Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်မည်
  2. အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့် ABSDF တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး
  3. ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများ  ညီညွတ်မှုမရှိခြင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြ
  4. အမျိုးသားလွှတ်တော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ကို ပြင်ပ ပညာရှင်၊ တပ်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ လုပ်ငန်းနယ်ပယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် သတ်မှတ်မည့် အနည်းဆုံးအခကြေးငွေ နှုန်းထားကို တရားဝင် သတ်မှတ်နိုင်ရေးအတွက် အမျိုးသားအဆင့်အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီကို ဖွဲ့စည်းပြီး လုပ်ဆောင်       သွားမည့်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြည်သူ့လွှတ်တော်၌ ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ယင်းကော်မတီဖွဲ့စည်းရေးအတွက် အစိုးရဌာနများ၊ အစိုးရအဖွဲ့ အစည်းများ၊ အလုပ်သမားအလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်၍ အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး အလုပ်ရှင်အလုပ်သမားတို့အကြား မျှတစွာဆောင်ရွက်နိုင်မည့် လူပုဂ္ဂိုလ်များ၏ အမည်စာရင်းများကို တောင်းခံထားကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

လုပ်ခသတ်မှတ်ရေးအတွက် ယင်းကော်မတီကို ဖွဲ့စည်းပြီးပါက ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ခလစာသတ်မှတ်ရေးကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဖွဲ့စည်းနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ရေးကို ပြည်ထောင်စုအစိုးရဘက်မှ ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ပြလာသော အကြုံပြုချက်များကို လေ့လာစိစစ်ပြီး သတ်မှတ်ထားသော အခကြေးငွေနှုန်းထားများကို အများသိရှိစေရန်နှင့် ကန့်ကွက်နိုင်စေရန် ရက်ပေါင်း ၆၀ ကြိုတင် ထုတ်ပြန်ရမည်ဖြစ်ကာ ပြည်သူလူထုက ကန့်ကွက်လိုပါက ယင်း ရက် ၆၀ အတွင်း ကန့်ကွက်နိုင်ပြီး ကန့်ကွက်ရန် မရှိပါက ယင်းအနည်းဆုံး အခကြေးငွေကို ပြည်ထောင်စုအစိုးရ အတည်ပြုချက်ဖြင့် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူ့မှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရာတွင်လည်း တိုင်းဒေသကြီးအလိုက်၊ ပြည်နယ်အတိုင်းအတာနှင့် လုပ်ငန်းအမျိုးအစား အလိုက် သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ၄င်းမှ ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် အချိန်ပိုလုပ်အားခ၊ ဆုကြေးများကိုပါ အနည်းဆုံး အခကြေးငွေဥပဒေတွင် အခကြေးငွေအဖြစ် ဖော်ပြထားပြီး အနည်းဆုံးလုပ်ခကို လုပ်သားနှင့် မိသားစုလိုအပ်ချက် အဆင့်အတန်းမီ နေထိုင်မှုဘဝ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ အပါအဝင် အချက် ၉ ချက်ကို အခြေခံ၍ သတ်မှတ်ရမည်ဖြစ်ကြောင်း အနိမ့်ဆုံး အခကြေးငွေဥပဒေတွင် ဖော်ပြပါရှိသည်။ ယင်းနှင့်ပတ်သက်၍ အချိန်ပိုနှင့် ဆုကြေးများကို အနည်းဆုံးအခကြေးငွေတွင် ဖော်ပြ သတ်မှတ်ထားခြင်းမှာ အလုပ်ရှင်များကို ဦးစားပေးထားသကဲ့သို့ ဖြစ်နေကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက ဝေဖန်နေကြသည်ဟု သိရသည်။

အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး  နည်းဥပဒေများကို  ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်အရ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

YC


အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့် ABSDF တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သြဂုတ် ၅ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)တွင် ကျင်းပခဲ့ပြီး ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေး ဆွေးနွေးပွဲအား လာမည့် သြဂုတ်လ ၁၀ ရက်နေ့တွင် ဆက်လက်ကျင်းပသွားရန် သဘောတူညီချက် ရရှိခဲ့ကြောင်းသိရသည်။

ကနဦးအချိန်များက အဆိုပါ ဆွေးနွေပွဲကို ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရေကြီးမှုကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့ကျင်းပခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အစိုးရမှ ဖွဲ့စည်းပေးထားသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် ABSDF အဖွဲ့တို့သည် သြဂုတ် ၅ ရက်မှစ၍ အပစ်အခတ်ရပ်စဲရေးနှင့် မြဝတီမြို့တွင်ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးအပါအဝင် အချက်လေးချက်အား ABSDFနှင့် အစိုးရတို့သည် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

“ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ပြန်လည်ဖွဲ့စည်းနေပါပြီ၊ ဗဟိုကော်မတီ၊ အနောက်ဘက်၊ မြောက်ဘက်က ကိုယ်စားလှယ်တွေလည်း အကုန်ပါပါတယ်၊ ဆွေးနွေးဖို့ကို လူအင်အား ပြည့်ပြီ”ဟု ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စုအဆင့်ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ရန် ၎င်းတို့ဘက်မှ နိုင်ငံပြုပြင်ပြောင်းလဲမှုများ၊ တိုင်းရင်းသားတို့၏ လိုအပ်ချက်များနှင့် စပ်လျဉ်းသည့် အချက် ၁၂ချက်အား ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ ပေးပို့ထားပြီး ဖြစ်ကြောင်းသိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အပြီး၌ ABSDF က ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာကာ နိုင်ငံရေး ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် အဖြေပေါ်မူတည်ပြီး ရပ်တည်သွားရန်ရည်ရွယ်ထားကြောင်းသိရသည်။

ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ABSDFမှ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းတို့အပြင် ABSDF မြောက်ပိုင်းမှ ကိုယ်စားလှယ် ငါးဦး၊ အနောက်ဘက်မှ အိန္ဒိယမှ ကိုယ်စားလှယ်ငါးဦး၊ ထိုင်းနယ်စပ်မှ စစ်ဗျူဟာမှူးများ၊ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

YC


ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများ  ညီညွတ်မှုမရှိခြင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြ

သြဂုတ်  ၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့် မညီသော အမိန့်ကြေညာချက်များဖြင့်   ရင်းနှီးမြှုပ်နှံခွင့်ပြုမှုများ ရှိနေကြောင်း တင်ပြမေးမြန်းခဲ့သည်။ ဦးဝင်းဦးက ရှေ့တွင်ပြဋ္ဌာန်းထားသော ဥပဒေ ၊ နည်းဥပဒေများနှင့် အမိန့်ကြေညာချက်ဖြင့် ထုတ်ပြန်ကာ လုပ်ကိုင်ခွင့်ပြုထားသည်များ လွဲမှားနေသည်ကို လွှတ်တော်အနေဖြင့် ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ရန်အတွက် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခွင့်မပြုသော စီးပွားရေးလုပ်ငန်းများ အမျိုးအစားများစာရင်းမှာ လျှပ်စစ်ဓာတ်အား ကုန်သွယ်ခြင်း လုပ်ငန်းဆိုတာ ခွင့်မပြု ဘူးလို့ ပြောထားပါတယ်။ တကယ်တော့ ပြည်တွင်းမှာထုတ်တဲ့ လျှပ်စစ်ဓာတ်အားများကလည်း ပိုလျှံသောနေရာတွေမှ ပိုလျှံလို့ တစ်ဖက်နိုင်ငံတွေကို ရောင်းရတာ ရှိသလို၊ တချို့နေရာတွေမှာလည်း တစ်ဖက်နိုင်ငံမှ ပြန်ဝယ်ပြီး ပေးနေရတာလည်း ရှိပါတယ်။ ဒါပေမယ့် ဒီထဲမှာတော့ ခွင့်မပြုဘူးလို့ ရေးထားပါတယ်။ နောက်တစ်ချက်က ပုံနှိပ်နှင့် အသံလွှင့်မီဒီယာလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်ခြင်း ခွင့်မပြုဘူးလို့ ပြောထားတာ ရှိပါတယ်။ ပူးတွဲလုပ်ကိုင်ခြင်းကို ခွင့်မပြုရင် တစ်ဦးတည်းလုပ်ရင်တော့ ခွင့်ပြုမလား တော့ မသိပါဘူးခင်ဗျာ။ နောက်ဘက်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ကနေ ဖော်ပြထားတဲ့ နေရာမှာတော့ နိုင်ငံခြားဘာသာနဲ့ အချိန်မှန်ထုတ်တဲ့ သတင်းစာတွေ၊စာအုပ်စာတန်းတွေ အက်ဖ်အမ်ရေဒီယို အသံလွှင့်လုပ်ငန်းတွေ၊  Direct to Home လုပ်ငန်းတွေ၊ Cable TV လုပ်ငန်းတွေ၊  ရုပ်ရှင်နဲ့ ရုပ်သံရိုက်ကူးထုတ်လုပ်ဖြန့်ချီရေး လုပ်ငန်းတွေပါ ခွင့်ပြုထားတာ ပြန်တွေ့ရပါတယ်။ ရှေ့မှာ ခွင့်မပြုဘူး၊နောက်မှာ ပြန်ခွင့်ပြုထားတာ တွေ့ရပါတယ်” ဟု ဦးဝင်းဦးက  ဆွေးနွေးတင်ပြခဲ့ပါသည်။

သစ်တောရေးရာနှင့် ပတ်သက်၍လည်း  ၂၀၁၄ ခုနှစ်တွင်  သစ်အလုံးလိုက် တင်ပို့ခွင့်မပြု ကြောင်း သိရပြီး ဥပဒေတွင်မူ  သစ်လုံးများ ထုတ်ယူပြီး  ပြည်ပရောင်းချခွင့်ပြုထားကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု များစွာ လိုအပ်နေသော အဆင့်မြင့် နည်းပညာနှင့် ထုတ်လုပ်သည့်လုပ်ငန်းများတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို  ၄၉ ရာခိုင်နှုန်းထက် ပို၍ ခွင့်မပြုဟု ဖော်ပြထားကြောင်း  ဦးဝင်းဦးက လွှတ်တော်တွင် ဆက်လက်ပြောကြားသည်။

ယင်းမေးခွန်းနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒေါက်တာ ဒေါ်ခင်စန်းရီက ဦးဝင်းဦး၏ တင်ပြချက်များကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ယင်းအချက်များအား ပြန်လည်ပြင်ဆင်ရေးအတွက် ဇွန် ၁၇ ရက်မှ စ၍  ဝန်ကြီးဌာနများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် တို့နှင့် ဆွေးနွေးကာ ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း ၊ ဇူလိုင် ၁၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးကို တင်ပြခဲ့ရာ ကော်မရှင် လမ်းညွှန်ချက်နှင့်အညီ ထပ်မံပြင်ဆင်ပြီး   ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြကာ ပြင်ဆင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                အသစ်ပြဋ္ဌာန်းမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့်  ပတ်သက်၍  ရင်းနှီးမြှုပ်နှံသူများက ပိုမိုကောင်းမွန်သော  ဥပဒေအဖြစ်ရှုမြင်ပြီး  ကြိုတင်ခန့်မှန်းတွက်ဆနိုင်သော   စီးပွားရေးဝန်းကျင်ဖြစ်လာမည်ဟု မျှော်လင့်သည့်အပြင်  နိုင်ငံတကာအဖွဲ့ အစည်းက  မှန်ကန်သော ပြောင်းလဲမှုနှင့် နိုင်ငံတော်စီးပွားရေး တိုးတက်မှုအတွက်  အထောက်အကူပြုမည့်  ဥပဒေဟု  သုံသပ်မှုများ  ရှိမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားခဲ့သည်။

YC


အမျိုးသားလွှတ်တော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ကို ပြင်ပ ပညာရှင်၊ တပ်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း

သြဂုတ် ၅ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်ကိုပြင်ပမှ ပညာရှင်များ၊ တပ်မတော်ကိုယ်စားလှယ်များဖြင့်  အသစ်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်လွင်ဦးက ဥက္ကဋ္ဌ၊ ဦးမြင့်သိန်း(ငြိမ်း-လွှတ်တော်ရုံး)က အတွင်းရေးမှူး အဖြစ် အသီးသီးခန့်အပ်ခဲ့ပြီး ယင်းကော်မရှင်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးမျှမပါဝင်ကြောင်း သိရ သည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပရော်ဖက်ရှင်နယ်မဟုတ်ဘူး။ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ် ဖြစ်တော့ ဥပဒေပညာရပ်ကို ၉၀ ရာခိုင်နှုန်းလောက် မကျွမ်းကျင်ဘူး။ ဒီလို ပရော်ဖက်ရှင်နယ်တွေကို ခေါ်ပြီးတော့ တာဝန်ပေးတာက ပိုကောင်းတယ်”ဟု အမျိုးသားလွှတ်တော်ကိုစားလှယ် ဦးလှဆွေက ယင်းကော်မရှင်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးမျှမပါဝင်ရခြင်း အကြောင်းအရင်းနှင့် ပတ်သက်ပြီး ၎င်း၏ အမြင်ကို  ပြောသည်။

“အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အတော်များများက ကော်မတီ၊ ကော်မရှင်တွေမှာ ပါနေကြတယ်။ ကော်မတီမှာ ဖြစ်ဖြစ် ကော်မရှင်မှာပဲ ဖြစ်ဖြစ် နှစ်နေရာထက်ပိုမပါရဘူးဆိုတာရှိတယ်။ အဲဒါကြောင့်ပဲ ဖြစ်ပါလိမ့်မယ်” ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည် သူ၏ အမြင်ကို လည်း ပြောသည်။

အဆိုပါကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ဦးကြည်ရှိန် (ညွန်ချုပ်-ငြိမ်း)၊ ဦးကျော်စိန် (ဒုညွန်ချုပ်-ငြိမ်း)၊ ဒေါက်တာမြင့်သိန်း (ဒုညွှန်ချုပ်-ငြိမ်း)၊ ဦးစန်းလွင် (ညွှန်မှူး-ငြိမ်း)၊ ဒေါ်ခင်သွယ်သွယ်မြင့် (ညွှန်မှူး-ငြိမ်း)၊ ဦးသန်းဆောင် (စာရင်းကိုင်ချုပ်-ငြိမ်း)၊ ဦးအောင်မြင့် (ညွှန်မှူး-ငြိမ်း)၊ ဦးစိန်လှ (ရှေ့နေချုပ်ငြိမ်း)၊ ဦးခင်မောင်လတ် (ကထိက-ငြိမ်း)၊ ဦးကျော်ဝင်း (စာရေှးဆရာ)၊ ဦးစောမြင့်မောင် (Myanmar Egress)၊ ဒေါက်တာချစ်စံ (စားရေးဆရာ)၊ ဒေါ်မြသင်းဝေ (အင်္ဂလိပ်စာဆရာမ)၊ ဗိုလ်မှူးကြီးခင်မောင်အေး (တပ်မတော်သားကိုယ်စားလှယ်)၊ ဗိုလ်မှူးဇော်မြင့် (တပ်မတော်သားကိုယ်စားလှယ်)တို့က ဆောင်ရွက်ကြမည် ဖြစ်သည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment