Transparency Myanmar

transparency.myanmar@gmail.com

12 Nov 2009

VOA News

          အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တနင်္ဂနွေနေ့ စင်ကာပူတွင် ကျင်းပ မည့် အမေရိကန် အာဆီယံ ထိပ်သီးညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် သူမ (သို့မဟုတ်) သမ္မတ ဘားရက်အိုဘားမားနှင့် မြန်မာခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးဖွယ် ရှိသည်ဟု ပြောကြားပါသည်။ အိုဘားမားအစိုးရသည် အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး လာမည့်နှစ်တွင် လွတ်လပ်မျှတ၍ သိက္ခာရှိသော ရွေးကောက်ပွဲ ကျင်းပပေးရန် မြန်မာတပ်မတော် ခေါင်းဆောင်များကို ဖိအားပေးနေပါသည်။

          အိုဘားမား အစိုးရသည် ယခင်အစိုးရ၏ ခွဲခြား ပစ်ပယ်ထားရေး မူဝါဒကို ချောင်ထိုးလိုက်ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးစားကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားပေးလျက် ရှိပါသည်။

          နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားရာတွင် မြန်မာခေါင်းဆောင်များနှင့် တရားဝင်အစည်းအဝေး ကျင်းပရန် စီစဉ်ထားခြင်း မရှိသော်လည်း သူမ (သို့) သမ္မတအိုဘားမားနှင့် ထိပ်သီးအစည်းအဝေး တက်ရောက်လာသော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ကြိုတင် ချိန်းဆိုထားသော တွေ့ဆုံမှုမျိုး ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုပါသည်။

          ယခင်အပတ်က အမေရိကန် အကြီးတန်း သံတမန် ၂ ဦး မြန်မာသို့ သွားရောက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လဘာတို ရိုမျူလိုနှင့် အတူ ပြုလုပ်သော မနီလာ သတင်းစာ ရှင်းလင်းပွဲတွင် ကလင်တန်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် လက်ထောက် Scot Marciel တို့၏ ခရီးစဉ်သည် အလွန်အောင်မြင်သည်ဟု ပြောကြားခဲ့ပါသည်။

          အမေရိကန်သံတမန် ၂ ဦးသည် စောင့်ကြပ် ကြည့်ရှုမှု မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံခွင့်ကို ရရှိခဲ့ပါသည်။

          အမေရိကန်ပြည်ထောင်စုသည် ဒေါ်အောင်ဆန်းစုကြည်အား အကန့်အသတ်မရှိ လွှတ်ပေးရန် ဆက်လက် တောင်းဆိုသွားမည်ဟု ကလင်တန်က ပြောကြားခဲ့ပါသည်။ မြန်မာအစိုးရသည် နိုဘယ်ဆုရှင် ဒီမိုကရေစီခေါင်းဆောင်ကို ၁၉၉၀ ကပင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

          မိမိတို့သည် မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး လှုပ်ရှားသူများအားလုံးနှင့် "အိမ်တွင်းဆွေးနွေးပွဲ" ပြုလုပ်ရန် တိုက်တွန်း အားပေးနေပြီး သို့မှသာလျှင် လွတ်လပ်မျှတ သိက္ခာရှိသော ရွေးကောက်ပွဲကို ဦးတည်နိုင်လိမ့်မည်ဟု ကလင်တန်က ပြောပါသည်။

          ဤကိစ္စသည် အရေးကြီးသော မရှိမဖြစ် ပထမခြေလှမ်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို မိမိတို့အဆက်မပြတ် တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ သူမအား နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခြင်းသည် အခြေအမြစ်မရှိဟု မိမိတို့ယုံကြည်ကြောင်း၊ သူမသည် နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်၍ ဖမ်းဆီးထားခြင်းသာ ဖြစ်ကြောင်း ကလင်တန်က ဆက်လက် ပြောကြားပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေး ဦးဆောင်ကဏ္ဍကို ပြန်လည်စတင်ရန် အခွင့်အရေး အပြည့်အဝရှိပြီး သူမ၏ အနာဂတ် အနေအထားကို ဆုံးဖြတ်ရမည့်သူမှာ မြန်မာပြည်သူလူထုသာ ဖြစ်၍ အမေရိကန် မဟုတ်ပါဟု ကလင်တန်က ဆိုပါသည်။

          လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်းအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရမည် မဟုတ် အမေရိကန်ပြည်ထောင်စုက အကြီးအကျယ် သံသယရှိနေကြောင်း သူမက မှတ်ချက်ပေးခဲ့ပြီး မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းအားပေးရာတွင် အိမ်နီးချင်း နိုင်ငံများကလည်း တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းလိုက်ပါသည်။

          ဖိလစ်ပိုင်နှင့်တကွ အခြားအာဆီယံအဖွဲ့ဝင် မိတ်ဆွေများနှင့်အတူ ဆောင်ရွက်လိုသော ကိစ္စမှာ ဥပဒေအရ တရားဝင်မည့် အခြေအနေများကို ဖော်ဆောင်ရန်အတွက် မြန်မာအာဏာပိုင်များကို ၎င်း၏ ပြည်သူများနှင့်အတူ ဆွေးနွေးပွဲ စကားဝိုင်းသို့ ပါဝင်ရန် တိုက်တွန်း၊ အားပေး၊ နှိုးဆော်လိုခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲ ကျင်းပချိန်တွင် စစ်မှန်သော အခြေအနေများ ပေါ်ထွက်ပြီး ဖြစ်သင့်ပါသည်။ ဤသည်မှာ မိမိတို့ ကြိုးစား ဆောင်ရွက်နေသော အရာပင် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြပါသည်။

          မြန်မာနိုင်ငံကို လက်လွှတ်မသွားစေရေးအတွက် အိုဘားမားအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်နွယ်နေသော အရေးယူပိတ်ပင်မှုများကိုမူ ရုတ်သိမ်းဦးမည် မဟုတ်ဟု သိရပါသည်။

          အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးကို စင်ကာပူတွင် ကျင်းပနေသော APEC အဖွဲ့ဝင် ၂၁ နိုင်ငံ၏ ထိပ်သီးညီလာခံ အဝန်းအဝိုင်းတွင် တနင်္ဂနွေနေ့၌ ပြုလုပ်မည် ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment