Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အရမ်းလည်း ကောင်းတယ်။ အရမ်းလည်း နွေးထွေးမှုရှိတယ်။ သမ္မတကြီးကလည်း မကြာခင် အချိန်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးဖိတ်ကြားပြီး ညီလာခံကြီးတစ်ခု လုပ်ဖို့ရှိသလို ပြည်သူ့ လွှတ်တော်ကြီးနဲ့ အမျိုးသားလွှတ်တော်ကြီးတို့မှာလည်း တိုင်းရင်းသားတွေရဲ့အခွင့်အရေး တန်းတူရဖို့ ဆွေးနွေး ဆောင်ရွက် နေတာပဲလေ။ ဒီလိုအချိန်အခါမျိုးမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှုတွေ နီးစပ်လာပြီဆိုတော့ အဲဒီယုံကြည်မှုက အပေါ်မှာရော၊ အလယ်ရော၊ အောက်ခြေပိုင်းထိပါ ပျံ့နှံ့လာမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးဆိုတာ မဝေးတော့ ပါဘူး”

၂၀၁၃ သြဂုတ်လ ၂၉ ရက်နေ့ The Hot News ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၅၅) တွင် ပါရှိသော   “အထက်က အမိန့်ပေးတာထက် အောက်ကနေ အပေါ်လာတဲ့စနစ်ကို သမ္မတကြီးကလက်ခံတဲ့အတွက် ထာဝရ ငြိမ်းချမ်းရေးဆိုတာ လုံးဝအလှမ်းမဝေးနိုင်တော့ပါဘူး”သတင်းမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“မြန်မာပြည်သူတွေအနေနဲ့ မိမိရဲ့လုပ်ရပ်တွေအပေါ်မှာ အမြင်မှန် ရစေချင်တယ်။ မိမိဟာ ဘယ်ဘက်ကိုမှ ဘက်လိုက်ခြင်း မရှိဘူးဆိုတဲ့ အချက်ပါပဲ။ ဗုဒ္ဓဘာသာဝင်တစ်ချို့က မိမိဟာ မွတ်ဆလင်တွေဘက်က ဘက်လိုက် ဆောင်ရွက်တယ်ဆိုတဲ့ သဘောနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလို တစ်ဖက်ဖက်ကို ဘက်လိုက်စရာ လုံးဝမရှိဘူးဆိုတာ အခိုင်အမာ ပြောချင်ပါတယ်။ ကျွန်တော် ဒီတာဝန်ကို စတင်ထမ်းဆောင်တာ ၂ဝဝ၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးတော့ နောက်တစ်နှစ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ အဲဒီတုန်းက သံဃာတော်၊ သာမန်အရပ်သား ဗုဒ္ဓဘာသာ မြန်မာတွေ အသတ်ခံခဲ့ရပြီးတဲ့ကာလတွေပါ။ ကျွန်တော်ဟာဖိနှိပ်ခံနေရသူ အားလုံးအတွက် ခုခံကာကွယ်မှုတွေ စလုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒီကနေ့အထိ အဖိနှိပ်ခံလူ့အသိုင်းအဝိုင်း အားလုံးအတွက် ဆောင်ရွက် ခဲ့တာပါ။ ဒါ့ကြောင့် မြန်မာပြည်သူတွေအနေနဲ့ ကျွန်တော်ဟာ မြန်မာနိုင်ငံအတွက် ဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြဖို့ မျှော်လင့်ပါတယ်”

၂၀၁၃ သြဂုတ်လ ၃၀ ရက်နေ့ The First Weekly ဂျာနယ် အတွဲ (၂) ၊ အမှတ် (၉၄) တွင် ပါရှိသော “မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကန်တာနား နှင့် အင်တာဗျူး” မှ မစ္စတာ သောမတ်စ်အိုဟေး ကန်တားနား၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီဥပဒေမှာ အခန်းငါးခန်းရှိတယ်။ ဒီဥပဒေရဲ့ ရည်ရွယ်ချက်ထဲကို အမျိုးသားလွှတ်တော် ဘက်ကနေ အချက် တစ်ချက်ကို ထပ်ဖြည့်လိုက်တယ်။ မူလက ရည်ရွယ်ချက်မှာ အချက်လေးချက် ရှိတယ်။ တစ်အချက်က တောင်သူလယ်သမားတွေ အရင်းအနှီးငွေ ရရှိရေး၊ နှစ်အချက်က စိုက်ပျိုးရေး နည်းပညာ၊ သွင်းအားစု ပံ့ပိုး ကူညီရေး၊ သုံးအချက်က ထွက်ရှိလာတဲ့ သီးနှံတွေ ဈေးနှုန်း၊ ဈေးကွက်ရရှိရေး၊ လေးအချက်က လုပ်ကွက်ငယ် အခြေခံကျတဲ့ တောင်သူလယ်သမားတွေကို အဓိကထားပြီး ကာကွယ်စောင့်ရှောက်ရေး ဖြစ်ပါတယ်။ သူတို့ ထပ်ထည့်လိုက်တာက သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာတဲ့ တောင်သူလယ်သမားတွေကို ကာကွယ်ရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ ဦးဆောင်အဖွဲ့ဆိုတာ ဖွဲ့စည်း ရမယ်။ ဝန်ကြီးဌာနတွေ အနေနဲ့ ပြောရရင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာန သုံးခုပါမယ်။ ကျန်တာက တောင်သူလယ်သမား အသင်းအဖွဲ့တွေ ပါမယ်။ ဒီအဖွဲ့က တောင်သူလယ်သမား အကျိုး ကာကွယ်စောင့်ရှောက်ဖို့ ဆောင်ရွက်ကြရပါမယ်”

၂၀၁၃ သြဂုတ်လ ၂၉ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လယ်ယာမြေ သိမ်းဆည်းခံရမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို လွှတ်တော် အတည်ပြု” သတင်းမှ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“မကြာမီ ထွက်ပေါ်လာတော့မယ့် ဆက်သွယ်ရေးဥပဒေအရဆိုရင် ပုဂ္ဂလိကကဏ္ဍ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးကြတော့မှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ သူတို့တွေနဲ့ ကျွန်တော်တို့တွေကို စနစ်တကျ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်တစ်ရပ် လိုအပ်လာမှာ ဖြစ်ပါတယ်။ ခေတ်စနစ် နဲ့ အခြေအနေအရလည်း နိုင်ငံတကာမှာ ထိုကဲ့သို့ ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်တစ်ရပ် တည်ဆောက်ဖို့အတွက် ဒီနှစ်နှစ်ဆိုတဲ့ အချိန်ဟာ လုံလောက်တဲ့အချိန်ဖြစ်တာကို တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ သဘောထား မှတ်ချက်ကို ထောက်ခံပါတယ်”

၂၀၁၃ သြဂုတ်လ ၃၀ ရက်နေ့ မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၂) ၊ အမှတ် (၆၃၆) တွင် ပါရှိသော “လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်ဖွဲ့ရန် လွှတ်တော်က အတည်ပြု” သတင်းမှ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီဥပဒေကြမ်းထွက်လာဖို့ လွှတ်တော်ကနေပြီးတော့ တိုင်းရင်းသားဝန်ကြီးတွေကိုချပြတာ၊ တိုင်းရင်းသားဝန်ကြီးတွေကို သဘောထားတွေ၊ အကြံဥာဏ်တွေ မနေ့က လွှတ်တော်ဥက္ကဋ္ဌပြောသွားတာ တော်တော်လေးကောင်းပါတယ်။ ဥပဒေကြမ်း ကော်မတီက တိုင်းရင်းသားတွေက ဒီဥပဒေကြမ်းထွက်ပြီးမှနောက် တိုင်းရင်းသားရေးရာကိစ္စတွေ အဆင်ပြေသွား ပိုကောင်း သွားနိုင်မှာပေါ့။ ဒီဥပဒေကြမ်း ထွက်လာရင် တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးတွေ ပို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာ နိုင်မယ်။ အကာအကွယ်လဲ ပေးနိုင်မယ်၊ အခွင့် အရေးလဲ ပိုရမယ်။”

၂၀၁၃ သြဂုတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တိုင်းရင်းသား အခွင့်အရေးနှင့် တိုင်းရင်းသားဝန်ကြီးများ၏ သဘောထား” တွေ့ဆုံမေးမြန်းခန်းမှ ဦးဆလိုင်းလှထွန်း (ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ၊ မကွေးတိုင်းဒေသကြီး) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment