International Media (1) |
-
နိုင်ငံတကာသတင်းများ (၁)
အမျိုးသမီးများမပါဝင်ပါက ငြိမ်းချမ်းရေးမရနိုင်
(25 sept 2013 ရက်စွဲပါ Global Post မှ Pailin Wedel ရေးသားသော “Myanmar: No Woman,no peace” ကို ဘာသာပြန်ပါသည်။)
မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာမှာ အမျိုးသမီးတစ်ဦးဖြစ်သည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သော်လည်း အခြားအမျိုးသမီးများ၊ မိန်းကလေးများအတွက်မူ စိတ်ပျက်စရာကောင်းပြီး၊ အမျိုးသမီးများအတွက် လျစ်လျူရှုသော နေရာတစ်ခုအဖြစ် ခံစားကြရပါသည်။
ရန်ကုန်တွင် တစ်တိုင်းပြည်လုံးမှ သြဇာအရှိဆုံး အမျိုးသမီး ၄၀၀ ခန့်သည် ညီအစ်မရင်းသဖွယ် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် မကြာမီက စုစည်းခဲ့ကြပါသည်။ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လှုံဆော်သူများ၏ ကွန်ရက်များသည် တိုင်းပြည်၌ အမျိုးသမီးများအတွက် နေ့စဉ်ခြိမ်းခြောက်နေသော အန္တရာယ်များနှင့် ပတ်သက်၍ ဆွေးနွေး နိုင်ရန် စုစည်းခဲ့ကြပါသည်။
ထိုသို့သော ကွန်ဖရင့်မျိုးကို အနောက်နိုင်ငံများတွင်မူ ထူးခြားသည်ဟု ဆိုရမည်မဟုတ်ပေ။
သို့သော် မြန်မာနိုင်ငံတွင်မူ အမျိုးသမီးများ၏ ဘဝများအပေါ် ခြိမ်းခြောက်မှုများမှာ အန္တရာယ်ရှိနေပါသည်။ အဆိုပါ ခြိမ်းခြောက်မှုများတွင် လူကုန်ကူးမှုများ၊ မြန်မာစစ်တပ်အပြင် သူပုန်တပ်များ၏ အမျိုးသမီးများအပေါ် ကျူးလွန်မှု များရှိပြီး အနီးဝန်းကျင်ရှိ အမျိုးသားရဲတပ်ဖွဲ့ဝင်များ၏ အန္တရာယ်ပြုမှုများကလည်း အမျိုးသမီးများအပေါ် ရင်းရင်းနှီးနှီး ဝန်ဆောင်မှုပေးရေးကို အခက်အခဲဖြစ်စေပါသည်။ ၎င်းတို့အပေါ် နေ့စဉ်ခွဲခြားဆက်ဆံ ခံနေရမှုများကိုလည်း အလွယ်တ ကူ သိရှိနိုင်ပါသည်။
အထက်ပါပြဿနာများကို ရင်ဆိုင်ရန် အာဏာပိုင်များအား ဝေဖန်ရန်လိုအပ်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်း ငယ်ကဆိုလျှင် ထိုသို့ဝေဖန်လျှင် ထောင်ဒဏ်နှစ်ရှည် သို့မဟုတ် ထိုထက်ဆိုးရွားစွာ အပြစ်ပေးခံရနိုင်ပါသည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်ကဆိုလျှင် ထိုသို့သော ကွန်ဖရင့်မျိုးကို စိတ်ကူးထဲတွင်ပင် ထည့်နိုင်လိမ့် မည်မဟုတ်ပေ။
အဆိုပါ ဖိုရမ်ကျင်းလာရခြင်းအတွက် အကြောင်းများမှာ မြန်မာနိုင်ငံသည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာ နေပြီး၊ စစ်တပ်က ၎င်း၏ချုပ်ကိုင်မှုကို လျော့ချနေကာ ဝေဖန်မှုများကို နားထောင်ရန်ခွင့်ပြုလာခြင်းကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ဗဟိုပြုသော အကြီးဆုံးပင်မအဖွဲ့ကြီးနှစ်ခုမှာ မြန်မာနိုင်ငံအခြေစိုက် Women Organization Network နှင့် ထိုင်းနိုင်ငံတွင် အခြေစိုက်သော Woman’s League of Burma တို့ ဖြစ်ပါသည်။
အဆိုပါ ကွန်ဖရင့်သည် အစိုးရအား ဝေဖန်သော ပြည်ပရောက်အဖွဲ့များမှ အဖွဲ့ဝင်များကို တိုင်းပြည်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်းအတွက်လည်း မှတ်တမ်းတစ်ခု ဖြစ်ပါသည်။
အဆိုပါ အုပ်စုများ၏ အဆိုအရ အမျိုးသမီးများ၏ ရပိုင်ခွင့်များအတွက် ခြိမ်းခြောက်မှုများတွင် အင်စတီကျူးရှင်း ဆိုင်ရာ စိန်ခေါ်မှုများမှစ၍ လိင်မှုဆိုင်ရာ စော်ကားမှုများအထိ ပါဝင်ပါသည်။ အင်စတီကျူးရှင်းဆိုင်ရာ စိန်ခေါ်မှု များတွင် လွှတ်တော်၊ ရဲတပ်ဖွဲ့များနှင့် တရားရုံးများတွင် အမျိုးသမီးများ အနည်းငယ်သာ ပါဝင်ခွင့်ရခြင်းများ ပါဝင်ပါသည်။ ထို့အပြင် ဗဟိုအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်တစ်ဒါဇင်သာသာနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ဆွေးနွေးမှုများမှာ အားကြီးသော အမျိုးသားများကြားတွင်သာရှိပြီး၊ အမျိုးသမီး များ၏ ပါဝင်ခွင့်ရမှု နည်းပါးနေသည်ဟု အမျိုးသမီးများက ခံစားရပါသည်။
ရန်ကုန်မှ အနည်းငယ်မျှသာရှိသော အမျိုးသမီးနိုင်ငံရေးသမားများတွင် အပါအဝင်ဖြစ်သော ဒေါက်တာ ညိုညိုသင်းက ပြောကြားရာတွင် အမျိုးသမီးများသည် ၎င်းတို့အပေါ် စော်ကားမှုများကို တိုင်ကြားရန် ခဲယဉ်းကြ ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ဖွင့်ဟ ပြောပြရန် အမျိုးသမီးရဲမေ ရှားပါး၍ဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် အမျိုးသမီးဆရာဝန်၊ ရှေ့နေနှင့် တရားသူကြီးများ နည်းပါးလှပါသည်။ ထို့ကြောင့် အမျိုးသမီးများ သည် တရားဥပဒေ စနစ်နှင့် ဝေးကွာသွားကြပါသည်။
ထိုသို့ဖြစ်ရခြင်းများသည် ဆင်းရဲလှသော နိုင်ငံတွင် နေ့စဉ်လူမဆန်စွာ ပြုမူဆက်ဆံမှုများ စုပေါင်းလာခြင်း အကြောင်း ဖြစ်ပါသည်။
“ဝေးလံတဲ့ ရွာတစ်ရွာက အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီဆိုပါစို့။ ဒါကို တိုင်ကြားဖို့ အနီးဆုံးရဲစခန်း ရှိတဲ့နေရာကို နာရီနဲ့ချီပြီး လမ်းလျှောက်ရမယ်။ ပြီးရင် အမျိုးသားရဲအရာရှိကို ဖြစ်ပျက်ခဲ့တာ ပြောပြရမယ်။ တစ်ခါ ရဲအရာရှိက အဝေးကြီးမှာရှိတဲ့ ဆေးရုံကို ခေါ်သွားပြီး အမျိုးသားဆရာဝန်ထံမှာ ဆေးစစ်ရမယ်။ အဲဒီ တော့ အစကတည်း က ကိုယ့်ရပိုင်ခွင့်အတွက် အားမရှိတော့ဘူး။” ဟု Dr ညိုညိုသင်း ကပြောပါသည်။
ကျူးလွန်မှုများအတွက် တရားစီရင်ရေးစနစ်ကလည်း ကိစ္စရပ်တစ်ခုဖြစ်ပါသည်။
ဆူဇန်နာလှလှစိုး သည် ကရင်အမျိုးသမီး အုပ်စုတစ်ခုဖြစ်သည့် Karen Women Empowerment Group မှ ဒါရိုက်တာတစ်ဦးဖြစ်ပြီး၊ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ပါသည်။သူသည် ၂၀၁၀ ကတည်းက အစိုးရနှင့် လက်နက်ကိုင် အုပ်စုများကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပိုမိုပါဝင်ခွင့်ရရန် သမ္မတအား ပြောကြားခဲ့သူ တစ်ဦး ဖြစ်ပါသည်။ ကွန်ဖရင့်တွင် ၎င်းက အမျိုးသမီးများအား ၎င်းတို့အပေါ်စော်ကားမှုများနှင့် ပတ်သက်၍ တရားစီရင်မှု ရှိရေးအတွက် ကြောက်ရွံ့ခြင်းမရှိကြရန် ပြောကြားခဲ့ပါသည်။
“ကျုးလွန်သူတွေဟာ သူတို့လုပ်ခဲ့တာတွေကို တာဝန်ယူရပါမယ်။ ဥပဒေရဲ့ အဆုံးအဖြတ်ကို နာယူကြရမှာပါ။” ဟု ၎င်းက ဆိုပါသည်။
သို့သော် တိုင်းပြည်တွင် တိကျသော မှတ်တမ်းများ၊ သတင်းအချက်အလက်များ မရှိသောကြောင့် ပါဝင်တက် ရောက်လာသူတစ်ဦးက အရေးကြီးသော မေးခွန်းတစ်ခု မေးခဲ့ပါသည်။ “အမျိုးသမီးများအပေါ် ကျူးလွန်မှုတွေကို ဘယ်လိုစောင့်ကြည့်ပြီး၊ ဘယ်လိုစုစည်းပေးနိုင်မလဲ။” ဟု မေးပါသည်။
ဖိုရမ်တွင် လွတ်မြောက်သော ခံစားမှုများ ပြည့်နှက်နေသော်လည်း မြန်မာနိုင်ငံ၌ အမျိုးသမီးများကိုယ်စား များစွာ လုပ်ဆောင်ပေးရန် ကျန်ရှိနေပါသေးသည်။
ယခုအချိန်တွင်တော့ အပြောင်းအလဲအတွက် ပွင့်ပွင့်လင်းလင်း တောင်းဆိုမှုသာ ပြုနိုင်ပါသေးသည်။ ဆူဝန်နာ လှလှစိုး က ၎င်း၏ ပြောကြားမှုအပြီးတွင် ကြွေးကြော်သံတစ်ခုတိုင်ပေးရာ အားလုံးက သံပြိုင်လိုက်ဆိုကြပါ သည်။
“No woman, no peace. No woman, no peace” ဟူ၍ ဖြစ်ပါသည်။