ဘာသာပြန်သတင်းများ (၂)
မြန်မာနှင့်မြောက်ကိုရီးယားတို့၏ချိတ်ဆက်မှု
(Japan Times မှ 11 Nov 2013 ရက်စွဲပါ Myanmar-North Korea Link ကိုဘာသာပြန်ဆိုသည်)
တစ်ချိန်က အပယ်ခံဖြစ်ခဲ့သည့် မြန်မာနိုင်ငံတွင် ဂျပန်နှင့် ဂျပန်ကုမ္ပဏီကြီးများ၊ အမေရိကန်နှင့် ဥရောပ ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာချိန်တွင် “စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအုပ်ချုပ်ရေး စနစ်သို့ စတင်ပြောင်းလဲခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် မည်မျှအတိုင်းအတာအထိ အပြောင်းအလဲများ အမှန်တကယ် ပြုလုပ်ခဲ့ပြီဖြစ်သနည်း” ဟူသော မေးခွန်းကို မေးသင့်ပါသည်။
မြန်မာနိုင်ငံ မည်၍မည်မျှ ပြောင်းလဲခဲ့သည်ဟူသော ကိစ္စကို အသာထားပြီး ဂျပန်နှင့် အရှေ့အာရှဒေသနိုင်ငံများ အနေဖြင့်များစွာ စိတ်ဝင်စားသင့်သော အရေးကိစ္စကြီးတစ်ခုကို ဤနေရာတွင် ထောက်ပြလိုပါသည်။ ယင်းမှာ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး အတိုင်းအတာပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တွင် တိုးတက်ဖြစ်ထွန်းမှုများ ဆက်ရှိနေ သော်ငြားလည်း နောက်ဆုံး ကြားသိရသည့် သတင်းပေးပို့ချက်များအရ ပြည်နယ်နှင့်တိုင်း အသီးသီးတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများ ကျန်ရှိနေခြင်းက ပြည်ထောင်စုမြန်မာနိုင်ငံအား ပြဿနာဖြစ်စေလျက် ရှိသည်ဟူသော အချက်မှာ
ရှင်းရှင်းလင်းလင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် လတ်တလော စစ်မက်ပဋိပက္ခများနှင့် အနောက်ဘက် ရခိုင်ပြည်နယ်တွင်း ဘာသာရေးနှင့်လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းများက လူရာနှင့်ချီ၍ သေကျေပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့သလို ထောင်ပေါင်းများစွာသော ရွာသူရွာသားများကိုလည်း အိုးမဲ့အိမ်မဲ့ဖြစ်အောင် ပြုလုပ်ခဲ့သည်။ လူမျိုးရေး ဆိုင်ရာ အဓိကရုဏ်းဖြစ်ခဲ့သည့် နေရာဒေသသည် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော အပန်းဖြေ ကမ်းခြေတစ်ခု ဖြစ်သည့် ငပလီနှင့် များစွာ မကွာဝေးလှသော နေရာတွင်ရှိပါသည်။
အဆိုပါ ပြဿနာများနှင့် အခြားမဖြေရှင်းရသေးသော တိုင်းရင်းသားလူမျိုးစု၊ ဘာသာရေး တင်းမာမှုများသည် မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်ခဲ့သည့် ခေတ်ကာလကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ပြန်လည် လက်စားချေလို မှုများနှင့်အတူ တစ်ဖန်ပေါ်ထွက်လာခြင်းဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စကြီးငယ်တို့တွင် ခိုင်မာမှုရှိသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရေး အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများ(Civil Society) နှင့် တစ်ချိန်က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သော နိုင်ငံများ ကဆက်၍ ဖိအားပေးလျက်ရှိသည်။ သို့တိုင်အောင် ပေါ်လစီမိတ်ကာ (မူဝါဒချမှတ်သူများ) အနေဖြင့် အလေးအနက်ထား အာရုံစိုက်မှု နည်းပါးလျက်ရှိနေသည့် အရေးကိစ္စမှာ မြန်မာနှင့် မြောက်ကိုရီးယားအကြား အတိတ်နှင့် ပစ္စုပန်ကာလမှ စစ်ဘက်ဘက်ဆံရေးပင် ဖြစ်ပါသည်။
ခန့်မှန်းဟောကိန်းထုတ်၍ မရနိုင်သော မြောက်ကိုရီင်္းယား ကွန်မြူနစ်အစိုးရသည် အာရှဒေသတစ်ခုလုံး၏ ငြိမ်းချမ်းမှုရှိသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် လိုရာသုံးနိုင်သော ဖဲချပ်တစ်ချပ်သဖွယ် ဖြစ်လာပေရာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ဘက်ဆက်ဆံရေး၊ နျူကလီးယား၊ ဇီဝ၊ ဓာတုနှင့် ဒုံးကျည်ဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ ကြီးမားသည့် ပွင့်လင်းမြင်သာမှု ရှိလာစေရန် နည်းလမ်းရှာဖွေသင့် ပေသည်။
ယခင် အမေရိကန်ဆီးနိတ်၏ နိုင်ငံခြားရေးရာကော်မတီမှ စီနီယာအဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်သူ Keith Luse က ဝါရှင်တန်မြို့ Heritage Foundation တွင် မိန့်ခွန်းပြောကြားရာ၌ မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး နှင့်ပတ်သက်၍ ကြီးမားသော ပွင့်လင်းမြင်သာမှု များရှိစေရန် တိုက်တွန်းဆော်သြခဲ့သည်။ ထို့နောက် ယင်းကိစ္စအပေါ် Keith Luse က သူ၏ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုပြီး အာရှဒေသမှ ပေါ်လစီမိတ်ကာများ အနေဖြင့် ထည့်သွင်း စဉ်းစားသင့်သော အချက်ပေါင်း ၁၀ ချက်၊ တစ်နည်းအားဖြင့် အဖြေရှာကြရမည့် မေးခွန်း ၁၀ ခုကို ထုတ်ပြ သည်။
ယင်းတို့မှာ---
၁။ လွန်ခဲ့သော ၁၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ မြောက်ကိုရီးယား နည်းပညာရှင်များနှင့် အရာရှိများ ဝင်ရောက် လုပ်ကိုင်ခဲ့သော စစ်ဘက်ဆိုင်ရာနှင့် အခြားစီမံကိန်းများနှင့် ပတ်သက်သည့် စာရင်းဇယား အပြည့်အစုံမှာ မည်သည့် အရာ ဖြစ်သနည်း။
၂။ မြောက်ကိုရီးယားတို့ လုပ်ကိုင်ခဲ့သော သို့မဟုတ် လုပ်ကိုင်လျက်ရှိသော မည်သည့် စီမံကိန်း၊ သို့မဟုတ် အထောက် အပံ့ ပစ္စည်းပစ္စယတို့က မြန်မာနိုင်ငံ၏ ဒုံးကျည်အစီအစဉ်၊ နျူကလီးယားအစီအစဉ် သို့မဟုတ် နှစ်ရပ်စလုံးတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း၊ သို့မဟုတ် ပါဝင်လျက်ရှိသနည်း။
၃။ မြန်မာနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ် ဖွံ့ဖြိုးမှုတွင် မြောက်ကိုရီးယား ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ များက မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။ ဆီးရီးယား နျူကလီးယားအစီအစဉ်ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့မှု ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား ကုမ္ပဏီများသည် ယင်းကုမ္ပဏီများ ပင်ဖြစ်သလော။
၎။ မြောက်ကိုရီးယားနှင့် မြန်မာ စစ်ဘက်ဆက်ဆံရေး အဓိက ကြီးမားကျယ်ပြန့်လာမှုတွင် တရုတ်နိုင်ငံသည် မည်မျှ အတိုင်းအတာအထိ ပူးပေါင်းပါဝင်ခဲ့သနည်း။ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ နှင့် အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းကြောင့် တရုတ်နှင့် မြန်မာစစ်ဘက်ဆက်ဆံရေး မည်မျှအတိုင်းအတာအထိ မြင့်တက်လာခဲ့သနည်း။ လတ်တလောနှစ်များအတွင်း မြောက်ကိုရီးယား နည်းပညာရှင်များနှင့် အလုပ်သမားများသည် တရုတ်နိုင်ငံမှ လေကြောင်းခရီးစဉ် များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည်ဟု Keith Luse ၏အဆိုအရ သိရသည်။ မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားမှတင်ပို့သော စစ်လက်နက်ပစ္စည်းအများစုမှာလည်း တရုတ်နိုင်ငံမှတစ်ဆင့်
ဖြတ်သန်း ဝင်ရောက်လာခြင်း ဖြစ်သည်။
၅။ မြန်မာနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ် ဖွံ့ဖြိုးတိုးတက်မှုတွင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ တရုတ် နိုင်ငံ၏ အခန်းကဏ္ဍက မည်သို့ရှိသနည်း။ မြောက်ကိုရီးယားနိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ကိုင်လျက်ရှိသော တရုတ်မိတ်ဘက်ကုမ္ပဏီများသည် မြန်မာ့နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ ဖွံ့ဖြိုးရေးတွင် အခန်းကဏ္ဍတစ်ရပ်မှနေ၍ ပါဝင်ကောင်းပါဝင်နိုင်ဖွယ်ရှိသည်။ Keith Luse ၏ပြောဆိုချက်အရ မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ် ဖွံ့ဖြိုးရေးတွင် ရုရှားနိုင်ငံက သူ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ထင်သာ မြင်သာ ရှိအောင် လုပ်ကိုင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
၆။ မြန်မာ့နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ကူညီထောက်ပံ့ ပေးခဲ့ သည့် နိုင်ငံများ စာရင်းရှိပါသလား။ အကယ်၍ ဂျပန်ကုမ္ပဏီများထံမှ နည်းပညာများကို နျူကလီးယားနှင့်ဒုံးကျည် အစီအစဉ်အတွက်ရော၊ အခြား အခန်းကဏ္ဍအတွက်ပါ အသုံးပြုမှုများ ရှိခဲ့မည်ဆိုပါက ဂျပန်နိုင်ငံသည် မရည်ရွယ်ဘဲ အဆိုပါနိုင်ငံများ စာရင်းတွင် ပါရှိသွားမည် ဖြစ်သည်။ ဤအချက်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
၇။ အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် အခြားနိုင်ငံတကာ အသိုင်းအဝိုင်း ကြောင့် မြန်မာစစ်တပ်အပေါ် မြောက်ကိုရီးယား၏ ကူညီထောက်ပံ့မှု မည်မျှအတိုင်းအတာအထိ ရှိခဲ့သနည်း၊ ယင်းနိုင်ငံနှင့် ပူးပေါင်း၍ မြန်မာစစ်တပ်၏
စွမ်းဆောင်ရည် မည်မျှအတိုင်းအတာအထိ ကြီးမားမြင့်တက်လာသနည်း။
၈။ မြောက်ကိုရီးယားက မြန်မာနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ၊ လက်နက်များ၊ ရေငုပ်သင်္ဘောဖြစ်စေ၊ ကာကွယ်ရေးဆိုင်ရာ ရေဒါစနစ်ဖြစ်စေ ထောက်ပံ့ပေးခဲ့သည့်စာရင်း၊ သို့မဟုတ် ထောက်ပံ့ပေးရန် စီစဉ် ဆောင်ရွက် လျက် ရှိသည့် စာရင်းအပြည့်အစုံ။
၉။ မြန်မာနိုင်ငံတွင်း မြောက်ကိုရီးယား ဘက်ပေါင်းစုံ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီများ အခြေစိုက် လုပ်ကိုင်မှုများရှိ သလော။ မြောက်ကိုရီးယား၏ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပြန့်ပွားရေး လုပ်ကိုင်ဆောင်ရွက်မှုများအတွက် မြန်မာနိုင်ငံတွင် အခြားသောနယ်ပယ်၊ သို့မဟုတ် လမ်းကြောင်းများရှိထားသလော။
၁၀။ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံဆက်ဆံမှုများ တိုးပွားလာချိန်တွင် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေး အဆုံးသတ်ရေး၊ အဆုံးသတ်မည့်ကိစ္စ သို့မဟုတ် ဆက်ဆံမှုကိစ္စအား ထင်သာမြင်သာရှိအောင် ပြုလုပ်ရေး အစရှိ သည် တို့နှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်များ အဘယ့်ကြောင့် တောင်စဉ်ရေမရ ပြောဆိုနေကြရသနည်း။ ဖြစ်နိုင်ခြေ ရှိသည်မှာ “အချိန်သည်ငါတို့ဘက်မှာရှိသည်” ဟူသော သဘောတရားကို မြန်မာခေါင်းဆောင်များ ယုံကြည်နေကြပုံရ သည်ဟု Keith Luse ကဆိုသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် ဂျပန်တို့သည် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆက်ဆံမှုအပေါ် ထားရှိသည့် စိုးရိမ်ပူပန်မှုများကို မျိုသိပ်ကာ မြန်မာနိုင်ငံတွင်း တရုတ် စီးပွားရေး လုပ်ငန်းများ ကြီးထွားနေမှုကို ကပြောင်းကပြန် ဖြစ်စေရန် ဆန္ဒပြင်းနေခြင်း ဖြစ်သည်ဟူသော သဘောတရား မြန်မာခေါင်းဆောင်များ ယုံကြည်နေခြင်း ဖြစ်သည်။
လတ်တလော သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့သည် မြောက်ကိုရီးယား၏ နျူကလီးယားဦးတည်ချက်နှင့် ဒုံးကျည်တီထွင် ထုတ်လုပ်မှုစွမ်းရည်တို့ကို ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင်းမှ နုနယ်သေးသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ တခဏတာ အခွင့်အရေးများကြောင့် မြန်မာနှင့် မြောက်ကိုရီးယားတို့၏ စစ်ဘက်ဆက်ဆံရေး မှန်သမျှနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု၊ တာဝန်ခံယူမှုတို့ လိုအပ်သည်ဟူသော အချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မသိကျိုးနွံ ပြုလုပ် ကြမည်မဟုတ်ဟုသာ မျှော်လင့်ရတော့သည်။ ဂျပန်ဖြစ်စေ၊ ဥရောပဖြစ်စေ၊ အမေရိကန်ဖြစ်စေ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းရှင်များနှင့် အကူအညီပေးရေး အေဂျင်စီများအနေဖြင့် ယှဉ်ပြိုင်မှု အကျိုးအမြတ်(Competitive Advantage) ရရှိရေးအတွက် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကမူးရှူးထိုး ဖြစ်နေကြသည်မှာလည်း လက်သင့်ခံ နားလည်ပေး၍ ရသောအချက်ပင် ဖြစ်ပါသည်။
သို့သော် လူ့အခွင့်အရေးချိုးဖောက်မှုများ သို့မဟုတ် မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေး မှန်သမျှကို ချောင်ထိုးမည့် ကိစ္စများနှင့်ပတ်သက်၍ အခြားနည်းလမ်းတစ်ခုခုဖြင့် ကြိုးပမ်း လုပ်ဆောင်သွားရန် နိုင်ငံတကာအသိုင်းအဝိုင်းကသော် လည်းကောင်း၊ မြန်မာပြည်သူများက သော်လည်းကောင်း စိတ်ဝင်စားကြမည် မဟုတ်ပေ။
ယခုအခါ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌရာထူးကို ရယူတော့မည်ဖြစ်ပြီး ကမ္ဘာ့အသိုင်း အဝိုင်းကလည်း မြန်မာနှင့်ဆက်ဆံရေး ပိုမိုတိုးမြှင့်လျက်ရှိသည်ဖြစ်ရာ မြန်မာခေါင်းဆောင်များနှင့် ပတ်သက်၍ အရေးကြီးသော မေးခွန်းများကို မေးရမည့် အချိန်တန်ပြီ ဖြစ်ပါသည်။ မေးခွန်းကိုလည်း Keith Luse ၏ မေးခွန်း ၁၀ ခုနှင့်သာ စတင်မေးမြန်းသင့်ပါသည်။