Transparency Myanmar

transparency.myanmar@gmail.com

Editorial from The Bangkok Post,18-Nov-2009
အကယ်၍ မြန်မာအစိုးရသည် လာမည့်နှစ် ရွေးကောက်ပွဲအား အမှန်တကယ်
အရေးကြီးသည်ဟု ယူဆပါက အမေရိကန် သမ္မတ အိုဘားမား၏ ပြောခဲ့သော စကားများနှင့်
လုပ်ရပ်များအား လေးလေးနက်နက် ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
၄၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ခေါင်းဆောင်နှင့်
မြန်မာအစိုးရ၏ အာဏာပိုင်တို့ တွေ့ဆုံမှုတွင် အိုဘားမားသည် သတင်းစကားနှစ်ခု
မြန်မာအစိုးရကို ပြောကြားခဲ့ပါသည်။
နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်၊ ပထမဆုံး
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အိုဘားမားက မြန်မာဗိုလ်ချုပ်များအား
တောင်းဆိုခဲ့ပါသည်။ ဒုတိယတစ်ချက် Obama ရှင်းရှင်းလင်းလင်း
ပြောကြားခဲ့သော အချက်မှာ အမေရိကန်သည် နည်းလမ်းအသစ်ဖြင့် မြန်မာကို
ချဉ်းကပ်နေသော်လည်း၊ တပ်မတော်အစိုးရအပေါ် ချမှတ်ထားသော အရေးယူ
ပိတ်ဆို့မှုများကို ဆက်လက်ထားရှိမည် ဆိုသော အချက်ဖြစ်ပါသည်။
အိုဘားမားနှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၏ တွေ့ဆုံမှုမှာ
ထူးထူးခြားခြား အံ့သြစရာ မကောင်းလှပေ။ ပထမအချက်မှာ စင်ကာပူ၌ ကျင်းပသော
APEC ထိပ်သီး ညီလာခံတွင် တံခါးပိတ်ထားသော အခန်းတွင်း၌ တွေ့ဆုံကြခြင်း
ဖြစ်ပြီး ဒုတိယအချက်မှာ နှစ်ယောက်တည်း မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း
မဟုတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ရည်ညွှန်း
ပြောဆိုမှုများမှာလည်း အခြား အာဆီယံ ခေါင်းဆောင်များအပေါ် အထွေထွေ
တင်ပြချက်များ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။
သို့သော် Obama ၏ မြန်မာနိုင်ငံကို ရည်ညွှန်း ပြောဆိုမှုများသည် ၎င်း၏
အာဆီယံသို့ ပေးသော မှတ်ချက်၊ အပြင်လူများကို ပေးသော မှတ်ချက်များအနက်
အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ထွက်ပေါ်လာပါ သည်။
အမေရိကန် သမ္မတနှင့် တွေ့ဆုံပြီးသောအခါ အာဆီယံသည် ထုံးစံအတိုင်း ၎င်း၏
အေးစက်စက် သဘောထားကို ပြပါသည်။ အမေရိကန် - အာဆီယံ ပူးတွဲကြေညာချက်
ထုတ်ပြန်ရာတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ ဖော်ပြထားခြင်း
မရှိပေ။ အာဆီယံအနေဖြင့် စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲမရှိဟု
ခန့်မှန်းရနိုင်ပြီး မြန်မာနိုင်ငံကို လွတ်လပ်သော ရွေးကောက်ပွဲ
ဖြစ်စေရေးအတွက်သာ ကြေညာချက်တွင် ဖော်ပြထားပါသည်။ တည့်တည့်တွေးရလျှင်
ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို ရှောင်ရှားလိုက်ခြင်းပင် ဖြစ်ပါသည်။
အကယ်၍ မြန်မာအစိုးရအနေဖြင့် လွတ်လပ်သော ရွေးကောက်ပွဲအဖြစ် အားလုံးကို
ယုံကြည်စေလိုလျှင် သွားရမည့် ခြေလှမ်းများမှာ ရှင်းရှင်းလေး ဖြစ်ပါသည်။
ပထမအဆင့်အနေဖြင့် အိုဘားမားပြောခဲ့သော နိုင်ငံရေးအကျဉ်းသားများကို
လွှတ်ပေးရန် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ၁၉၆၂ ကတည်းက မြန်မာပြည်သူများအပေါ်
သွေးထွက် သံယိုစေမှုများ၊ ဖိနှိပ်မှုများ၏ ပြယုဂ်ပင် ဖြစ်ပါသည်။ ယခု
ဖမ်းဆီးထားသော ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများသည်
တပ်မတော်အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရုံထက် ပိုသော အန္တရာယ်ကို
ပေးခဲ့ကြသူများ မဟုတ်ပါ။ ထို့ကြောင့် ထိုသူများ တစ်ဦးတစ်ယောက်
ထောင်ထဲတွင် ကျန်နေလျှင်ပင်၊ စီစဉ်ထားသော ရွေးကောက်ပွဲသည်
လွတ်လပ်လိမ့်မည် မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် အချိန် အတော်များများ ထိန်းသိမ်းခံနေရပြီး
မြန်မာနိုင်ငံ၏ ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာသော တစ်ဦးတည်းသော
အတိုက်အခံခေါင်းဆောင် ဖြစ်ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း သူမ၏ ပင်ကို
ရဲရင့်မှုကြောင့်ပင် ဖြစ်ပါသည်။ သို့သော် တပ်မတော်အစိုးရကို ရဲရဲဝံ့ဝံ့
ဝေဖန်သူ၊ ငြိမ်းချမ်းစွာ အတိုက်အခံပြုသူများကို ဗိုလ်ချုပ်များသည်
နှိပ်စက်ခြင်း၊ ထောင်ချခြင်း၊ ကြောက်ရွံ့ သွားအောင် ပြုလုပ်ခြင်း၊
အဝေးသို့ ထွက်ပြေးရစေခြင်းများကို ပြုလုပ်လျက် ရှိပါသည်။
အကယ်၍ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း၊
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ စကားပြောခွင့်
ပေးခြင်းတို့ကို ခွင့်ပြုခဲ့မည်ဆိုလျှင် တပ်မတော်အစိုးရအတွက်
အဓိကခြေလှမ်း ဖြစ်ပေလိမ့်မည်။
သို့မဟုတ်လျှင် Asean က ဝေဝေဝါးဝါး ရည်ညွှန်းခဲ့သော လွတ်လပ်သော
ရွေးကောက်ပွဲအဖြစ် အာမခံနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍
တပ်မတော်အစိုးရအနေဖြင့် ကမ္ဘာကို ၎င်း၏ ရွေးကောက်ပွဲအား လက်ခံစေလိုပါက
နိုင်ငံခြားသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့များ ကဲ့သို့သော
နိုင်ငံခြားသား လေ့လာသူများကို ခွင့်ပြုရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက
ကုလသမဂ္ဂ လေ့လာသူများကို ခွင့်ပြုရမည် ဖြစ်ပါသည်။ မဲပေးမှုများသည်
ကြောက်ရွံ့ခြင်း ကင်းရမည် ဖြစ်ပါသည်။
အလားတူ အရေးကြီးသော အချက်တစ်ခုမှာ မဲဆန္ဒရှင်လူထု၏ စိတ်ထဲတွင်
တပ်မတော်အစိုးရ၏ အာဏာ အလွယ်တကူ အမြစ်တွယ်နေမှုကို မုန်းတီးနေမည်မှာ
အသေအချာ ဖြစ်သည်။ ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၏
အနိုင်ရမှုအား မျက်ကွယ်ပြု၍ တပ်မတော်မှ အာဏာ ဆက်လက်
ချုပ်ကိုင်ထားခဲ့ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင်းရှိ အတိုက်အခံများရော၊ နိုင်ငံတကာရှိ
မြန်မာမိတ်ဆွေများက အာဏာရှင်အစိုးရသည် အာဏာကို ကောင်းစွာ
ချုပ်ကိုင်နိုင်နေပြီ ဖြစ်ကြောင်း ယုံကြည်နေကြပြီ ဖြစ်သည်။
တပ်မတော်အစိုးရသည် ကမ္ဘာကြီးနှင့် ပုံမှန်ကုန်သွယ်ရေး၊ ဆက်ဆံရေးတို့ကို
ဖြတ်တောက်ခဲ့ပါသည်။
အမေရိကန်သမ္မတသည် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုရော အခြားအာဆီယံ
ခေါင်းဆောင်များ ကို ရှင်းရှင်းလင်းလင်း ပြောကြားထားသည်မှာ
အမေရိကန်ပြည်ထောင်စုသည် တပ်မတော် အစိုးရခေါင်းဆောင်များ ခံယူချက်
ပြောလာရေးကို လမ်းဖွင့်ပေးထားသည်ဟု ဆိုပါသည်။
လာမည့်နှစ် ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ လေးစားမှုကို ပြန်လည်
ရယူနိုင်သည့် အခွင့်အရေးဖြစ်သော်လည်း ဗိုလ်ချုပ်များက ၎င်းအခွင့်အရေးကို
အသုံးချနိုင်မှုအပေါ်တွင် မူတည်နေပေသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment