Transparency Myanmar

transparency.myanmar@gmail.com

Interview
Document Interview

Snapshot of the item below:
Interview

*

*

၂၆.၁.၂၀၁၃

တွေ့ဆုံမေးမြန်းခန်း

(ပြည်တွင်း၊ ပြည်ပ မီဒီယာများမှဖော်ပြပြီး အင်တာဗျူးများကို ပြည်သူများ သိစေရန်အလို့ဌာ Yangon Chronicle မှ ပြန်လည် တင်ပြအပ်ပါသည်။ ယခုအင်တာဗျူးသည် Yangon Media Group မှ ကူးယူဖော်ပြပါသည်။)

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အင်တာဗျူး

(ဝေမာသိမ့်တွေ့ဆုံမေးမြန်းသည်)

by Yangon Media Group on Friday, January 25, 2013 at 11:58am

Photo Credit: AP

နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က လဂျားယန်ဒေသအား ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်ကာ စစ်ရပ်ဆိုင်းမည်ဟူသည့် အချက်ပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ဇန်န၀ါရီလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့နောက် KIO/ KIA ဘက်မှလည်း ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင် လဂျားယန်ဒေသတွင် သာ စစ်ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်အနှံ့တွင် စစ်ရေးလှုပ်ရှားမှုများ လျှော့ချရန် သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇန်န၀ါရီလ ၁၉ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO အား တွေ့ဆုံညှိနှိုင်း ဆွေးနွေးရန် ကမ်းလှမ်းသည့်စာကို ပေးပို့ခဲ့ ပြီး ဇန်န၀ါရီလ ၂၀ ရက်တွင် KIO ဘက်မှ ၎င်းတို့နှင့် သီးခြားဆွေးနွေးမှုမလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)နှင့်သာ ဆွေးနွေးသွားရန် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင်လည်း လဂျားယန်ဒေအပါအ၀င် ကချင်ပြည်နယ် အနှံ့အပြားတွင်လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာရှိသည့် ဒေသတွင်လည်းကောင်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေကြောင်း အကျိုးတော်ဆောင်များ၏ အဆိုအရသိရသဖြင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် နှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဆောင်ရွက်မည့် အနေအထားများ၊ လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေ၊ လက်ရှိတပ်မတော်၏ သဘောထား များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသည်။

မေး - ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်တဲ့ KIO အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် ဘယ်လို သဘောထားမျိုှးရှိပါသလဲ။ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ပဲဖြစ်ဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ UNFC တို့ တွေ့ဆုံသွားဖို့ရှိပါသလား။

ဖြေ - ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေနဲ့ KIO အဖွဲ့ရဲ့ ပြန်ကြားချက်အပေးမှာမူတည်ပြီး လုပ်ငန်းကော်မတီရဲ့ သဘော ထားနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ် တွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မပြောနိုင်သေးပါဘူး။ ကျွန်တော် တစ်ဦးတည်း သဘောထားနဲ့ ပြောရရင်တော့ အခုအရေးအကြီးဆုံး အလုပ်က တိုက်ခိုက်မှုအရှိန်တွေကို လျှော့ချပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ရမယ့် အခြေအနေ ကောင်းကို ဖော်ဆောင်ဖို့၊ ပဋိပက္ခကြားမှာ ဒုက္ခ ရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက် စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေ အောင် ဆောင်ရွက်ဖို့က အရေးအကြီးဆုံးလို့ ထင်ပါတယ်။ အဲဒါတွေကိုလုပ်နိုင်ဖို့က ပဋိပက္ခမှာ တိုက်ရိုက်ပါဝင် နေတဲ့ နှစ်ဖက်တွေ့တာက အကောင်းဆုံး ဖြစ်မယ်လို့ထင်ပါတယ်။ ထိုင်းနယ်စပ်မှာရှိနေတဲ့ UNFC က ပုဂ္ဂိုလ် တွေအနေနဲ့ မြေပြင်အခြေအနေကို မသိနိုင်သလို အဆုံးအဖြတ်ပေးနိုင်မယ့် အခြေ အနေလည်း မရှိပါဘူး။ သမ္မတကြီးကလည်း ငြိမ်းချမ်းရေးထပ်မံ ကမ်းလှမ်းချိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုမိမိ ခုခံဖို့ကလွဲရင် ပစ်ခတ်တိုက်ခိုက်တာမျိုး မလုပ်ပါဘူးလို့ ထပ်မံအတည်ပြု ပြောချိန်မှာ ကေအိုင်အိုဘက်က အခုလို တုန့်ပြန်တဲ့အပေါ် အတော် အံ့သြမိပါတယ်။ သူတို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆန္ဒမရှိဘူးလားလို့လဲ စိုးရိမ်မိပါတယ်။

 မေး -  KIO ရဲ့ သတင်းထုတ်ပြန်ချက်အရ လက်ရှိမှာလဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ သိရပါ တယ်။ လဂျားယန်ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်နေ တယ်ဆိုတဲ့ အပေါ် ဘာများပြောလိုပါသလဲ။ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်အရေးအပေါ် ဘယ်လို မူဝါဒ တွေ ချမှတ်သွားနေပါသလဲ။

ဖြေ - တပ်မတော်ဘက်က ကချင်ပြည်နယ်သာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွေအပါအဝင် မိမိကိုယ်မိမိ ခုခံကာကွယ် တာကလွဲပြီး ပစ်ခတ် တိုက်ခိုက် မှု မလုပ်ပါဘူးလို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထပ်မံအတည်ပြုပြောခဲ့သလို လဂျားယန်မှာ ဖြစ်နေတဲ့ စစ်ရေးလှုပ်ရှားမှုများကိုလည်း ဇန်နဝါရီလ(၁၉) ရက် နေ့ မနက်ကစတင်ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်မှာပဲ ကေအိုင်အေ တပ်ဖွဲ့များက ဖားကန့်မြို့နယ်က ကာမိုင်းရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး ရသလို ဗန်းမော်- လွယ်ဂျယ်ကားလမ်းမှာလည်း အရပ်ကား ၃ စီးကိုမိုင်းခွဲတိုက်လို့ ၂၂ ဦး ဒဏ်ရာ ရပါတယ်။ လဂျားယန်ဒေသဘက်မှာလည်း တပ်မတော်စခန်းကို လာရောက်နှောင့်ယှက် ပစ်ခတ်မှုတွေရှိတယ်လို့ သတင်းတွေရပါတယ်။ ဒီလိုလာရောက် တိုက်ခိုက်တာမျိုးဆိုရင်တော့ ခုခံကာကွယ်ပစ်ခတ်မှုတွေ လုပ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ စစ်ကြောင်းချီပြီး ကေအိုင်အေ စခန်းများကို ထိုးစစ် ဆင် တိုက်ခိုက်မှုမရှိပါဘူး။ ကေအိုင်အေဘက် ကလည်း အဲသလိုသာ လိုက်နာမယ်ဆိုရင် တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်သွား မယ်လို့ထင်ပါတယ်။

မေး - နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားမှုတွေကို တပ်မတော်က လိုက်နာမှုမရှိဘူးလို့ ဝေဖန်ပြောဆို နေတာတွေလည်း ရှိပါတယ်။ အဲဒါကရော မှန်ပါ သလား။

ဖြေ - တပ်မတော်ဟာ ကွပ်ကဲမှုအဆင့်ဆင့်နဲ့ စနစ်တကျ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိက စမတိုက် ရဘူးဆိုရင် အဲဒီ့အတိုင်း အတိအကျ လိုက်နာနေပါတယ်။ ဒီလိုလိုက်နာတဲ့အတွက်လည်း ပဋိပက္ခအစပိုင်းမှာ တပ်မတော် တပ်ဖွဲ့များကို ကေအိုင်အေဘက်က အခွင့်ကောင်းယူ ချုံခိုတိုက်ခိုက် တာတွေ ရှိခဲ့ပြီး ထိခိုက်မှုတွေတောင် ရှိခဲ့ပါတယ်။ အခုလည်း တပ်မတော်က သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာနေပါတယ်။ ကေအိုင်အေဘက်ကတော့ တချို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်ပြီး ဗဟိုကမသိဘူး။ အောက်ခြေက လုပ်တာဖြစ်မယ်လို့ ပြောနေတော့ သူတို့ အနေနဲ့ အောက်ခြေတပ်ဖွဲ့တွေကို ကွပ်ကဲနိုင်ရဲ့လားလို့ မေးစရာဖြစ်နေပါတယ်။

မေး - မီဒီယာတွေမှာ KIO ဘက်က ကချင်အကျိုးတော်ဆောင်တွေဘက် ပြန်လည်ဖြေကြားမှုတွေကို မကြာမဏ တွေ့ရပါတယ်။ ကျွန်မတို့ကိုယ်တိုင် ကချင်ကငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ လွယ်လွယ်ကူကု ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုတွေ၊ ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေတာ တွေရှိနေတဲ့ အတွက် မီဒီယာတွေက မျှမျှတတသတင်း ဖော်ပြနိုင်ဖို့ တပ်မတော်ဘက်ကသော်လည်းကောင်း၊ အစိုးရအဖွဲ့ကသော် လည်းကောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဘက်ကသော်လည်းကောင်း၊ ကချင်ပြည်နယ်အရေး နဲ့ပတ်သက် ပြီး အခြေအနေတွေကို သိရှိနိုင် ဖို့ ဖြေကြားပေး စေလိုပါတယ်။ အခုလက်ရှိမှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အခုပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းမှာ ကချင်ပြည်နယ်က အခြေအနေများနှင့်ပတ်သက်ပြီး သတင်းတွေ ပိုပြီးထုတ်ပြန် ပေးနေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော်မတီကလည်း ထုတ်ပြန်ပေးသွားပါလိမ့်မယ်။ သို့သော် ဆွေးနွေးမှုအချို့ အဆင့် တွေမှာတော့ အခြေအနေအရ အချိန်မတိုင်ခင် ထုတ် ပြောလို့ မရ နိုင်တာမျိုးတော့ ရှိပါတယ်။

မေး - ကချင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုသည်များ ရှိရင် ပြောကြားပေး စေလိုပါတယ်။

ဖြေ - ယနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ KOI/ KIA လက်နက်ကိုင် ပဋိပက္ခသာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို အချို့နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ မီဒီယာမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေက ကချင်စစ်ပွဲလို့သုံးနေတာ မသင့်တော်ဘူးလို့ထင်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကချင်တိုင်းရင်းသားတွေကို တိုက်ခိုက် နေတာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်အရေးဟာ လွတ်လပ်ရေးမရမီ ကချင်ပြည်နယ် နယ်နမိတ်ကို ဘယ်လို သတ်မှတ်မလဲ ဆိုတာကစပြီး အခုအချိန် အထိရှုပ်ထွေး နက်နဲတဲ့ တိုင်းရင်းသားလူမျိုးစုများအရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေတွေ ပါဝင်ပတ်သက် နေတာဖြစ်တဲ့အတွက် လက်ရှိအခြေအနေ တစ်ခုတည်းကိုပဲကြည့်ပြီး သုံးသပ်လို့ မရပါဘူး။ ဆက်စပ်ပတ်သက် နေတဲ့အကြောင်း အချက်တွေအားလုံး သုံးသပ်ပြောဆိုကြစေ ချင်ပါတယ်။ အဲဒါမှ အဖြေမှန်ကို ရနိုင်မယ်လို့ထင်ပါတယ်။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၆.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“မနှစ်ကတော့ ရင်းနှီးမြှုပ်နှံသူတွေအများကြီးဟာ လက်တွေ့လေ့လာမှုတွေ လုပ်သွားခဲ့ကြတာကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ကျွန်တော်တို့နဲ့ပိုပြီး အကျွမ်းတဝင်ဖြစ် လာပြီး ရင်းနှီးမြှုပ်နှံမှုတွေမြင့်တက်လာပါလိမ့်မယ်။”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် Favourite News Journal အမှတ် ၃/၁၈၅ တွင်ပါရှိသော “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၅ ဘီလီယံလောက် လာမယ်။ ဆွတ်ဇာလန်နိုင်ငံရောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် အင်တာဗျူး” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------

“အစိုးရနဲ့ အမေရိကန်ပြည်ထောင်စုလိုဖွံ့ဖြိုးမှုမိတ်ဖက်တွေရဲ့ တူညီတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ပေးအပ်မယ့် ဖွံ့ဖြိုးရေးအကူအညီတွေကို ထိရောက်မှု အမြင့်မားဆုံးဖြစ်အောင်ကြိုးပမ်းဖို့ကို ဒီသဘောတူညီချက်မှာ ဖော်ပြထားပါတယ်။ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ခံမှုရှိရေးနဲ့ မြန်မာပြည်သူအားလုံးပါဝင်နိုင်ရေးတို့ရဲ့ အဓိကသဘောတူညီချက်တွေထဲမှာ အလေးပေးထားတာကိုအမေရိကန်ပြည်ထောင်စုက အထူးတလည်ကျေနပ်အားရမိပါတယ်။”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် Favourite News Journal အမှတ် ၃/၁၈၅ တွင်ပါရှိသော “ဖွံ့ဖြိုးရေးဖိုရမ် ဘောတူညီချက်ကို ချီးကျူးတယ်။ မြန်မာပြည်ကိုပေးတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ထိရောက်မှုမြင့်မားမယ်” သတင်းမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဒဲရစ်မစ်ချဲလ် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------

“အဂတိလိုက်စားမှုများတဲ့ နိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမလာဘူး။ လူတစ်စုရဲ့ လက်ထဲရောက်သွားမှာဆိုးလို့ ဆင်းရဲတဲ့ နိုင်ငံ ၅၀ ထဲမှာ နိုင်ငံခြား ပမာဏ ထောက်ပံ့နိုင်မှု အနည်းဆုံးနိုင်ငံတွေကို အဂတိလိုက်စားမှုကြောင့် မဖြစ်စေချင်ဘူး။ သူတို့ရည်မှန်းတဲ့ လူတွေဆီမရောက်လို့ ဆင်းရဲတဲ့ နိုင်ငံမှာ အဂတိ လိုက်စားမှုများတယ်။”

ဇန်နဝါရီလ (၂၈) ရက်နေ့ထုတ် Street View Journal အတွဲ (၂) အမှတ် (၄) တွင်ပါရှိသော “အစိုးရဝန်ထမ်းလစာနည်းရင် ကုန်ဈေးကြီးရင် အစိုးရဝန်ထမ်းတွေကို လုပ်ကိုင်ခွင့်အများကြီးပေးရင် အဂတိလိုက်စားမှုများ ဖြစ်ပေါ်မည်” သတင်းမှ ဒေါက်တာအောင်ထွန်းသက် ၏ ပြောကြားချက်အားကောက် နှုတ်ချက်။

-------------------------------------------------------

“အခြေအနေကလည်း ဆိုးလာတယ်။ စစ်ပွဲကလည်း IDP တွေက လိုင်ဇာနဲ့တစ်အားနီးတယ်။ အမြောက်တွေ နဲ့ပစ်နေတော့ ကလေးတွေစာသင်ဖို့ အခက် အခဲရှိတယ်။ ကချင်မျိုးနွယ်စုတစ်ချို့တွေလည်း တရုတ်ပြည်ဘက်မှာ ရှိတယ်လေ။ သူတို့လည်ပေမယ့် အဆင်မပြေဘူး။ တရုတ်ခရစ်ယာန်သာသနာ အဖွဲ့က လာပြီးတော့ ဆေးကုပေးတာတွေတော့ရှိတယ်။ လိုင်ဇာအနားက IDP နားနေရာထိသွားလို့ရတာပေါ့။ တရုတ်အစိုးရကတော့ ဘာမှလုပ်ပေးတာ မရှိဘူး။ ပိုပြီးတော့ သွေးခွဲလို့ဖြစ်သွားတာပေါ့။ တရုတ်အစိုးရက အကူအညီမပေးတဲ့အပြင် ပိုပြီးတော့ သွေးခွဲသလိုဖြစ်သွားတယ်။ ဝင်ခွင့်၊ သွားတွေ့ခွင့် မပြုတဲ့အတွက်”

ဇန်နဝါရီလ (၂၈) ရက်နေ့ထုတ် Street View Journal အတွဲ (၂) အမှတ် (၄) တွင်ပါရှိသော “တရုတ်နိုင်ငံအတွင်း UNHCR ရုံးဖွင့်ကာ ကချင် ဒုက္ခသည်များကို ကူညီခွင့်ရရန် အမေရိကန်ကို ကချင်လူမျိုးများတောင်းဆို” သတင်းမှ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး၏ တာဝန်ရှိသူ မဆိုင်းဇင် ၏ပြောကြားချက်အားကောက် နှုတ်ချက်။

-------------------------------------------------------

“ကချင်နဲ့ပတ်သက်လို့ဒီဘက်က ကမ်းလှမ်းထားတာ။ သူတို့ဘက်က သဘောထားဘယ်လိုရှိလဲ။ အခုက အမြောက်လည်းမပစ်၊ လေယာဉ်လဲမသွားတော့ ဘူးလေ။ ဒါပေမယ့် အောက်မှာတပ်တွေက ရှုပ်နေတော့ အဲဒီက တပ်မှူးငယ်တွေက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုပျက်တော့ ခေါင်းပေါ် တာနဲ့ပစ် ၊ခေါင်းပေါ်တာနဲ့ပစ်ဆိုတော့ တိုက်ပွဲလေးတွေ ကျန်သေးတာပေါ့။ အဲဒါလည်း ဒီတစ်ရက်၊ နှစ်ရက်ဆို ပြီးသွားမှာပဲလေ။ ကျွန်တော်မှန်းကြည့် တယ် ဒီတစ်ရက် နှစ်ရက်ဆိုပြီးသွားမယ်။ ပြီးသွားပြီးရင် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့အတွက် သူတို့ကလည်း နိုင်ငံရေးဆွေးနွေးပွဲလုပ်ချင်တယ်ဆိုတော့ စားပွဲ ဝိုင်းကို ရောက်အောင်ခေါ်မှာပေါ့။”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၄) အမှတ် (၁၆) တွင်ပါရှိသော “ပြည်ထောင်ဖု ဝန်ကြီးဦးအောင်မင်း KIO နှင့် ဆွေးနွေးသွားမည်ဟုဆို” သတင်းမှ ဦးအောင်မင်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

  **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၆.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်ပါ စာသားအချို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကန့်ကွက်
  2. ပြည်တွင်းပဋိပက္ခများရှိသော်လည်း ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငါး ဘီလီယံထိခန့်မှန်း
  3.  ရည်ရွယ်ချက်တူသည့်တွက် အလုပ်သမားအရေးဆောင်ရွက်သူများ ပူးပေါင်း၍ကွန်ယက်ဖွဲ့
  4. ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားလွတ်လပ်သည့်အဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းမည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်ပါ စာသားအချို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကန့်ကွက်

                ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ကချင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော စစ်ပွဲများနှင့် ပက်သက်၍ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာချက်နှင့်ပတ်သက်ပြီး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ပြန်လည်ကန့်ကွက်ကြောင်းသတင်း ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာမီဒီယာများနှင့် အန်ဂျီအိုများ၏ သတင်းများ ကိုအခြေခံ၍ မြန်မာ့တပ်မတော်ကသာ ကေအိုင်အေ ဌာနချုပ် အနီးတဝိုက်တွင် ထိုးစစ် ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ၎င်းတို့အနေဖြင့် ကန့်ကွက်ကြောင်းနှင့် ကေအိုင်အို၏ အပစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် များကို မှုဖော်ပြမှုမရှိခြင်းစသည့် အချက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမား အနေဖြင့်ပင်မြန်မာဟု တလေးတစား ခေါ်ဆိုနေ သည့် အချိန်တွင်အမေရိကန်သံရုံ၏ ကြေညာချက်တွင် မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုခြင်းကြောင့် အမေရိကန်သံရုံးအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှု တို့ကိုထိပါးစေမည့် လုပ်ရပ်များကို နောင်တွင်ပြုလုပ်မည်မဟုတ်ဟု မျှော်လင့်ပါကြောင်းကိုထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို လက်နက်ကိုင် တပ်ဖွဲ့များသာမက နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်းထပ်လောင်းဖော်ပြထားသည်။

နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း အပစ်အခက် ရပ်စဲမှု မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးမှုကို ပြုလုပ်သွားမည် ဖြစ် ကြောင်းကို ဇန်နဝါရီလ ၂၅ ရက် နေ့တွင်ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်သိန်းက ပြောကြားခဲ့သည်။

------------------------------------------------------

ပြည်တွင်းပဋိပက္ခများရှိသော်လည်း ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငါး ဘီလီယံထိခန့်မှန်း

Photo: internet

မြန်မာနိုင်ငံတွင် လူမျိုးရေးတင်းမာမှုများနှင့် တိုင်းရင်းသားပဋိပက္ခများရှိသော်လည်း ယခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည်အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆွစ်လန်နိုင်ငံ ဒါးဗိုစ့်မြို့တွင်ပြုလုပ်သည့် ကမ္ဘာ စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများသည် လက်တွေ့လေ့လာမှုများကို ယခင်နှစ်များကလာရောက် လေ့လာခဲ့ကြောင်း၊ ထို့ကြောင့်နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ငါး ဘီလီယံ အထိ မြင့်တက် လာမည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆက်သွယ်ရေး ကဏ္ဍတွင်လည်း သီးခြားလွတ်လပ်သည့် အော်ပရေးတာ လုပ်လိုသော ကုမ္ပဏီ နှစ်ခုနှင့် ဖက်စက် လုပ်လိုသော ကုမ္ပဏီနှစ်ခုကို ခေါ်ယူရာတွင် နိုင်ငံတကာမှ သီးခြားလွတ်လပ်သည့် အကြံပေး အဖွဲတစ်ခုကိုတာဝန် ပေးထားကြောင်းသိရသည်။

နိုင်ငံတကာနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြေလျော့မှုများ၊ စီးပွားရေး တံခါးဖွင့်ပေးမှုများကြောင့် မြန်မာနိုင်ငံတွင် ပြည်ပမှ ရင်းနှီး မြှုပ်နှံလျက်ရှိ သောလုပ်ငန်းများမှာ ဟော်တယ်နှင့်ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာလုပ်ငန်းနှင့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွင်ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ထိုသိုရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်ပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင် ခဲ့ ကြောင်းသိရသည်။

-----------------------------------------------------------------

 ရည်ရွယ်ချက်တူသည့်တွက် အလုပ်သမားအရေးဆောင်ရွက်သူများ ပူးပေါင်း၍ကွန်ယက်ဖွဲ့

မြန်မာနိုင်ငံတွင် အလုပ်သမားရေးရာ ကိစ္စများဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၂ ခုသည် လုပ်နည်း လုပ်ဟန်များကွဲပြားသော်လည်း အလုပ် သမားအရေးကိစ္စများ ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်များ တူညီသည့် အတွက်ကြောင့် အဖွဲ့များပူးပေါင်း၍ အလုပ်သမားကွန်ယက်ကို ယခုလအတွင်း ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

အလုပ်သမားအငြင်းပွားမှုကို တရားမျှတစွာဖြေရှင်းရေးနှင့် အလုပ်သမားအဖွဲ့အစည်းများထူထောင်ရာတွင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးရန် စသော ကိစ္စများကို တစ်ဖွဲ့ခြင်းဖြေရှင်းခြင်းထက် အဖွဲ့လိုက်စုပေါင်းဖြေရှင်းပါက ပိုမိုထိရောက်စွာဖြေရှင်း နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းကို အလုပ် သမား အရေးဆာင်ရွက်နေသူ ရှေ့နေဦးဌေး က ပြောကြားကြောင်းသိရသည်။

အလုပ်သမားများ ဖြစ်ပေါ်နေသော ပြသာနာများနှင့် ပတ်သက်၍ အလုပ်သမားများ ဆန္ဒပြခြင်းသည် လုပ်ခလစာ ငွေပြသနာသာမက နောက် ကွယ်တွင်အကြောင်းအရင်း များစွာရှိကြောင်း၊ အလုပ်သမားဆိုင်ရာ ဥပဒေများတွင် လိုအပ်ချက်များ ရှိပါက လွှတ်တော်တွင် တင်းသွင်း ဆွေးနွေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကာ ဥပဒေကို အကောင်အထည် ဖော်သူများမှ မှားယွင်းပါက သက်ဆိုင်ရာအလုပ်ရှင် အလုပ်သမားများနှင့် အလုပ်အကိုင်နှင့် လူမှုဖုံလှုံရေး ဌာနများသို့ တင်ပြပြီး မိမိတို့အဖွဲ့အနေဖြင့်အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် ပတ်သက်ပြီး ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြာကြားသည်။

မြန်မာနိုင်ငံ အလုပ်သမားများကွန်ယက်တွင် မြန်မာနိုင်ငံသဘောင်္သားများအဖွဲ့၊ မြန်မာနိုင်ငံစက်မှုဇုန် အလုပ်သမားများသမဂ္ဂ၊ အလုပ်သမား အခွင့် အရေးကာကွယ်မြင့်တင်သူများကွန်ယက် စသည့် အလုပ်သမားဆိုင်ရာ အဖွဲ့အစည်း ၁၂ ခုမှ ပူးပေါင်းဆောင်ရွက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် လူငယ်ကွန်ယက်များမှ ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားလွတ်လပ်သည့်အဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းမည်

.Photo: internet

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန လက်အောက်မှနေ၍ သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ အဖြစ် ပြောင်းလည်းရန် စီစဉ်လျက်ရှိကြောင်းကို လှုမှုရေးပြုပြင် ပြောင်လည်းမှုအတွက် ရေးဆွဲထားသည့် အခြေခံဥပဒေ မှုဘောင်တွင် ဖော်ပြထားကြောင်း သိရ သည်။

ထိုသို့သီးခြားလွတ်လပ်စွာ လုပ်ကိုင်နိုင်သည့် အဖွဲ့အစည်းဖြစ်ရန် ဆောင်ရွက်လုပ်ဆောင်မှုရှိခြင်း ကြောင့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များ လုပ်ကိုင် နိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များ လုပ်ပိုင်ခွင့်ပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းများ အဆုံးသတ်သွားမည်ဖြစ်ကြောင်း အဆိုပါမှုဘောင်တွင်ဆက် လက်ဖော်ပြထားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၁၉၉၄ ခုနှစ်တွင် ဦးမောင်မောင်သိမ်းနှင့် ဦးတင်နိုင်သိန်းတို့က ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် ဥက္ကဌ အဖြစ် သမ္မတရုံးဝန်ကြီးဌာန(၃)  ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာန(၅)  ပြည်ထောင်စုဝန်ကြီး  ဦးတင်နိုင်သိန်းက ဆောင်ရွက်ကာ စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များ၊ အငြိမ်းစား သံအမတ်များ၊ အသိပညာရှင် အတတ် ပညာရှင်များနှင့် NGO မှ ပုဂ္ဂိုလ်များကို နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ် (၇၀/၂၀၁၂) အရထုတ်ပြန်ကြေညာ၍ ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲရန်အတွက် အခြေခံမှုဘောင်ကိုလည်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဝန်ကြီးဌာနအသီးသီးရှိ အဆင့် မြင့်အရာရှိများဖြင့် တိုင်ပင်ရေးဆွဲကာ နိုင်ငံတော်၏ ရေတို ရေရှည် မျှော်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးသော မှုဝါဒလမ်းညွှန်ဖြစ်ကြောင်း သိရသည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive