Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်ထောင်စု အစိုးရအဖွဲ့မှ အရာရှိကြီးများ၏ ရာထူးအပြောင်းအရွေ့ ထပ်မံပြုလုပ်
  2. UNFC မှ ဦးဆောင်ပြုလုပ်မည့် တိုင်းရင်းသားညီလာခံကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်
  3. လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြန်လည်ပြင်ဆင်ထားသမျှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြရာတွင် စနစ်မကျသည်များကို ပြင်ဆင်ထားကြောင်းဖော်ပြ

ပြည်ထောင်စု အစိုးရအဖွဲ့မှ အရာရှိကြီးများ၏ ရာထူးအပြောင်းအရွေ့ ထပ်မံပြုလုပ်

လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအား ပြောင်းရွေ့တာဝန် ပေးခြင်း၊ ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် အချက် ၉ ချက်ဖြင့် နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစိုးရဝန်ကြီးဌာနအဖွဲ့များအတွင်း ရာထူးအပြောင်းအရွေ့သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ယခု အပြောင်း အရွေ့မှာ ပြည်ထောင်စုဝန်ကြီး လေးဦးအား ဌာနချင်းပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ယခင်ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇေယျာအောင်အား စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ယခင်စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီးဦးသန်းဌေးအား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ယခင်အလုပ် သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ကြီးဦးမောင်မြင့်အား စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ယခင် စက်မှုဝန်ကြီး ဦးအေးမြင့်အား အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ဌာနချင်းပြောင်းလဲ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးများဖြစ်သော ပညာရေးဝန်ကြီးဌာနမှ ဦးအေးကြူနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သူရဦးသောင်းလွင်တို့အား ၎င်းတို့သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တရားဝင်သတင်းထုတ်ပြန်သည်။

အလားတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် ဒုတိယရဲချုပ်ဖြစ်သည့် ရဲမှူးချုပ် ဦးဇော်ဝင်းအား ခန့်အပ်တာဝန် ပေးလိုက်ပြီး ယခင်က ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ပူးတွဲထမ်းဆောင်သည့် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကိုမူ ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ်သာ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးများဖြစ်သည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာဝင်းမြင့်အား သမ္မတရုံးဝန်ကြီး ဌာန (၁) သို့လည်းကောင်း၊ ယခင်စွမ်းအင်ဝန်ကြီးဌာနမှ ဦးထင်အောင်အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဦးမြင့်သိန်းအား ရထားပို့ဆောင်ရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ယခင်ပညာရေးဝန်ကြီးဌာနမှ ဦးဘရွှေအား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့လည်းကောင်း ဒုတိယဝန်ကြီးများအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

အစိုးရဝန်ကြီးဌာနအဖွဲ့များအတွင်း ဒုတိယဝန်ကြီးများအဖြစ် အသစ်ခန့်အပ်ခြင်းခံရသော ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဗိုလ်ချုပ်မောင်မောင်အုန်းအား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစန်းလွင်အား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာ သန်းအောင်အား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မြတ်ကျော်အား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း အသီးသီး တာဝန်ပေးအပ်ခဲ့သည်။

ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသည် ၂၀၁၂ ခုနှစ်သြဂုတ်လတွင် အစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများမှ အရာရှိကြီးများ၏ ရာထူးတာဝန်များကို ကြီးမားသောပြောင်းလဲမှု ပြုလုပ်ခဲ့ပြီးနောက် ယခုထပ်မံပြုလုပ်သော ရာထူးအပြောင်း အရွှေ့များမှာ ဒုတိယ အကြိမ်ဖြစ်သည်။

YC 


UNFC မှ ဦးဆောင်ပြုလုပ်မည့် တိုင်းရင်းသားညီလာခံကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC)မှဦးဆောင်ပြီး ပြုလုပ်မည့် တိုင်းရင်းသားညီလာခံကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း  UNFC၏ ဒုတိယ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ဇူလိုင် ၂၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားတွေရဲ့ သဘောထားကို အကောင်အထည်ဖော်တဲ့အနေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယင်းညီလာခံတွင်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုအားကောင်းလာစေရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်ရရှိစေရေး၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အင်အားစုများ ဆက်စပ်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းဖြစ်စဉ်နှင့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်စေရေး စသည့်အချက်(၄)ချက်ဖြင့် ပြုလုပ်မည့်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း  လာမည်ရက်ကာလအတွင်း၌ နေပြည်တော်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူမှု စာချုပ် လက်မှတ်ရေးထိုးနိုင်တော့မယ်ဟု ပြောကြားခဲ့ပြီးနောက် ယင်းညီလာခံကို UNFCက ခေါ်ယူကျင်းပခြင်းဖြစ်သည်။

အဆိုပါညီလာခံသို့ ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူထုအခြေပြုလူမှုအဖွဲ့များအားလုံးကို တက်ရောက်ရန် ဖိတ်ကြားထားပြီး ယင်းညီလာခံသို့ တက်ရောက်မည့်သူများ၏ စာရင်းအတိအကျကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ပေးသွားဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် တိုင်းရင်းသားညီလာခံသည် UNFC၏ ဒုတိယအကြိမ် ပြုလုပ်သော ညီလာခံဖြစ်ပြီး ပထမဦးဆုံးအကြိမ် ပြုလုပ်သော ညီလာခံကို ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းက  အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းပြီးနောက် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပထမဦးဆုံးအကြိမ် အဖြစ်ပြုလုပ်ခဲ့သော UNFC၏ တိုင်းရင်းသားညီလာခံပွဲမှ  ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ခြောက်ချက်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လမ်းပြမြေပုံအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင်  လက်ရှိအချိန်ကာလ၌ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်အတွက် UNFC ဘက်မှ ရေးဆွဲတင်ပြထားသော နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်များကို အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ဆွေးနွေးတင်ပြထားသော်လည်း သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC) ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှ အဖွဲ့(၁၁) ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းထားကြောင်း သိရသည်။

YC


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြန်လည်ပြင်ဆင်ထားသမျှ ပြည်ထောင်စုလွှတ် တော်သို့ အစီရင်ခံတင်ပြရာတွင် စနစ်မကျသည်များကို ပြင်ဆင်ထားကြောင်းဖော်ပြ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နယ်မြေဒေသတွင် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများချမှတ်ပြီး စနစ်တကျဆောင် ရွက်စေရေးအတွက် သြစတေးလျနိုင်ငံအခြေစိုက် Knight Pie’sold (K.P) Consulting ကုမ္ပဏီနှင့် မြန်မာ - ဝမ်ပေါင်ကုမ္ပဏီလီမိတက်တို့ စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိပြီး ESIA အပြီးသတ်အစီရင်ခံစာကို ယခုနှစ် စက်တင်ဘာလအတွင်းတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံတော်သမ္မတရုံး၊ သမ္မတဝန်ကြီးဌာန (၆) ပြည်ထောင်စုဝန်ကြီးဦးလှထွန်း က ဇူလိုင် ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အသစ်ပြန်လည်ချုပ်ဆိုသော စာချုပ်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင် ရာ သက်ရောက်မှုဆန်းစစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်စီမံအုပ်ချုပ်မှု စီမံချက်တို့ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ - ဝမ်ပေါင်ကုမ္ပဏီအဖြစ် သတ်မှတ်ဖော်ပြထားခဲ့ပြီး Knight Pie sold Pty.,Ltd မှ ကျွမ်းကျင်ပညာရှင်များက ပြုစုတင်ပြလာ သည့် Construction Environment and Social Management System – (CESMS) အစီရင်ခံစာအပေါ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်များက စိစစ်သုံးသပ်လျှက် ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်း စေမည့် နည်းလမ်းများအတွက် လိုအပ်သည့် အချက်များကို အကြံပြုညှိနှိုင်းဆောင်ရွက် လျှက်ရှိကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အနေဖြင့် ESIA အပေါ်အခြေခံ ရေးဆွဲမည့် EMP နှင့် SMP တို့ကိုလည်း မိမိတို့နိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီသော စီမံချက်များဖြစ်စေရေးအတွက် အသေးစိတ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ၎င်း ကဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ပတ်ဝန်းကျင်လေထု၊ မြေထုနှင့် ရေထုကို ထိခိုက်မှုမရှိစေရေးအတွက် အစီအမံများအား ချမှတ်ဆောင်ရွက် လျက်ရှိရာ အက်ဆစ်မှုန်များ၊ ဖုန်မှုန်များနှင့် အသံဆူညံ့မှုများကြောင့် လျော့နည်းစေမည့် နည်းလမ်းနှင့် အစီအမံများကို ESIA Report အပေါ်အခြေခံ၍ လည်းကောင်း၊ တည်ဆောက်ရေးကာလတွင် မြေရှင်းလင်း ခြင်းလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးကာလတွင် ဆောင်ရွက်မည့်လုပ်ငန်းများအလိုက် အပေါ်ယံမြေဆီလွှာများကို ဖယ်ရှားသည့်အခါ စနစ်တကျစုပုံထိန်းသိမ်းပြီး စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ သတ္တုသန့်စင်သည့်လုပ်ငန်းမှ စွန့်ပစ်ရေများကို သတ်မှတ်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကိုလည်းကောင်း သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲညှိနှိုင်းထားပြီးဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ပံတောင်းကြေးနီစီမံကိန်းနှင့်ပတ်သတ်၍ ယခုပြန်လည်ချုပ်ဆိုသည့် စာချုပ်အပေါ် “အခုလွှတ်တော်မှာ စာချုပ်ပါအချက် အလက်တွေ တင်ပြချက်ကတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ တိုက်ဆိုင်တယ်ဆိုတော့ ကော်မရှင်ရဲ့အကြံပြုချက်နဲ့ ကိုက်ညီတာပေါ့။ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီး ဘယ်ဟာက မျှမျှတတ ဘယ်လိုဖြစ်အောင် လုပ်တယ်ဆိုရင် လက်ခံနိုင်စရာ ရှိပါတယ်” လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ် ဆေးရေးအစီရင်ခံစာ အပေါ်အကောင်အထည် ဖော်ဆောင်ရွက်မည့်ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတရုံး၊ သမ္မတရုံး၊ သမ္မတရုံးဝန်ကြီးဌာန(၆) ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် သတ္တုတွင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်တို့က လွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment