Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

ဂျပန်အိမ်ယာကုမ္ပဏီများနှင့် ကားထုတ်လုပ်သူများကို မြန်မာဆွဲဆောင်

(ANI News မှ 12 Nov 2013 ရက်စွဲပါ “Myanmar attracts Japanese housing firms, car manufacturers” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် နိုင်ငံခြားကုမ္ပဏီများအတွက် အခွင့်အလမ်းအသစ်များ ကို ဖွင့်ပေးလျက်ရှိသည်။

အရာရာယိုယွင်းစုတ်ပြတ်နေသော နိုင်ငံသည် ယခုအခါ ပိုကောင်းသော မြို့ပြအခြေခံအဆောက်အဦး စနစ်နှင့် မြန်ဆန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို လှမ်းမျှော်ကြည့်နေပြီ ဖြစ်သည်။

ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ယာဈေးကွက် ဆွေးနွေးပွဲ ကို မကြာသေးမှီကပင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

Embassy of Japan ၏ မစ်ရှင်ဒုတိယ အကြီးအကဲ အီချီဂိုမာရူယာမာ က “ကျွန်တော်တို့ Embassy of Japan နဲ့ ဂျပန်အစိုးရဟာ မြန်မာနိုင်ငံရဲ့အမျိုးသားအဆင့် ဖွံ့ဖြိုးမှုမှာ ပါဝင်ဆောင်ရွက်သွားကြမှာပါ” ဟု ပြောကြားသည်။

Daiwa House Industry Co မှ ပင်လယ်ရပ်ခြားစီးပွားဌာနမှူး ကိုင်ချယိုရှိ က “တရုတ်ပြည်မှာ ကျွန်တော်တို့ လုပ်နေတဲ့ Service apartment လုပ်ငန်းကို ဒီကိုယူဆောင်လာဖို့ ကျွန်တော်တို့ စီစဉ်ပြင်ဆင်နေပါတယ်။ Daiwa House Group ဟာ Fugita Corporation  နဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေး ကုမ္ပဏီအဖြစ် လုပ်ငန်းစတင်နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ ကြီးထွားနေသော ဆောက်လုပ်ရေးနှင့် အိမ်ယာစီးပွားရေးကဏ္ဍအပေါ် အကြီးအကျယ် စိတ်ဝင်စား ကြောင်း ဂျပန်ကုမ္ပဏီများက ပြသခဲ့ကြသည်။

စတင် အကောင်အထည်ဖော်နိုင်မည့် ကဏ္ဍများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း နှစ်နိုင်ငံ ကိုယ်စားလှယ်များက အပြန်အလှန် ဖလှယ်ကြသည်။

Myanmar Kowa International Co Ltd မှ  ဦးနိုင်လင်း က “ဟိုတယ်နဲ့ ကွန်ဒို စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး လာတဲ့ အတွက် ဟိုတယ်နဲ့ ကွန်ဒိုမီနီယမ်တိုင်းမှာ ကောင်းမွန်တဲ့ ရေပူစနစ်ကို လိုအပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ ထဲက တစ်ခုကတော့ မြန်မာနိုင်ငံမှာ အလျှံအပယ်ပေါများနေတဲ့ သဘာဝဓါတ်ငွေ့ကို မြို့တော်အတွင်း ပိုက်လိုင်းစနစ်နဲ့ အသုံးပြုမယ်ဆိုရင် စွမ်းအင်ကို ခြွေတာနိုင်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ စိမ်းလန်းမှု ပိုမိုအကာအကွယ်ပေးနိုင်မယ့် အချက် ပဲဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောကြားသည်။

ဂျပန်ဓါတ်ငွေ့သုံးပစ္စည်းကုမ္ပဏီ Rinnai သည်ဈေးကွက်အတွင်း အသုံးအတည့်ဆုံး ရေပူစက်ကို ထုတ်လုပ်နေ သော ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် စွမ်းအင်ကာမိသော ထုတ်ကုန်များကို အားပေးမြှင့်တင်ကာ ဒေသခံ လူ့အဖွဲ့အစည်း တွင် ပါဝင်လုပ်ဆောင်ရန် စီစဉ်နေပါသည်။

Rinnai Corporation မှ အလုပ်အမှုဆောင်အရာရှိ ယူဇိုယိုရှီဒါ က “မြန်မာနိုင်ငံဟာ စွမ်းအင်ပြဿနာကို ရင်ဆိုင် နေရတုန်းပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီနိုင်ငံမှ စွမ်းအင်ကာမိတဲ့ ထုတ်ကုန်တွေ မိတ်ဆက်ပေးဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ လျှပ်စစ်ရေပူစက်ကို သုံးနေတယ်ဆိုရင် ကျွန်တော်ကတော့ ဒီဓါတ်ငွေ့ စနစ်အတွက် ခပ်ကြီးကြီးတိုင်ကီ တစ်လုံးကိုပဲ ပိုပြီးညွှန်းချင်ပါတယ်။ ဓါတ်ငွေ့သုံးစွဲမှု ထက်ဝက်လျှော့ကျသွားပါလိမ့်မယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ လတ်လတ်ဆတ်ဆတ် မော်တော်ကားဈေးကွက်ကလည်း မော်တော်ကား တပ်ဆင်ထုတ်လုပ်ရေး စက်ရုံထောင်ရန် စီစဉ်နေသော ဂျပန် Nissan Mortor ကို ဆွဲဆောင်လျက်ရှိသည်။

Nissan Mortor ၏ ဥက္ကဌ Carlos Ghosn သည် မကြာသေးမှီကပင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တွေ့ဆုံကာ အနာဂတ် အစီအစဉ်များ ဆွးနွေးခဲ့သည်။

Carlos Ghosn က ပဲခူးတွင် စီးရေ ၁၀ ၀၀၀ တပ်ဆင်နိုင်မည့် စက်ရုံထူထောင်ရန် စီစဉ်နေပြီး ရှေးဦးစွာ အလုပ် အကိုင် ၃၀၀ ခန့် ဖန်တီးပေးမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အသေးစိတ်ပြောကြားသည်။

၎င်းက ဆက်လက်၍ “၂၀၁၅ ခုနှစ်မှာ ကနဦးအလုပ်သမား ၃၀၀ လောက်နဲ့ အမှန်တကယ်လုပ်ငန်း စတင်တော့မှာ ဖြစ်ပါတယ်။ ဒီ စက်ရုံကို လက်တွဲတည်ဆောက်ဖို့ မြန်မာအစိုးရဆီက သဘောတူညီချက်ရရှိပြီးတော့ Nissan ဟာ ပထမဆုံး ကား ထုတ်လုပ်သူဖြစ်လာပြီလို့ ဂုဏ်ယူစွာ ပြောကြားလိုပါတယ်။ ဒါဟာ ပထမဆုံး အဆင့်ပါ။ အင်မတန် အရေးကြီးပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဒီကနေ့ မြန်မာဈေးကွက်ဟာ တစ်နှစ်ကို ကားစီးရေ ၁၂၀ ၀၀၀ လောက် အရောင်းအဝယ် ဖြစ်နေ ပါတယ်။ လက်တွေ့အားဖြင့် ဒါတွေအားလုံး သုံးပြီးသားကား တွေပါ။ ၉၅ ရာခိုင်နှုန်းဟာ အသုံးပြုပြီးသား ကားဟောင်းတွေ ဖြစ်ပြီးတာ့ ကျန်တာကတော့ အသစ်တင်သွင်း လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်းဈေးကွက် သက်သက်မဟုတ်ပါဘူး။ အရှေ့တောင်အာရှမှာ အလားအလာအကောင်းဆုံး ဈေးကွက်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှာ အလားအလာ အကောင်းဆုံး ဈေးကွက်တွေထဲက တစ်ခုလို့လည်း သေချာပေါက် ပြောနိုင်ပါတယ်” ဟု ပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်လုပ်မည့် Nissan ကားသည် လူကြိုက်များသော Sunny ဆီဒင်ကား အမျိုးအစား ဖြစ်မည်ဟု သိရှိရပြီး Tan Chong Motor Group နှင့် ပူးပေါင်းထုတ်လုပ်ခြင်း ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment