Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် တည်ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
  2. စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုဖြစ်ရန် အခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်ဟု တိုင်းရင်းသားညီလာခံက ထုတ်ပြန်
  3. ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ဥပဒေများကို ပြဋ္ဌာန်းပြီး အခွန်ဆိုင်ရာဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် 
  4. မြန်မာ - အမေရိကန် တပ်မတော်နှစ်ရပ် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမည်

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် တည်ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

သြဂုတ် ၁ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ပြုလုပ်သော ရှင်းလင်းတင်ပြပွဲတွင် နိုင်ငံတော် သမ္မတက သန်းခေါင်စာရင်းကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူရမည် ဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင် တည်ငြိမ်အေးချမ်းရေး လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အားလုံးအား တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်လျှက် ရှိပြီး သန်းခေါင်စာရင်း ကောက်ယူသည့်ကိစ္စကိုလည်း နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ခံယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း သန်းခေါင်စာရင်း ကောက်ယူမှုကို  ၁၈၉၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၄၁ ခုနှစ်အထိ  ၁၀နှစ်တစ်ကြိမ် ကောက်ယူခဲ့ကာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၈ ဒဿမ ၉၂ သန်းရှိကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်၌ မြန်မာနိုင်ငံအတွင်း နေထိုင်သော အိမ်ခြေအတည်တကျ ရှိသူရော မရှိသူပါ မြန်မာနိုင်ငံသားအားလုံး တစ်ယောက် မကျန် ကောက်ယူမည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူရာ၌ အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့သည်။ လူ့အခွင့်အရေး ကော်မရှင်ကလည်း လပိုင်းအတွင်း ရခိုင်ဒေသသို့ သွားရောက်ကာ ဘင်္ဂါလီများကို စည်းရုံးမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်မြိုင်က ဆိုသည်။

ပြည်ထောင်စုစီမံချက်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာ ဘင်္ဂါလီများက လူမျိုးအမည်တွင် ရိုဟင်ဂျာဟု ထည့်သွင်းပေးရန် တောင်းဆိုမှုကို စာရင်းကောက်ယူသူများက ခွင့်မပြုခဲ့သောကြောင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရသည်။


စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုဖြစ်ရန် အခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်ဟု တိုင်းရင်းသားညီလာခံက ထုတ်ပြန်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အသစ်ရေးဆွဲရန် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က  ဇူလိုင်လ ၂၉ရက်နေ့မှ သြဂုတ်လ ၁ရက်နေ့အထိ လေးရက်ကြာ  ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထိုဆွေးနွေပွဲမှ ရလဒ်နေဖြင့် ဖွဲ့စည်းပုံအခြခံဥပဒေကို ပြင်ဆင်ရေးဆွဲရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးတို့အပြင် အချက် ၁၀ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ ကြကြောင်း သိရသည်။

“ဖက်ဒရယ်တပ်မတော် ကတော့ စံပြပေါလေ။ မူလေးတွေထားတာပေါ့။ တပ်မတော်ဆိုရင် အချင်းချင်းလိုက် တိုက်တဲ့ တပ်မတော် မဟုတ်ဘူး။ ပြည်ထောင်စုကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ရမယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေ အချိုးကျပါဝင်ကြဖို့၊ ပြဿနာဖြေရှင်းရင်လည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့” ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော ဖဒိုဒေးဗစ်တာကပေါ ကပြောကြားသည်။

စစ်မှန်သော ငြိမ်းချမ်ရေးရရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ခြင်း ဖြစ်သောကြောင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ရေးဆွဲရန် ရည်မှန်းထားကြကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်၏ ရည်မှန်းချက် တစ်ရပ်သော တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်မှာလည်း တိုင်းရင်းသားများအတွက် နိုင်ငံရေးနှင့် စစ်ရေးအရ အာမခံချက်ရှိမှသာ လက်မှတ်ရေးထိုးကြမည်ဟု သဘောတူညီခဲ့ကြကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

UNFC အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ကြမည်ဟု ဆိုကြသော်လည်း မည်သည့် အချက်လက်များကို ပြင်ဆင် မည်ကိုမှု ထုတ်ပြန်ခြင်း မရှိကြောင်းသိရသည်။

အဆိုပါ ညီလာခံကို ပြည်တွင်းပြည်ပ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်း ၄၅ဖွဲ့မှ ကိုယ်စားလှယ် ၁၃၀ ကျော်တို့ တက်ရောက်ခဲ့သည်ဟု UNFC၏ ထုတ်ပြန်ချက်များအရ သိရသည်။


ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ဥပဒေများကို ပြဋ္ဌာန်းပြီး အခွန်ဆိုင်ရာဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် 

ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့်  အခွန်ပေးဆောင်ရေးအတွက် ရှောင်တိမ်းနေသည့်ကုမ္ပဏီများကို စာရင်းကောက်ယူ၍  ယင်းကုမ္ပဏီများအား အခွန်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆာင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီငယ်များအနေဖြင့် လုပ်ငန်းများကို လုပ်ကိုင်ရာတွင်  ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အရှုံးပြ၍ အခွန်တိမ်း ရှောင်မှုများ ပြုလုပ်နေပြီး ဝင်ငွေခွန်ကြေငြာလွှာ မတင်သည့် လုပ်ငန်းကြီးများ လုပ်ကိုင်နေသော ကုမ္ပဏီကြီးများကလည်း ယင်းကုမ္ပဏီ ငယ်များ ကဲ့သို့ပင် အခွန်ကို လိမ်ညာဆောင်နေခြင်းများ ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁ -၂၀၁၂ ဘဏ္ဍနှစ်တွင် တရားဝင်လုပ်ငန်း လိုင်စင် ချထားပေးခဲ့သည့် ကုမ္ပဏီပေါင်း ၂၀၀၀၀ ကျော်တို့မှ

၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်၌ အခွန်ငွေ ဘီလီယံ ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်အားဖြင့် သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် သွင်းကုန်တင်သွင်းသူများအပေါ် ကြိုတင်ငွေခွန်(ခေါ်) အမြတ်ခွန်ကောက်ခံရာတွင် တစ်ဦးချင်းထံမှ အခွန်ရရှိမှုကို ပုံမှန်အခွန်စည်းကြပ်ရသည့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး (သို့မဟုတ်) မြို့နယ်ဦးစီးရုံးဌာနအသီးသီးသို့ သတင်းပို့အကြောင်းကြားခြင်း မရှိသောကိစ္စရပ်များအား ဝင်ငွေခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သုံးသပ် ဆောင်ရွက်လျက်ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်မှ သြဂုတ်လ ၁ရက်နေတွင် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့ကြောင်းသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက် ရက်စွဲပါအကြောင်းကြားစာအရ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးများမှ ကူညီပေးနိုင်ရေးအတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီး ယင်းအခွန် ထမ်းဆောင်မည့်သူ အသစ်များအား ခေါ်ယူတွေ့ဆုံ၍ ရသင့်ရထိုက်သည့်အခွန်ငွေများ အပြည့်အဝရရှိစေရေး၊ အခွန်ကင်းလွတ် တိမ်းရှောင်မှုများ မဖြစ်ပေါ်စေရေးတို့အတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး(သို့မဟုတ်) မြို့နယ်အခွန်ဦးစီးဌာနများသို့ သတင်းပို့အကြောင်းကြားခြင်း မရှိသော ကိစ္စရပ်များနှင့် ဝင်ငွေခွန်ကြေငြာတင်သွင်းရန် ပျက်ကွက်သူများကိုလည်း အခွန်ပညာပေးစည်းရုံး ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေခွန်ဥပဒေ၏ပုဒ်မ ၁၉(ဃ)နှင့်အညီ ရရှိသည့် အထာက်အထားများကို အခြေပြု၍ ဝင်ငွေခွန်စည်းကြပ်ခြင်းများကို စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း ၂၀၀၅ ခုနှစ်မှ စတင်ညွှန်ကြားချက်ထုတ်ပြန်ပြီး ယင်းညွှန်ကြားချက်အတိုင်း မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ အကူအညီများရယူလျက် အခွန်ထမ်းဆောင်မည့်သူအသစ်များအား ဖော်ထုတ်ရရှိရေးနှင့် အခွန်တိမ်းရှောင်မှုများ မဖြစ်ပေါ်စေရေး အပြီးသတ်စည်းကြပ်ဆောင်ရွက်နေကြောင်း သိရသည်။


မြန်မာ - အမေရိကန် တပ်မတော်နှစ်ရပ် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမည်

မြန်မာ့တပ်မတော်အား အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သော လူသားချင်းထောက်ထားမှု ဆိုင်ရာကိစ္စရပ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် အလေးပေးဆောင်ရွက်နိုင်ရန်အတွက် အမေရိကန် တပ်မတော်မှ ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမား၏ နိုင်ငံတော်လုံခြုံရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးအကြံပေးအရာရှိ Mr.Ban Rgodes နှင့် အမေရိကန်သံအမတ်ကြီး Derek Mitchell ကပြောကြားလိုက်ကြောင်း သိရသည်။

“ဒီနိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်စည်းမျဉ်းတစ်ခုရဲ့အောက်မှာ ပိတ်မိနေခဲ့ပါတယ်။ ကျွန်တော်တို့တွေဟာ ပုံမှန်ဆွေးနွေးမှုတွေ ဆက်တိုက်ထူထောင်သွားဖို့ ရှိပြီး ကျွန်တော်တို့ဟာ အိုဟောင်းနေတဲ့ ဒီနိုင်ငံကလူတွေရဲ့ အတွေးအခေါ် အယူအဆတွေကို အသစ်ပြန်လည်ဖော်ဆောင်သွားပေးရမှာပါ” ဟုသံအမတ်ကြီး Derek Mitchell ကသြဂုတ်လ ၁ ရက်နေ့၎င်း၏နေအိမ်၌ မီဒီယာများနှင့်တွေ့ဆုံစဉ်တွင်ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရ၏ လက်ရှိဆောင်ရွက်နေသော ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအား အသိအမှတ်ပြုပြီး ထိုပြောင်းလဲမှုဖြစ်စဉ်များ ရပ်ဆိုင်းလိုက်ပါက မိမိတို့အနေဖြင့် တပ်မတော်နှစ်ရပ် ပူးပေါင်းမှု ကို ဆက်လက်ဆောင်ရွက်မည် မဟုတ်ကြောင်း Mr.Ban Rgodes ၏ပြောကြားချက်မှ သိရသည်။ “ကျွန်တော်တို့ဟာ ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆက်လက်မပြောင်းလဲရင် စစ်ဘက်ဆိုင်ရာ သဘောတူညီမှု တွေ လုပ်သွားမှာ မဟုတ်ပါဘူး” ၎င်းကပြောသည်။

၎င်းက မြန်မာ့တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးထက် နိုင်ငံရေးတွင် ပိုမိုပါဝင် ပတ်သက်နေသည်ဟု ဆိုသည်။ ယခုတပ်မတော်နှစ်ရပ်ပူးပေါင်းခြင်းသည် မြန်မာတပ်မတော်အား ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်လာ စေရေး နှင့်နှစ်နိုင်ငံတပ်မတော် နှစ်ရပ်၏ ဆက်ဆံရေး တိုးမြင့်လာစေရန် ဖြစ်ကြောင်း ရှင်းလင်းသည်။

Mr. Rgodes သည် မြန်မာနိုင်ငံသို့ တပ်မတော်နှစ်ရပ် ပူးပေါင်းခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အ တွက် မြန်မာနိုင်ငံသို့ ၃ ရက်တာခရီးလာရောက်ခဲ့ပြီး ၎င်း၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အရာရှိများ၊ တပ်မတော်မှ ခေါင်းဆောင်များ နှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ တပ်မတော်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းခြင်းဆိုင်ရာ ကိစ္စရပ်များ ပြုလုပ်ရန် ဗြိတိန်၊ ပြင်သစ် စသောနိုင်ငံများနှင့် လည်းပြောဆိုမှုများ ရှိနေသည်။

 


 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment