Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့အစည်းအဝေး စိုက်ပျိုးရေးသွင်ပြင်လက္ခဏာ

(11 Nov 2013 ရက်စွဲပါ EU Press releases database မှ Myanmar-EU Taskforce : Agricultural aspects ကို ဘာသာပြန်ဆိုသည်)

မြန်မာ-အီးယူ အလုပ်အဖွဲ့- အီးယူ သည် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးတိုးတက်မှုအတွက် ထောက်ခံ ကူညီ

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ လည်းကောင်း၊ တိုင်းရင်းသားပဋိပက္ခမှလည်းကောင်း ရုန်းထွက်လျက်ရှိပါသည်။ ၂၀၁၁ ကတည်းက အစိုးရသစ်သည် ရည်မှန်း ချက်ကြီးသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စတင်လုပ်ဆောင်ခဲ့ရာ အီးယူမှ ထောက်ခံခဲ့ပါသည်။ မြန်မာ-အီးယူ အလုပ်အဖွဲ့အစည်း ကို ၂၀၁၃ မတ်လက သမ္မတ Barrsso, သမ္မတ Van Rompuy နှင့် သမ္မတ ဦးသိန်းစိန်တို့ ကြေညာ ခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၃-၁၅ ၌ကျင်းပမည် ဖြစ်သည်။ ရည်ရွယ်ချက်မှာ အနာဂတ်နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနှင့် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးကာလနှင့် စိုက်ပျိုးရေးကဏ္ဍကဲ့သို့သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အကူအညီပေးရန်စသော ရည်ရွယ်ချက် အဆင့် အသစ်များ ချမှတ်နိုင်ရန် ဖြစ်ပါသည်။ အလုပ်အဖွဲ့ အစည်းအဝေးကို သဘာပတိအဖြစ် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒအဆင့်မြင့် ကိုယ်စားလှယ် Catherine Ashton က ဆောင်ရွက်မည် ဖြစ်ပြီး၊ ကော်မရှင်နာ Dacian Ciolos (စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေး) Antonion Tajani (လုပ်ငန်း) နှင့် Andris Picbalgs  (ဖွံ့ဖြိုးရေး) နှင့် အီးယူပါလီမန် အဖွဲ့ဝင်အချို့ တက်ရောက်ကြပါမည်။

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ဗဟိုချက်

စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ ဗဟိုချက်တွင်ရှိပြီး (လူဦးရေ၏ ၇၀% မှာ စိုက်ပျိုးရေး လုပ်ကိုင်ပါသည်) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံတွင် ထိပ်တန်းဦးစားပေး အဖြစ် အလံထိုးရမည် ဖြစ်ပါသည်။ မကြာသေးမီ နှစ်များအတွင်းက တရားဥပဒေဝန်းကျင်တွင် တိုးတက်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု မြှင့်တင်ရန် အရေးပါသော ခြေလှမ်းအချို့ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ကာ စီးပွားရေးအသွင်ကူးပြောင်းမှုနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် လယ်ယာ ကဏ္ဍသည် အရေးပါသော ထည့်ဝင်မှုများ ပြုလုပ်နိုင်သည်ဆိုသည်ကို သေချာစေခဲ့ပါသည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် စိန်ခေါ်မှု မရှိသော လမ်းကြောင်း တစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် စားနပ်ရိက္ခာ ဖူလုံရေး၊ ကြီးထွားမှုနှင့် ကျေးလက်တွင် အလုပ်အကိုင်ဖန်တီးမှု များဖြည့်ဆီးရာတွင် လယ်ယာကဏ္ဍ၏ မဟာဗျူဟာ ကျသော အခန်းကဏ္ဍကြောင့် ဖြစ်ပြီး ၎င်းတွင် အဓိကပါဝင်သူများ၊ ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်းကြောင့် လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြေယာရပိုင်ခွင့်ကဲ့သို့သော ကိစ္စရပ်များသည် ထိရှလွယ်သော ကိစ္စ ရပ်ဖြစ်နေ ဆဲဖြစ်ပါသည်။ ထို့ကြောင့်ပင် ကော်မရှင်နာ Ciolos က ဤအစည်းအဝေးတက်ရောက်ရန် အရေးကြီးသည်ဟု တွေ့ရှိရပါ သည်။

အားကောင်းသော ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒချမှတ်ရန် အရေးကြီးဟု ကော်မရှင်နာ Ciolos ပြော

အစည်းအဝေးမတိုင်မီ  ကော်မရှင်နာ Ciolos က စိုက်ပျိုးရေး မူဝါဒတည်ဆောက်မှု၊ လယ်သမားများ သင့်တင့် မျှတသော ဝင်ငွေပြန်လည်ရရှိရေးပါဝင်သော တည်ငြိမ်သော ရောင်းဝယ်ရေးကွင်းဆက် တည်ထောင်မှု၊ လယ်သမားများ ဝမ်းစာအတွက် စိုက်ပျိုးနေမှုကို ကျော်လွန်၍ လုပ်ဆောင်ရန် မူဝါဒလက်နက် ကိရိယာများ ကူညီမှုတို့နှင့် ပတ်သက်၍ အီးယူက အတွေ့အကြုံမျှဝေရန် အသင့်ရှိပုံကို အလေးအနက် ပြောကြားခဲ့ပါသည်။ ထို့အပြင် ကွဲပြားခြားနားသော စိုက်ပျိုးရေးမော်ဒယ်၏ အချိုးအကွေ့တွင် အားကောင်း မောင်းသန်ရှိရန် မှန်ကန်စွာ ကျင့်သုံးနိုင်ရေး ကို အကူအညီပေးရန် အသင့်ရှိပါသည်။ ၎င်းကိစ္စရပ်များကို အဓိကအားဖြင့် လာမည့် ၂၀၁၄ မှ ၂၀၂၀ ထိ နှစ်စဉ် အကြံပေး အစီအစဉ်များစွာမှတဆင့် (multi-annual Indicative Programme-2014-2020)  လုပ်ဆောင်မည် ဖြစ်ပါသည်။ ထိုအစီအစဉ်များတွင် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အာရုံပြုရမည့် ကဏ္ဍများတွင် ဦးစားပေး အလံထိုးရမည် ဖြစ်ပါသည်။ ကော်မရှင်နာ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးအကူအညီ ဌာနများမှ ပညာရှင် များသည် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလိုအပ်ချက်များနှင့် အကောင်းဆုံး ကိုက်ညီ မည့် အီးယူ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နေသော လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်ကြမည် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Xinhua မှ 13 Nov 2013 ရက်စွဲပါ “China-Myanmar to strengthen security Co-Op” သတင်းကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 13 Nov 2013 ရက်စွဲပါ “OIC arrives in Myanmar amid protests” သတင်းကို ဘာသာပြန်ဆိုသည်)


လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းစေရန် တရုတ်-မြန်မာသဘောတူ

(Xinhua မှ 13 Nov 2013 ရက်စွဲပါ “China-Myanmar to strengthen security Co-Op” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံတော်ကောင်စီဝင် ဂိုရှင်တန်သည် အလည်အပတ်ရောက်ရှိနေသော မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဗုဒဟူးနေ့က တွေ့ဆုံကာ ၊ ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေးသဘောတူခဲ့သည်။

လူထုလုံခြုံရေးဝန်ကြီး တာဝန်ကိုလည်း ယူထားသူ ဂိုရှင်တန်က ထိပ်ပိုင်းအဆင့် ခရီးစဉ်များ၊ အကြမ်းဖက် ဆန့်ကျင်ရေး၊ မူးယစ်ရာဇဝတ်မှု တိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု နှိမ်နှင်းရေး၊ မဲခေါင်မြစ် အေးချမ်းအောင် စောင့်ရှောက်ရေး၊ ဒေသတွင်းငြိမ်းချမ်း တည်ငြိမ် ဖွံ့ဖြိုးမှု ကြိုးပမ်းရေး အစရှိသော ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံအရှိန်မြှင့်တင် နိုင်ကြမည်ဟု မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ကလည်း တရုတ်နှင့်မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း ပီသစွာ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် သမိုင်းကြောင်းရှိကြောင်း နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များတွင် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် မြန်မာ၊လာအို နှင့် ထိုင်းရဲတပ်ဖွဲ့များ၏ ပူးပေါင်းကူညီမှုဖြင့် ရွှေတြိဂံဒေသ မဲခေါင်မြစ်ကြောင်းတွင် လှုပ်ရှားနေသော မူးယစ်ရာဇာစိုင်းနော်ခမ်းကို ဖမ်းဆီး၍ အပြစ်ပေးနိုင်ခဲ့သည်။


ဆန္ဒပြမှုများကြားမှ မြန်မာနိုင်ငံသို့ OIC ရောက်ရှိလာ

(Bangkok Post မှ 13 Nov 2013 ရက်စွဲပါ “OIC arrives in Myanmar amid protests” သတင်းကို ဘာသာပြန်ဆိုသည်)

ဗုဒ္ဒဘာသာဝင်များ အဓိကလွှမ်းမိုးထားသော နိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို အကဲဖြတ်ရန် ငါးရက်ကြာခရီးစဉ်အဖြစ် ဗုဒ္ဒဟူးနေ့က မြန်မာနိုင်ငံသို့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကိုယ်စားလှယ်များ ရောက်ရှိလာခဲ့သည်။

OIC အထွေထွေအတွင်းရေးမှူးချုပ် အက္ကမီလီဒင် အစ်စနိုးဂူး ဦးဆောင်သော OIC ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် ‘OIC ထွက်သွား’ ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထား သည့် သံဃာ ၁၀ ပါး အပါအဝင် ဆန္ဒပြသူ ၂၀ ခန့်နှင့် ကြုံတွေ့ခဲ့ကြရသည်။

အင်္ဂါနေ့ကလည်း သံဃာ ၂၀၀ ခန့် အပါအဝင် ဆန္ဒပြသူ ၃၀၀ ခန့် OIC ခရီးစဉ်ကို ကန့်ကွက်သည့် အနေဖြင့် ရန်ကုန်မြို့တွင် ချီတက်ဆန္ဒခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၎င်းအဖွဲ့အစည်းက ကြားဝင်စွက်ဖက်နေသည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်၍ အစိုးရတာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ မနှစ်က ရခိုင်ပြည်နယ်တွင် လူမျိုးရေးအကြမ်း ဖက်မှုများ ဖြစ်ပွားမှုကြောင့် လူ ၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရာတွင် သေဆုံးသူအများစုမှာ မွတ်ဆလင်များ ဖြစ်ကြသည်။

OIC အဖွဲ့သည် သောကြာနေ့တွင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ ဆက်လက် ထွက်ခွာ မည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က အကြမ်းဖက်မှုများကြောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ ၁၄၀၀၀၀ ကျော် နေထိုင်ရာ ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှုကာ ဒေသခံဗုဒ္ဒဘာသာဝင်များ မွတ်ဆလင်များကို တွေ့ဆုံ မေးမြန်း ကြမည် ဖြစ်သည်။

၎င်းတို့သည် စနေနေ့တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားပြီး တနင်္ဂနွေနေ့တွင် ပြန်လည်ထွက်ခွာကြမည်ဟု မြန်မာအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ တွင် ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပြကာ၊ တစ်စိတ်တစ်ပိုင်း အရပ်ဖက် အုပ်ချုပ်ရေစနစ်ဖြင့် အစားထိုးခဲ့ချိန်နောက်ပိုင်းတွင် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့် အဓိကရုဏ်းများ ထကြွ လာခြင်းကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ယင်းကဲ့သို့ မွတ်ဆလင်ဆန့်ကျင်ရေး ဘာသာရေးအဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားလာမှုသည် ဒီမိုကရေစီ အသွင်ပြောင်း ဖြစ်စဉ်ကို နှောင့်နှေးစေလိုသော နိုင်ငံရေးပယောဂဆရာဟောင်းကြီးများက ကြိုးကိုင် ဖန်တီးနေခြင်းကြောင့် ဖြစ်သည်ဟု ပြည်တွင်းမှ အကဲခတ်များက အခိုင်အမာယုံကြည်နေကြသော်လည်း နိုင်ငံခြားမှ လေ့လာသူများကမူ ကာလ ရှည်စစ်အုပ်ချုပ်ရေး သံလက်သီး ပြေလျှော့သွားမှုကြောင့် အမျိုးသားရေး အစွန်းရောက် အင်အားစုများ ခေါင်းထောင် လာခြင်းဖြစ်သည်ဟု တစ်မူကွဲပြားစွာ မှတ်ချက်ပေးကြသည်။

နိုင်ငံခြားမှလေ့လာသူများက နိုင်ငံရေးပယောဂဆရာများ၏ ကြိုးကိုင်မှုယူဆချက်နှင့် ပတ်သက်၍ ခိုင်မာသော အထောက်အထားများ မတွေ့ရဟု ထောက်ပြကြသော်လည်း ပြည်တွင်းမှ အကဲခတ်များကမူ ယခင်ထောက် လှမ်းရေးအဖွဲ့ ဆက်လက်အင်အားကောင်းနေပြီး ရဲတပ်ဖွဲ့၏ အခွင့်အာဏာ ကန့်သတ်ခံထားရခြင်းကြောင့် အထောက်အထားများ မဖော် ထုတ်နိုင်ခြင်းဖြစ်မည်ဟု ပြောဆိုကြသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်း အနည်းဆုံး ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ရာ ရန်ကုန်မြို့တော် အနောက်မြောက်ဖက် ၂၇၀ ကီလိုမီတာအကွာရှိ ရခိုင်ပြည်နယ် သံတွဲမြို့မှ နောက်ဆုံးဖြစ်ရပ်တွင် အနည်းဆုံး မွတ်ဆလင်လေးဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် မွတ်ဆလင်ဦးရေ ခန့်မှန်းခြေတစ်သန်းခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့အနက် အများစုမှာ မြန်မာအစိုးရက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံသားခံယူခွင့် မပေးပဲ ဘင်္ဂါလီများဟု သတ်မှတ်ထား သည့် ရိုဟင်ဂျာမွတ်ဆလင်များ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်ဆလင်များခွဲခြားဆက်ခံနေရခြင်းကို မွတ်ဆလင်ကမ္ဘာက အပြင်းအထန် ဝိုင်းဝန်း ကန့်ကွက်လျက်ရှိသော်လည်း လက်တွေ့တွင်မူ ရိုဟင်ဂျာဒုက္ခသည်များကို လက်ခံစောင့်ရှောက်ပေးလိုသော မွတ်ဆလင် နိုင်ငံမရှိကြောင်း မြန်မာတို့က ဝေဖန်ပြောဆိုထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive