Dr Alison Vicary and Dr Sean Turnell ရေးသည့် Burma Economic Watch ကို ဘာသာပြန်ဆိုခြင်းဖြစ်သည်။
eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။ 6- 10- 2009
မကြာသေးမီက ဝါရှင်တန်၊ ကင်ဘာရာနှင့် ကမ္ဘာ့နေရာများတွင် မြန်မာနိုင်ငံပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထင်မြင်ယူဆချက်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သော ကိစ္စတစ်ရပ်ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပိတ်ဆို့မှုကို ဆန့်ကျင်မှုများ ပိုမိုများပြားလာခဲ့သည်။ ဆန့်ကျင်မှုအများစုမှာ သဘောထားမှန်ကန်ပြီး တချို့မှာ မိမိကိုယ်ကျိုးအတွက် ဖြစ်သည်။ ပိတ်ဆို့မှုကို ဆန့်ကျင်မှုများသည် သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံ ပိုမို၍ဆင်းရဲသွားခြင်းမှာ တိကျသော ယူဆချက်တစ်ရပ်ဖြစ်သည်။
တစ်ချိန်က အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအခါ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပေပြီ။ သို့သော်လည်း ဤဖြစ်ပေါ်လာသော အန္တရာယ်ကပ်ဆိုးသည် မြန်မာစစ်အစိုးရအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျနှင့် အခြားသော ပါဝင်ပတ်သက်သော နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် မဟုတ်ပါ။ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရ၏ သက်တမ်းကြာမြင့်လာမှုနှင့်အတူ မှားယွင်းသော စီးပွားရေးစီမံခန့်ခွဲမှုကြောင့်သာ ဖြစ်သည်။ မြန်မာစစ်တပ်၏ အုပ်ချုပ်မှုယန္တရားသည် နိုင်ငံ၏ စီးပွားရေးနှင့် သယံဇာတအရင်းအမြစ်များကို ထိန်းချုပ်လုယူခဲ့သည်မှာ ဆယ်စုနှစ် (၅) စုတိုင်ရှိခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျင့်သုံးရမည့် ဈေးကွက်အခြေခံသဘောတရားများ (Basic Market Institution) ကို ပျက်စီးစေခြင်း၊ တားဆီးခြင်းနှင့် လစ်လျူရှုခြင်းများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ နာမည်ကြီးကော်ပိုရေးရှင်း အများစုကို စစ်တပ်မှ ပိုင်ဆိုင်သည်။ မြန်မာသည် ထင်ရှားသော အပြည်ပြည်ဆိုင်ရာ ခြစားမှုများကို ဖော်ပြသည့် အညွှန်းကိန်း (Transparency International’s Corruption Perception Index) တွင် ကမ္ဘာပေါ်၌ ဒုတိယအဆိုးဆုံးသော နိုင်ငံအဖြစ် ရပ်တည်နေပါသည်။ မြန်မာစစ်အစိုးရသည် အိမ်နီးချင်းနှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် ဖြစ်ပေါ်ပြောင်းလဲမှုများကဲ့သို့ စီးပွားရေးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးမည် ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိချေ။
မြန်မာ၏ အိမ်နီးချင်းအများစုမှာ ထင်ရှားသော လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံများ မဟုတ်ပါ။ သို့သော်လည်း အဆိုပါနိုင်ငံများတွင် မိမိ၏ ရပ်တည်မှု ခိုင်မာရေးနှင့် တိုင်းပြည်အကျိုးစီးပွား နှစ်မျိုးစလုံး၏ တိုးတက်မှုကို အသိအမှတ်ပြုသည့် အုပ်ချုပ်သူများက ဦးဆောင်နေပါသည်။ အဆိုပါ အစိုးရများသည် ဖိနှိပ်အုပ်ချုပ်သူများ မဟုတ်သလို မိမိတို့ကို အကျိုးပြုနေသော စီးပွားရေးကို ပျက်စီးစေသူများလည်း မဟုတ်ပါ။ မြန်မာအစိုးရသည် တိုင်းပြည်အကျိုးစီးပွားကို လုယူသူသက်သက်ဖြစ်ပြီး အခြေအနေအရပ်ရပ်ကိုလည်း နားလည်အောင် မကြိုးစားဘဲ ဖန်တီးမှုအရပ်ရပ်ကိုလည်း ဖျက်ဆီးပစ်နေပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမှု အနည်းငယ်သာ ဖိတ်ခေါ်ထားပြီး သဘာဝဓာတ်ငွေ့နှင့် ရေနံထုတ်လုပ်မှုကဏ္ဍနှင့် အခြားသော ဝင်ငွေရလွယ်သည့် စီးပွားရေးလုပ်ငန်းများတွင်သာ များစွာ မြှုပ်နှံထားသည်။ မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံသည် ဒေသအတွင်း ထင်ရှားသော သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချသူအဖြစ် ရပ်တည်ခဲ့သည်။ သို့သော် ဤမမျှော်လင့်ဘဲ ရလာသော ဝင်ငွေများကို တိုင်းပြည်အတွက် အနည်းငယ်သာ လုပ်ဆောင်ပေးခဲ့သည်။
အမှန်တကယ်တော့ သူတို့၏ ဝမ်းနည်းစရာကောင်းသော သမားရိုးကျ ပုံစံမျိုးဖြစ်သည့် “သယံဇာတများကို အလွဲသုံးစားခြင်း” (Resource Curse) ဖြင့် တိုင်းပြည်အခြေအနေကို ပို၍ဆိုးစေခဲ့သည်။ ငွေကြေးကျပ်တည်းနေသော မြန်မာစစ်အစိုးရသည် ကမ်းလွန်သဘာဝဓာတ်ငွေ့မှ ရရှိသော အခွန်ငွေများကို မိမိအကျိုးအတွက်သာ သုံးခဲ့သည်။ နိုင်ငံတော်ဂုဏ်ဆောင်သည်ဟု သူတို့ယူဆသော စီမံကိန်းများတွင်သာ သုံးခဲ့သည်။ မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့သစ်နေပြည်တော်အတွက် သုံးခဲ့သည်။ ရုရှားမှာ နျူကလီယာဓာတ်ပေါင်းဖို ဝယ်ယူခြင်းနှင့် မြောက်ကိုရီးယားနိုင်ငံမှ ဖော်ပြနိုင်ခြင်းမရှိသည့် တန်ဖိုးရှိသည့် လက်နက်များ ဝယ်ယူခဲ့သည်။ ဤကိစ္စအားလုံးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။
မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သည့် ငြင်းခုံမှုများသည် အမြဲတမ်းအကြောင်းအရာတစ်ခုအပေါ်တွင် အခြေခံပေသည်။ အဆိုပါ အကြောင်းအရာ (Idea) အရ စီးပွားရေးကို ဖွံ့ဖြိုးလာအောင် ထောက်ပံ့အားပေးခြင်းဖြင့် အာဏာ၏ ဗဟိုချက်မ (Centre of Power) လာရာ သည် စစ်အစိုးရတစ်ခုတည်းမကဘဲ အခြားအာဏာ ဗဟိုချက်မတစ်ခု ဖြစ်ပေါ်လာနိုင်သည်။ အဆိုပါ ဖြစ်ပေါ်မှုအရ ဆရာဖြစ်လာသော စီးပွားရေးအတန်းအစား (Business Class) သည် ပြောင်းလဲမှုကို တောင်းဆိုသော အားတစ်ခုဖြစ်လာပေလိမ့်မည်။ စီးပွားရေးကြောင့် ဖြစ်ပေါ်လာသော အာဏာ၏ ဗဟိုချက်မသည် စီးပွားရေးကို ထိန်းချုပ်နေသူအပေါ်တွင်သာ မူတည်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အခြားလူမဟုတ်ဘဲ စစ်အစိုးရကိုယ်တိုင် ဖြစ်နေပေသည်။
ထင်ရှားသော ပြည်ပပို့ကုန်များဖြစ်သည့် သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီ၊ ကျောက်မျက်ရတနာ၊ သတ္တု၊ ကျွန်းသစ်နှင့် ရေထွက်ကုန်အားလုံးကို အစိုးရက ထိန်းချုပ်ထားသည်။ အစိုးရက အထက်ပါကဏ္ဍများတွင် ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နှံမှုများကို သေချာစွာ ထိန်းချုပ်ထားပြီး အဆိုပါကဏ္ဍမှ လက်ရှိနိုင်ငံရေးအခြေအနေကို စိန်ခေါ်သူများ ပေါ်မလာအောင် ထိန်းချုပ်ထားပါသည်။
အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြးလျနိုင်ငံများ၏ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုသည် မြန်မာအစိုးရနှင့် ၎င်းတို့ကြား ငွေကြေးစနစ် ဆက်ဆံမှုမရှိရန် စစ်အစိုးရနှင့် ပတ်သက် ဆက်နွယ်သူ အမည်စာရင်းပေါက် တစ်ဦးချင်းအပေါ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထူးရည်ရွယ်၍ ချမှတ်ထားခြင်းဖြစ်သည်။
သာမန်လူတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ် ပတ်သက်ခြင်း သို့မဟုတ် လိုအပ်ခြင်း မရှိပါ။ ဤကိစ္စမျိုးသည် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသောသူများသာ နိုင်ငံတကာငွေကြေးနှင့် ပတ်သက်နေသည်။ ဤအဖွဲ့ဝင်များက အနောက်နိုင်ငံငွေကြေးစနစ်သို့ ဝင်ရောက်နိုင်ခြင်း မရှိအောင် တားဆီးခြင်းသည် လုံးဝဥဿုံ မှန်ကန်ပါသည်။ ယခင်မူလက ပြုလုပ်ခဲ့သော ပိတ်ဆို့မှုကို သဘောတူညီမှုရှိသလို သဘောမတူမှုလည်း ရှိပေမည်။ ယခုလက်ရှိပိတ်ဆို့မှုတွင် ဘဏ်တွင် ရှိသော ငွေများသည် မြန်မာနိုင်ငံတွင် မှန်ကန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမှသာ သုံးစွဲခွင့်ပြုရန်အတွက် ရည်မှန်းထားပါသည်။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲမှု တုံ့နှေးနေသော စစ်အစိုးရကို အားပေးရာ ရောက်ပြီး အမေရိကန်၊ ဩစတြေးလျနှင့် အခြားသဘောတူနိုင်ငံများ၏ မြန်မာနိုင်ငံ အနာဂတ်တွင် လွှမ်းမိုးမှု ပါဝါကို လျော့နည်းစေပါသည်။
မြန်မာနိုင်ငံ၏ အခြေအနေများ ပြောင်းလဲမှုသည် ပြည်တွင်း အနေအထားများနှင့် အဓိက ဆက်နွယ်လျက်ရှိပြီး ပြောင်းလဲမှု မက်လုံးများကို အသိအမှတ်ပြုမည့် ပြည်တွင်းအင်အားစုများပေါ် မူတည်နေပါသည်။ လောလောဆယ်တွင် ကျန်ကမ္ဘာ့နိုင်ငံများသည် ပြောင်းလဲမှုအတွက် မက်လုံးများရရှိလာအောင် အကောင်းဆုံးလုပ်ဆောင်ပေးရမည်။
ပြည်တွင်း အင်အားစုများ၏ နားလည်သဘောပေါက်မှုကို ခွင့်ပြုရမည်ဖြစ်ပြီး၊ သူတို့၏ ကြွယ်ဝမှု၊ လွတ်လပ်မှုတို့ကို အခြေခံပြီင်္း ထွက်ပေါ်လာသော မူဝါဒများ၊ အမူအကျင့်များ ဖြစ်ပေါ်လာစေရန် ဆုပေးသည့် စနစ်မျိုးဖြင့် ဆွဲဆောင်ကြရလိမ့်မည်။ သို့သော် ယခုအချိန်အထိ မြန်မာပြည်တွင်းမှ ပြည်သူများ ဘာမျှ မရကြသေးပါ။
Dr Alison Vicary and Dr Sean Turnell ရေးသည့် Burma Economic Watch ကို ဘာသာပြန်ဆိုခြင်းဖြစ်သည်။
Blog Archive
- ► 2024 (317)
- ► 2013 (1051)
- ► 2012 (1188)
- ► 2011 (1025)
- ► 2010 (2008)
Labels
- Op-Ed (4)
Posted by
Transparency Myanmar 2010
Thursday, October 8, 2009
Subscribe to:
Post Comments (Atom)