပုံစံဖြင့် ကလေးသူငယ် လုပ်သားများကို ခိုင်းစေမှု ပပျောက်ရေး ပြဋ္ဌာန်းချက် ၁၈၂ ကို မြန်မာနိုင်ငံ သမ္မတ လက်မှတ်ရေးထိုးရန် သဘောတူညီထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ Steve Marshall က ပြောကြားသည်။ အဆိုးဝါးဆုံး နေရာဟု ခေါ်ဆိုသည့် အသက် အန္တရာယ်နှင့် အလုပ် မလုပ်ကိုင်သင့်သည့် နေရာများ ဖြစ်သော မိုင်းတွင်း၊ ကလေး စစ်သား၊ ပြည့်တန်ဆာ စသည့် လုပ်ငန်း များတွင် ကလေးသူငယ်များ ပပျောက်ရေးအတွက်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရက အာဆီယံ ဥက္ကဋ္ဌ တာဝန် မယူမီ လက်မှတ် ရေးထိုး နိုင်မည်ဟု ယူဆကြောင်း ILO မှ စီမံကိန်း တာဝန်ခံ ဦးချစ်တင်က ဆိုသည်။ အဆိုပါ ပြဋ္ဌာန်းချက် အပါအဝင် အိမ်ဖော်များနှင့် ပတ်သက်သည့် ပြဋ္ဌာန်း ချက် တစ်ရပ်ကိုပါ လက်မှတ် ရေးထိုးရန် သဘောတူညီမှု ရရှိထားကြောင်း Steve Marshall က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမား ဦးရေကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာ ရင်း ကောက်ခံစဉ် တစ်ပြိုင်တည်း ကောက်ခံရန် နိုင်ငံတော် သမ္မတက ခွင့်ပြုထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ Steve Marshall က ပြောကြားသည်။ အလုပ်သမား စာရင်း ကောက်ခံရာတွင် အခြားသူထံတွင် အလုပ် လုပ်ကိုင် သည့် ဦးရေ၊ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်သူ ဦးရေ၊ လုပ်ငန်း အမျိုးအစား လိုက် အလုပ်သမား ဦးရေနှင့် အလုပ်လက်မဲ့ ဦးရေများကို ကောက်ခံ မည်ဖြစ်ပြီး စာရင်း ကောက်ယူမှု လိုအပ် ချက်များကို နိုင်ငံတော်ကို တင်ပြ သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမှန်တကယ် အလုပ် လုပ်ကိုင်နိုင်သော ဦးရေ ၅၆ ဒသမ ၅၄ရာခိုင်နှုန်းရှိပြီး အလုပ် လက်မဲ့နှုန်းမှာ ၂၈ ဒသမ ၄ ရာခိုင်နှုန်းရှိသဖြင့် လူဦးရေဖြင့်ဆိုလျှင် ၁၀ သန်း ဝန်းကျင် အလုပ်လက်မဲ့ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment