Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာကို အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ကထုတ်ပြန်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများကြောင့် နိုင်ငံအပေါ်ရိုက်ခတ် မှုများနှင့် ပတ်သက်၍ သြဂုတ် ၂၃ ရက်နေ့တွင်  အမေရိကန်နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ စာမျက်နှာ ၁၀ မျက်နှာ ပါရှိသော အစီရင်ခံစာတွင် ကော်မရှင်မှ မြန်မာနိုင်ငံ ဒေသများသို့ သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိသည့်အချက်များကို ဖော်ပြထားကြောင်းသိရသည်။

အစီရင်ခံစာကို ဘာသာရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း၊ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ၊ ချင်းပြည်နယ်သို့ သွားရောက်ခြင်း၊ အကြောက်တရားဖြင့် နေထိုင်နေရသော ဘင်္ဂါလီများ၊ မွတ်စလင် ဆန့်ကျင်ရေးများ ဆက်လက်ဖြစ်ပွားနေသည့် မိတ္ထီလာမြို့ အခြေအနေ၊ ကချင်ပြည်နယ် အခြေအနေ၊ သုံးသပ်ချက် ခေါင်းစဉ်များဖြင့် ရေးသားထားသည်။

ကော်မရှင်၏ အစီရင်ခံစာ သုံးသပ်ချက်တွင် ဘာသာရေး၊ လူမျိုးရေးနှင့် ဘာသာရေး လွတ်လပ်ခွင့် အကာအကွယ် ပေးမှုတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းသို့ သွားရာလမ်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့အပေါ် အဓိကပုံဖော်မည့် အချက်များဖြစ်ကြောင်း သုံးသပ်ဖော်ပြထားခဲ့သည်။ မွတ်စလင်များအပေါ် အကြမ်းဖက်မှုများနှင့် တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင်များအပေါ် စစ်တပ်မှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ ပုံဖော်ရေးကို ထိခိုက်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ကော်မရှင်၏ သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။ ထို့နောက် မြန်မာအစိုးရအား ဖြေရှင်းရန် အကြံပေးရာတွင် ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရှိမရှိ အဖြေရှာရန်၊ လူနည်းစု ဘာသာဝင်များအား အကြမ်းဖက်ခဲ့သူများကို ဥပဒေရှေ့မှောက် အရောက်ပို့ဆောင်ရန်၊ မွတ်စလင်များအား အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးနိုင်ရန် ရဲတပ်ဖွဲ့ကို မြှင့်တင်ရန်၊ မြန်မာနိုင်ငံကို လူမျိုးစုံ၊ ဘာသာစုံ နေထိုင်နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရန်တို့ကို ထည့်သွင်းဖော်ပြခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်လျက် ရှိနေသော ကြောင့် အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုးရိမ်ပူပန်ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ထားရှိသင့်ကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံရေး ဘာသာရေး အကျဉ်းသားများ လွှတ်ပေးရန်ကို ငြင်းဆန်လျှင်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် လူမျိုးစုများအား လေးစားရန် ပျက်ကွက်ခဲ့လျှင် ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံသား ဖြစ်ခွင့်နှင့် ပတ်သက်၍ မျှတသော အဖြေတစ်ခု မရရှိခဲ့လျှင်၊ ၂၀၁၅ ရွေးကောက်ပွဲကို မျှတအောင် မကျင်းပနိုင်ခဲ့လျှင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားသင့်ကြောင်းတို့ကို ထည့်သွင်းဖော်ပြခဲ့သည်။

ထို့ပြင် မွတ်စလင်များအား အကြမ်းဖက်နေမှုများ ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန်၊ အောင်မြင်သော ဖက်ဒရယ်စနစ်တစ်ခု အကောင်အထည်ဖော် ဆောင်နိုင်ရေး လုပ်ဆောင်ရန်၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများ ၀င်ရောက်ခွင့်ပြုရန်၊ မွတ်ဆလင် ဆန့်ကျင်ရေး ပြုလုပ်ပြီး ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့ အပါအ၀င် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရ တာဝန်ရှိသူများအား အမေရိကန်နိုင်ငံမှ နာမည်စာရင်း တစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစရှိသည့် အချက်များကိုလည်း ကော်မရှင်၏ အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

YC


 

ဖွဲ့စည်းပုံအခြေခံဥပဒေအား ခေတ်နှင့် လျော်ကန်သင့်မြတ်အောင် လေ့လာသုံးသပ်၍ ပြင်ဆင်ဆောင်ရွက် သွားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဆို

ဇူလိုင်လ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ၎င်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ခေတ်နှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေးအတွက် လေ့လာသုံးသပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ အဖွဲ့ဝင်အချို့၏ ပြောကြားချက်အရ သိရှိရသည်။

လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် သြဂုတ် ၂၃ ရက်က  ပြုလုပ်ခဲ့သည့် ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ခေတ်နှင့် လျော်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရေး အပါအ၀င် ကော်မတီ၏ ဦးတည်ချက်သုံးချက်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ကြောင်း၊ ထို့အပြင် ကော်မတီ၏ တာဝန်များ၊ သက်တမ်း၊ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကိုလည်း ပြဋ္ဌာန်းခဲ့ပြီး အဆိုပါပြဋ္ဌာန်းချက်များကို ကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး သို့ တင်ပြသွားမည် ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အရ သိရသည်။

“ဒီနေ့ ကော်မတီရဲ့ ပထမဦးဆုံး အစည်းအဝေးမှာ ကော်မတီရဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေကို ပြောခဲ့ကြတယ်။ ကော်မတီရဲ့ အစီရင်ခံစာကို တင်ပြဖို့အတွက်လည်း နေ့ရက်ကို သတ်မှတ်ခဲ့ကြပါတယ်။ နေ့ကတော့ ဒီဇင်ဘာ ၃၁ ရက်ပါ။ ကော်မတီရဲ့ ဦးတည်ချက်တွေ၊ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေကို ဒီနေ့ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို အခုကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်မှုယူရမယ်။ အဲဒါမှ အလုပ်စလုပ်လို့ ရမှာလေ။ အဲဒါမှ သတ်မှတ်ထားတဲ့ရက်မှာ အစီရင်ခံစာ တင်နိုင်မှာပါ” ဟု ဒေါ်ဒွဲဘူက ပြောကြားသည်။

ထို့အပြင် မိမိတို့၏ ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရာ၌လည်း အကျိုး မဖြစ်ထွန်းနိုင်သော အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည့် ပြဋ္ဌာန်းချက်များထက် နိုင်ငံတော်အတွက် အကျိုးရှိသည့် ပြည်သူအများ လိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေးဆောင်ရွက်ရမည်ဟူသည်ကို ကော်မတီ ဦးတည် ချက်အဖြစ် သတ်မှတ်ထားကြောင်း ဒေါ်ဒွဲဘူက ဆက်လက်ပြောကြားသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းကော်မတီက ယခုကဲ့သို့ အသက်ဝင်ကာ ပထမဦးဆုံး ခြေလှမ်းစတင် လှမ်းနေပြီ ဖြစ်သည့်အတွက် ပြည်သူများ မျှော်လင့်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မကြာမီအချိန်တွင် တွေ့မြင်ရတော့မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းထားခဲ့ပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အတွင်းရေးမှူး အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး အဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီတို့က တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

YC


 

မြန်မာနိုင်ငံ၏ စတော့ဈေးကွက်အတွက် အစိုးရမှ ကုမ္ပဏီ ၅ ခုအား စာရင်းပြုရွေးချယ်

မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ခုနှစ် အတွင်း အကောင်အထည်ဖော်ရန်အတွက် ပြင်ဆင်လျက်ရှိသော စတော့ အိပ်စ်ချိန်း အတွက် နိုင်ငံတော်အစိုးရက သီးသန့်ရွေးချယ်ထားသော ကုမ္ပဏီ ၅ ခုရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရ သည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ မှစတင်၍ အစိုးရမှ စတော့အိပ်စ်ချိန်းဈေးကွက်ကို ပီပြင်စေရန်အတွက် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ ထိုစတော့ ဈေးကွက် ပိုမိုပြီပြင်လာစေရန်အတွက် ဂျပန်နိုင်ငံမှ Diwa Institute သည် ကိုရီးယားနိုင်ငံနှင့် ယှဉ်ပြိုင်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံမှာ တစ်ခါမှ မလုပ်ဖူးတဲ့ စတော့ဈေးကွက် အတွက် အစိုးရကစတင်ပြင်ဆင်နေပါပြီ။ ဒီနှစ်ကုန်မှာစပါမယ်။ ၂၀၁၅ မှာ လုံးဝ Operate လုပ်ပါမယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းမှ ပြောသည်။

ထို့ပြင် စတော့ဈေးကွက် ဖြစ်ထွန်းလာပါက ပြည်တွင်းရှိလုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်လုပ် ကိုင်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ သီးသန့်စာရင်း ထုတ်ပြန်မှုများ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော် စတော့ဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်ရန် အတွက် နိုင်ငံတော်မှ ခွင့်ပြုချက်ပေးထား သော ကုမ္ပဏီ ၅ ခု၏ နာမည်များကိုမူ အတိအကျ ထုတ်ဖော်ပြောကြား သွားခြင်းမရှိပေ။

လက်ရှိအများပိုင် ကုမ္ပဏီများအနေဖြင့် Stock အတွက် သီးသန့် စစ်ဆေးမှုများခံယူရမည်ဖြစ်ပြီး MIC ၏ခွင့်ပြုချက်များအရ အများပိုင် ကုမ္ပဏီထောင်ခွင့်ရသည့်တိုင် Stock တွင်လွယ်ကူစွာဝင်ရောက် လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌  စတော့ဈေးကွက်အတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများ ရေးဆွဲပြဋ္ဌာန်းခြင်း မပြုလုပ်ရသေးသော်လည်း မကြာမီအချိန်များတွင် ဈေးကွက်ဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်း နိုင်ရန်အတွက် သက်ဆိုင်ရာမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပွင့်လင်းလာပြီဖြစ်သော မြန်မာနိုင်ငံအတွက် Stock မှာ နိုင်ငံတကာနှင့် စီးပွားရေးအရ ထိုးဖောက်နိုင်ရန်အတွက် အရေးပါလျက်ရှိနေသည်။

စတော့ရှယ်ယာ ဈေးကွက်ကို အင်္ဂလန်နိုင်ငံ လန်ဒန်တွင် ၁၇၇၃ ခုနှစ်မှစ၍ စတင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးဈေး ကွက်ဖြစ်သည်။

YC


 

အစိုးရ တင်ဒါအောင်မြင်ပြီးလုပ်ကိုင်ခွင့် ရရှိထားသောကုမ္ပဏီအချို့ ရင်းနှီးမြှုပ်နှံရန် ငွေကြေးမလုံလောက်မှု များနှင့် ရင်ဆိုင်နေရ

လက်ရှိ အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်ခွင့် တင်ဒါများခေါ်ယူပြီး ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ကိုင်ခွင့်များ ချထားပေးလျှက်ရှိရာ အစိုးရတင်ဒါအောင်မြင်ပြီး လုပ်ကိုင်လျှက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီအချို့ အစိုးရ ချထားပေးသော စီမံကိန်းမြေများတွင် ရင်းနှီးမြှုပ်နှံရန် ငွေကြေးဆိုင်ရာ မနိုင်မနင်းဖြစ်နေသည့်အတွက် ရှေ့ဆက်ရန် ခက်ခဲနေကြကြောင်း ပြည်တွင်း လုပ်ငန်းရှင် အချို့မှ ထုတ်ဖော်ပြောကြား လိုက်သည်။

“မြန်မာ သူဋ္ဌေးတွေ ငွေများများရှိမယ် မထင်ပါဘူး။ လုပ်ငန်းတွေသာ လုပ်နေတာ။ cash နဲ့ ပတ်သတ်တဲ့ Plan တွေမရှိကြဘူး။ ကုမ္ပဏီကြီးရင်ကြီးသွားမယ်။ ငွေတွေမရှိဘူး။ လောလောဆယ်ကြုံနေရတာက အစိုးရရဲ့ စီမံကိန်းတွေမှာ ထဲထဲဝင်ဝင် လုပ်နိုင်ဖို့ လုပ်ငန်းရှင်တွေမှာ ငွေမလောက်ဘူး။”ဟု လွယ်ဟိန်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင်ရှိသော ကုမ္ပဏီများသည် ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို ထုတ်ဖော်ပြေကြားခြင်းမရှိဘဲ ဟန်ဖြင့်သာ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်ထိန်းထားကြသည်။ ၎င်းတို့ရရှိထားပြီးသား စီမံကိန်းများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် နှောင့်နှေးစေမှုများ ပြုလုပ်နေသည် ပြုလုပ်နေသည်ဟု လုပ်ငန်းရှင် အချို့က ဝေဖန်ပြောကြားလိုက်သည်။

အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအောက်ရှိ ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်းကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် ၁/၂၀၁၃ အမိန့်ကြော်ငြာချက်တွင် ပါရှိသော အချက်အလက်အချို့ကိုလည်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပေဒ၊ နည်းဥပဒေများနှင့် မကိုက်ညီတော့သဖြင့် ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment