Transparency Myanmar

transparency.myanmar@gmail.com

15 Nov 2009,By Politico Staff

          စင်ကာပူတွင် ကျင်းပသော အမေရိကန် - အာဆီယံ ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခြင်းဖြင့် သမ္မတ အိုဘားမားက မြန်မာအစိုးရကို ဝေဖန်ပြစ်တင် လိုက်ပါသည်။

          စင်ကာပူ - ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပသော အမေရိကန် သမ္မတနှင့် အာဆီယံ ခေါင်းဆောင်များ၏ ပထမဆုံးအကြိမ် အစည်းအဝေးတွင် သမ္မတ အိုဘားမားသည် မြန်မာဝန်ကြီးချုပ်နှင့် တရားဝင် တွေ့ဆုံ ဆက်ဆံမှု ပြုလုပ်ခဲ့ခြင်း မရှိဟု သိရပါသည်။

          ခေါင်းဆောင်များသည် အစည်းအဝေး ခန်းမထဲသို့ အစဉ်လိုက် တန်းစီ ဝင်ရောက်ခဲ့ကြပြီး အာဆီယံ အစဉ်အလာအတိုင်း လက်များ ချိတ်ဆက်ရန် စင်မြင့်ပေါ်တွင် နေရာယူခဲ့ကြပါသည်။

          အမေရိကန်သမ္မတက အလယ်ခေါင်တွင် နေရာယူပြီး ၎င်း၏ ဘယ်ဖက်တွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်နှင့် ညာဘက်တွင် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက နေရာယူပါသည်။

          လီရှန်လွန်း၏ ညာဘက်တွင် ဖိလစ်ပိုင်သမ္မတ အာရိုယို၊ ၎င်းနောက် ဗိုလ်ချုပ်ကြီး သိန်းစိန် စသဖြင့် နေရာယူခဲ့ကြပြီး အမေရိကန်သမ္မတက မြန်မာဝန်ကြီးချုပ်အား လက်ဆွဲနှုတ်ဆက်ခြင်း၊ စကား ပြောဆိုခြင်းမရှိခဲ့ပါ။

          ထိုနောက် ခေါင်းဆောင် ၁၁ ဦးသည် အစည်းအဝေး ကျင်းပမည့် စားပွဲဝိုင်းသို့ သွားရောက်ခဲ့ကြကာ အမေရိကန်သမ္မတ၏ ညာဖက်တွင် အာရိုယို၊ ဘယ်ဖက်တွင် လီရှန်လွန်းတို့ နေရာယူခဲ့ကြပြီး မြန်မာဝန်ကြီးချုပ်က အိုဘားမားနှင့် ယောက်မြောက် နေရာတွင် ထိုင်ပါသည်။

          နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အမေရိကန် သမ္မတ၏ နောက်တွင် နေရာယူပြီး ၎င်း၏ ဘေးတွင် ကုန်သွယ်ရေးဝန်ကြီး ဂယ်ရီလော့ကီး ထိုင်ပါသည်။

          ထို့နောက် စင်ကာပူဝန်ကြီးချုပ်က ပထမဆုံး အာဆီယံ - အမေရိကန် ခေါင်းဆောင်များ၏ အစည်းအဝေး ဖြစ်ပါသည်ဟု နှုတ်ခွန်းဆက်ပါသည်။

          အစည်းအဝေးအပြီး နောက်ဆက်တွဲ ရှင်းလင်းဆွေးနွေးပွဲတွင် အဆင့်မြင့်အရာရှိများက အသေးစိတ် ထပ်မံရှင်းလင်းရာတွင် ပြန်ကြားရေးဝန်ကြီး Robbert Gibbs က "သမ္မတ အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကိစ္စနှင့်ပတ်သက်ပြီး တိုကျိုတွင် ပြောခဲ့သည့်အတိုင်း အတိအကျ ထပ်မံ ပြောကြားခြင်း ဖြစ်သည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရထံ တိုက်ရိုက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

          မဟာဗျူဟာမြောက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေး Ben Rhodes က "အိုဘားမားသည် တိုကျိုမိန့်ခွန်းတွင် ပြောကြားခဲ့သည့် စကားလုံးများအတိုင်း ယခု ထပ်မံ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ပုဂ္ဂိုလ်ရေးပြောကြားချက်တွင် လူသိရှင်ကြား ကြေညာသော မိန့်ခွန်းသည် တစ်ထပ်တည်း ဖြစ်၍ မြန်မာအစိုးရ လုပ်ဆောင်ရမည့် အဆင့်များမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်၊ လူမျိုးစုတပ်ဖွဲ့များနှင့် ပဋိပက္ခကို ဖြေရှင်း အဆုံးသတ်ရန်၊ အစိုးရနှင့် ပြည်တွင်းရှိ ဒီမိုကရေစီ အဖွဲ့အစည်းများ ဆွေးနွေးပွဲ ကျင်းပရန် စသည်တို့ ဖြစ်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

          အိုဘားမားက ၎င်း၏ တိုကျိုမိန့်ခွန်းတွင် "လွန်ခဲ့သော အနှစ် ၂၀ အတွင်း ၁၄ ခန့် ချုပ်နှောင် ထိန်းသိမ်းခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်" ဟူ၍ နာမည် ထုတ်ဖော် ပြောကြားကာ အထူးတလည် ရည်ညွှန်းခဲ့ပါသည်။

          အစည်းအဝေးပြီးနောက် ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော စာပိုဒ်ပါဝင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ မျှတခြင်း အားလုံးပါဝင်နိုင်ခြင်း၊ မြင်သာ ထင်သာခြင်းစသော အချက်များနှင့် ကိုက်ညီအောင် ကျင်းပရမည်ဟု တိုက်တွန်းထားပါသည်။ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုထားသော အချက် မပါဝင်ပါ။

          Rhodes က ထောက်ပြခဲ့သော အချက်မှာ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် တစ်ဦးဖြစ်သည့်အတွက် ယခုကြေညာချက်ကို လိုက်နာလိမ့်မည်ဟု မျှော်လင့်နိုင်သော်လည်း အမေရိကန် သမ္မတ၏ အစည်းအဝေးတွင် တိုက်ရိုက် တောင်းဆိုမှုသည် အထက်ပါ ကြေညာချက်ထက် ပို၍ ထိရောက်စွာ ဖိအားပေးနိုင်လိမ့်မည် ဟူ၍ ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment