Date: 14 - Nov – 2009, C Raja Mohan Posted Online
အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုကို အိန္ဒိယနိုင်ငံက ကြိုဆိုထောက်ခံရန် အကြောင်းများစွာ ရှိနေပြီး၊ ဒေသတွင်း လုံခြုံရေးနှင့် အာရှ မဟာဗျူဟာအပေါ် ဝေဖန်စရာ ဖြစ်နေသော မိမိတို့၏ အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားသော အရေးယူမှုများ အဆုံးသတ်ရန် အထောက်အကူ ဖြစ်နိုင်ပါသည်။
နှစ်ပေါင်းများစွာကပင် ဒေလီသည် မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံသည့် မူဝါဒကို သဘောမတူကြောင်း ဝါရှင်တန်ကို သတိပေးခဲ့ပြီး၊ မြန်မာနိုင်ငံ အုပ်ချုပ်သူ လူတန်းစား၏ အမှန်တကယ် မလုံခြုံသော ခံစားမှုကို အသိအမှတ်ပြုရန် အမေရိကန်ကို တိုက်တွန်းခဲ့ပါသည်။ အာရှတိုက်သို့ ပထမဆုံး သမ္မတ ခရီးစဉ်အဖြစ် ဂျပန်တွင် ရပ်နားစဉ် မိန့်ခွန်း ပြောကြားရာ၌ သမ္မတ အိုဘားမားက မြန်မာအစိုးရအပေါ် အရိပ်အယောင် ပြသည့်အနေနှင့် နောက်ကျသော်လည်း ရှည်လျားသည့် နိုင်ငံရေးစကားများ ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအပေါ် အမေရိကန်၏ ကူညီပံ့ပိုးမှုကို ပွင့်လင်းစွာ ဖော်ပြသည့်အနေဖြင့် အိုဘားမားသည် နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ် မိမိကိုယ်မိမိ ယူဆနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် ထိန်းမရသော ပြည်တွင်းစစ် ဖြစ်ပွားလိမ့်မည်ဟု စိုးရွံ့နေသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ သောကကို ဖယ်ရှားပေးရန် ကြိုးစားခဲ့ပါသည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာက အားထုတ် ကြိုးပမ်းလျက်ရှိရာ အရေးကြီးဆုံး ပထမအဆင့်အနေဖြင့် အမျိုးသားပေါင်းစည်း ညီညွတ်ရေးကို ဆောင်ရွက်ရမည်ဟု အနောက်နိုင်ငံများက တွန်းအားပေးနေမှုကို မြန်မာအစိုးရက အငြင်းပွားလျက် ရှိပါသည်။
ညီညွတ်သော၊ ငြိမ်းချမ်းသော၊ အောင်မြင်သော၊ ဒီမိုကရေစီ ကျင့်သုံးသော မြန်မာနိုင်ငံ ဖြစ်လာအောင် မိမိတို့ အားပေး ကူညီသွားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် အဆိုပါ ဦးတည်ချက်အတိုင်း လုပ်ဆောင်ပါက အမေရိကန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရရှိနိုင်ပါသည်ဟု အိုဘားမားက တိုကျိုတွင် ရှင်းလင်း ပြောကြားခဲ့သည်။
ယခု သီတင်းပတ်များအတွင်း ၂ နိုင်ငံ ဆွေးနွေး ညှိနှိုင်းခဲ့ကြသော ကျယ်ပြန့်သည့် နိုင်ငံရေး အခြေခံမူဝါဒများတွင် အမျိုးသားပေါင်းစည်း ညီညွတ်ရေးသည် အစိတ်အပိုင်းတစ်ခု အဖြစ် ယုံကြည်ကြောင်း အိုဘားမားက အလေးအနက်ထား၍ ပြောကြားခဲ့ပါသည်။
ယခင် အမေရိကန် မူဝါဒဟောင်းကို ပြောင်းပြန်လှန်ပစ်ရာတွင် အိုဘားမားအစိုးရက မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တိုင်ပင် ညှိနှိုင်းခဲ့ပါသည်။ ယခု အစီအစဉ်သည် အပြန်အလှန် နှစ်ဦးနှစ်ဖက် ဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို အဆုံးသတ်ရန် စီမံထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။
တိုကျိုတွင် အိုဘားမားက လွန်ခဲ့သော နှစ်များအတွင်း ရည်ရွယ်ချက်များ ကောင်းမွန်သော်ငြားလည်း အမေရိကန်၏ အရေးယူပိတ်ဆို့မှု၊ အခြားနိုင်ငံများ၏ ညှိနှိုင်းဆွေးနွေးမှုတို့သည် မြန်မာပြည်သူလူထု၏ ဘဝများကို တိုးတက်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဟု ပြောကြားခဲ့ပြီး၊ ဒီမိုကရေစီ ထွန်းကားရေးကို ဦးတည်သော ဆောင်ရွက်ချက်များ ခိုင်ခိုင်မာမာ ပြုလုပ်လာသည်အထိ အရေးယူမှုများကို ဆက်လက် ထားရှိသွားမည် ဖြစ်ပြီး၊ မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံ ဆွေးနွေးညှိနှိုင်းနေသည်ဟု ကြေညာခဲ့ပါသည်။
အရေးယူပိတ်ပင်မှုများကို ရုတ်သိမ်းပေးမည့် အမေရိကန်ဘက်မှ လိုလားချက်များကို အမေရိကန်သမ္မတ စီစဉ်ထားရာတွင် မြန်မာအစိုးရဘက်မှ ရှင်းလင်းစွာ ဆောင်ရွက်ရမည့် အဆင့်များမှာ နိုင်ငံရေးအကျဉ်းသားများ (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) ကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လူမျိုးစုတပ်ဖွဲ့များနှင့် အငြင်းပွားမှုကို အဆုံးသတ်ရန်၊ အစိုးရနှင့် အတိုက်အခံပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကြားတွင် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပ၍ အနာဂတ်ကို မျှတစွာ ရှုမြင်အဖြေရှာရန် စသည်တို့ဖြစ်ပါသည်။
အာဆီယံအဖွဲ့ကပါ ဝိုင်းဝန်းထောက်ခံခဲ့သော အိုဘားမား၏ စွမ်းဆောင်ချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးတွင် ကဏ္ဍသစ် ဖွင့်လှစ်မည့် အဆင့်တစ်ခုပင် ဖြစ်သည်။ ယခုကဲ့သို့ ကျန်ကမ္ဘာ့နိုင်ငံများ မြန်မာနိုင်ငံကို ပြန်လည် ဆက်ဆံလာချိန်တွင် အိန္ဒိယနိုင်ငံကလည်း မိမိ၏ အိမ်နီးချင်း မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍများ ခေတ်မီတိုးတက်ရေးကို ထိရောက်စွာ ပါဝင် ဆောင်ရွက်နိုင်ပါလိမ့်မည်။
အကယ်၍ မြန်မာနိုင်ငံသည်သာ ငြိမ်းချမ်းရေး ရရှိပြီး၊ ကျယ်ဝန်းသော ကမ္ဘာကြီးနှင့် ညှိနှိုင်း ဆွေးနွေးမှု အောင်မြင်ခဲ့ပါက အိန္ဒိယနိုင်ငံ၏ အင်အားကြီးသော မိတ်ဖက်နိုင်ငံ ဖြစ်လာနိုင်သလို အိန္ဒိယ၏ အရှေ့ဖက် ပြင်ပ နယ်နမိတ်သည်လည်း အသွင်ပြောင်းသွားမည် ဖြစ်သည်။ ဤကိစ္စသည် လွယ်ကူမည် မဟုတ်သော်လည်း "ဒေလီ" သည် အပြည့်အဝ နားလည် မျှဝေခံစားကာ မြန်မာနိုင်ငံ၏ အမျိုးသား ပေါင်းစည်းရေး၊ ကမ္ဘာကြီးနှင့် ပြန်လည်ဆက်ဆံရေး ကြိုးပမ်း အားထုတ်မှု များကို ထိရောက်စွာ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---