Transparency Myanmar

transparency.myanmar@gmail.com

19 Nov 2009,By Willian Boot

ဈေးနှုန်းတက်ရန် အကြောင်းပြချက် သက်သက်သာ ဖြစ်သည့် အာရှဆန် ပြဿနာ ဖြစ်ပွားနိုင်ချေ ရှိကြောင်း သတိပေးချက်များ ထွက်ပေါ်နေချိန်တွင် အမှန်တကယ် ပိုမို ဆိုးဝါးသော ပြဿနာတစ်ခုက လူမသိသူမသိ ဘဝမျိုး ရောက်နေပါသည်။

ဆန်မလုံလောက်မှုအတွက် စိုးရိမ်မှုများသည် ယခင်လက ဖိလစ်ပိုင်တွင် ကျင်းပသော နိုင်ငံတကာ ဆန်၊ စပါး ကွန်ဖရင့်၏ အဝန်းအဝိုင်းတွင် ပေါ်ထွက်လာခဲ့ပြီး ထိုအချိန်မှစ၍ ထပ်ကာ ထပ်ကာ ဖြစ်ပေါ်နေပါသည်။

အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများတွင်  ရာသီဥတု ဆိုးဝါးမှုကြောင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ကြောင်း အစီရင်ခံစာပေါ်တွင် အခြေပြု၍ စိုးရိမ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့ရာတွင် အမှန်မှာမူ အထက်ပါ ပျက်ဆီးဆုံးရှုံးခဲ့သော ဆန်ပမာဏကို အဓိက ဆန်ထုတ်လုပ်သူ ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က လျို့ဝှက်စွာ သိုလှောင်ထားပြီး ဖြစ်သည်။

International Rice Research Institute (IRRI) က ထုတ်ပြန်သော စာရင်းဇယားများအရ အိန္ဒိယက ဆန်တန်ချိန် ၂၅ သန်း၊ ထိုင်းက ဆန်တန်ချိန် ၈ သန်း၊ သိုလှောင်ထားပြီး တရုတ်ကမူ ကမ္ဘာ့ ဆန်သိုလှောင်မှု၏ ထက်ဝက်ခန့်ကို အမြဲ သိုလှောင်ထားသည်ဟု သိရပါသည်။

နွမ်းပါးသော မြန်မာနိုင်ငံပင်လျှင် ယခုလ အစောပိုင်းက ပြည်ပသို့ တင်ပို့ရန် ဆန်တန်ချိန် ၁ သန်းခန့် ပိုလျှံနေသည်ဟု ပြောကြားခဲ့ပါသည်။

သို့ဖြစ်၍ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံများတွင် ရာသီဥတု ဆိုးဝါးခဲ့ခြင်းကြောင့် ဒေသတွင်း ဆန်မလုံလောက်မှုနှင့် ဆန်ဈေးတက်မှု ဖြစ်ပွားနိုင်ကြောင်း မှန်းဆမှုများကို အထက်ပါ စာရင်းဇယားများက ထင်ယောင်ထင်မှား ဖြစ်စေပါသည်။

အမေရိကန် ဆန်စပါး ဖက်ဒရေးရှင်း၏ အဆိုအရ အိန္ဒိယနိုင်ငံက လာမည့်နှစ်တွင် ဆန်တန်ချိန် ၁ သန်းမှ ၃.၅ သန်း ဝယ်ယူခြင်းကြောင့် ဈေးကွက် ပျက်သွားနိုင်ပြီး မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော ဖိလစ်ပိုင်ကလည်း ဆန်တင်သွင်းမှုကို သိသိသာသာ တိုးမြှင့်မည်ဟု ဆိုပါသည်။

သို့ရာတွင် ဖိလစ်ပိုင် စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ကမူ ဆန်ဈေးနှုန်းများ တက်သွားစေမည့် အရမ်းကာရော ဝယ်ယူမှုမျိုးကို ရှောင်ရှားနိုင်ရန် မိမိတို့ နိုင်ငံတွင် လုံလောက်သော ဆန်ပမာဏ သိုလှောင်ထားသည်ဟု ပြောကြားပါသည်။

၂၀၀၇ အကုန် ၂၀၀၈ အစပိုင်းက ဖြစ်ပွားခဲ့သော အခြေအမြစ် မရှိသည့် ဆန်မလုံလောက်ကြောင်း စိုးရိမ်မှုများကြောင့် ထိပ်လန့်စွာ ဝယ်ယူမှုများနှင့် အစိုးရများ၏ အလွန်အကျွံ တုံ့ပြန် ဆောင်ရွက်မှုများကြောင့် ဆန်ဈေးများ တက်ကာ ဆန်ဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ရပါသည်။

အဆိုပါ ဆန်ဈေးနှုန်းများသည် လုံးဝ ပြန်မကျနိုင်ကြောင်း၊ ခန့်မှန်းမှုများ မှားယွင်းကြောင်း၊ IRRI က ပြောကြားခဲ့ပြီး လက်ရှိဆန်ဈေးနှုန်းသည် ၂၀၀၈ ကြောက်ခမန်းလိလိ ဈေးနှုန်းများ ၆၀% အောက် ကျဆင်းခဲ့သည်ဟု ဆိုပါသည်။

သို့ရာတွင် ယခင်နှစ်က အစိုးရများစွာ၏ စိုးရိမ်ပူပန်စွာ ဆောင်ရွက်ခဲ့မှုများကြောင့် ယခုနှစ် ဆန်သိုလှောင်မှုများ ဖြစ်ပေါ်လာခဲ့သည်ဟု IRRI က ပြောကြားပါသည်။

ဖိလစ်ပိုင် အခြေစိုက် IRRI ၏ အစီရင်ခံစာ အသစ်တွင် မလိုလားအပ်သော အစိုးရ အဆင့် ပါဝင်ဆောင်ရွက်မှုများကြောင့် ဈေးကွက်အတွင်းမှ ဆန်များသည် အစိုးရ ဂိုဒေါင်များ သို့ရောက် ရှိသွားသည်ဟု ဖော်ပြထားပါသည်။

အနာဂတ် ဆန်ဖူလုံရေးအတွက် ကြီးမားသော ပြဿနာမှာ ကောက်ပဲသီးနှံအတွက် ကျဆင်း လာခြင်းပင် ဖြစ်သည်။ ဆန်၊ စပါး စိုက်ပျိုးမှု ဧရိယာ တိုးချဲ့ ကျယ်ပြန့်လာသော်လည်း တစ်ဧက ထွက်နှုန်း ကျဆင်းနေသည်ဟု သိရပါသည်။

လာမည့်လ အနည်းငယ်အတွင်း ဈေးကွက် ဖြစ်နိုင်ချေများကို အသာထား၍ အရေးကြီးသော အခြေခံ ပြဿနာဖြစ်သည့် ကမ္ဘာ့ဆန် လုံခြုံဖူလုံမှုရှိရေးနှင့် ကောက်ပဲသီးနှံ အကျိုးအမြတ် ကျဆင်းနေခြင်းကိုပင် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဟု IRRI က နောက်ဆုံး ထုတ်ဝေသည့် Rice Today တွင် ဖော်ပြထားပါသည်။

လွန်ခဲ့သော ၈ နှစ်တာအတွင်း ဆန်စပါး ထုတ်လုပ်မှု ထက်ဝက်နီးနီး တိုးတက်ခဲ့ခြင်းသည် အထွက်နှုန်းကြောင့် မဟုတ်ဘဲ စိုက်ပျိုးမှု ဧရိယာ များပြားလာသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံး ဆန်စပါး စိုက်ပျိုးမှုမှာ အမြဲတမ်း တိုးတက်နေပြီး ဆန်စပါး စားသုံးမှု တစ်နှစ်လျှင် ၁.% မြင့်တက်နေသည့် ကြားမှ တစ်ဧက ထွက်နှုန်းမှာမူ ယခုတိုင် ကျဆင်းနေဆဲ ဖြစ်သည်ဟု သိရပါသည်။

အနာဂတ်တွင် ဆန်၊ စပါး စိုက်ဧရိယာ တိုးချဲ့မှု လျော့နည်းသွားနိုင်ခြေ ရှိသောကြောင့် သန်းပေါင်းရာချီသည့် ဆင်းရဲ ငတ်မွတ်သော ပြည်သူများကို ကျွေးမွေးလိုပါက ဆန်စပါး အထွက်နှုန်း တိုးတက် မြင့်မားလာရန် ကြိုးပမ်းရမည် ဖြစ်သည်ဟု IRRI က  မှတ်ချက်ပေးပါသည်။

ဆန်း၊ စပါးဈေးကွက်နှင့် ယခုတိုင် ဈေးနှုန်းများ ကျဆင်းနေခြင်းကို စီမံ ခန့်ခွဲနိုင်ရန် ရည်ရွယ်၍ အရှေ့တောင်အာရှဒေသတွင် ဆန်း၊ စပါး ထုတ်လုပ်သူများ အဖွဲ့အစည်းတစ်ခု ထူထောင်ရန် ကြိုးစားမှုများ ရှိနေပါသည်။ အကြောင်းမှာ ပူးပေါင်း ဖွဲ့စည်းရန် စိတ်ဝင်စားကြောင်း ပြသနေသည့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံများကြားတွင် ထုတ်လုပ်မှု အဆင့်အတန်းနှင့် ထုတ်လုပ်မှု စရိတ်တို့ ကြီးမားစွာ ကွာဟနေသောကြောင့် ဖြစ်သည်။

အမည်မဖော်လိုသူ ထိုင်း ဆန်၊ စပါးလုပ်ငန်း တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့ထဲမှ မှန်ကန်သော သတင်းအချက်အလက် အနည်းငယ် (သို့) လုံးဝရရှိခြင်း မရှိပါဟု ပြောကြားပါသည်။

၎င်းနိုင်ငံများသည် အရည်အသွေးနိမ့်ဆန်များကို ထုတ်လုပ်ပြီး ထိုင်းအရည်အသွေးမြင့် ဆန်နှင့် ယှဉ်ပြိုင်ကာ ဈေးနှုန်းအနိမ့်ဖြင့် ရောင်းချသည်ဟု ၎င်းက ဆိုပါသည်။ လာအိုကမူ ဈေးကွက် အကန့်အသတ်ရှိသော ဆန်စီး (ကောက်ညှင်းဆန်) ကို အထူးသီးသန့် စိုက်ပျိုးသည်ဟု သိရှိရသည်။

ဆန်စပါး ထုတ်လုပ်သူများအဖွဲ့ ထူထောင်ရန် အဆိုပြုသူ ကမ္ဘောဒီးယားနိုင်ငံမှာ ထိုင်းနိုင်ငံနှင့် သံတမန်အငြင်းပွားမှုများ ဖြစ်ပွားနေသောကြောင့် ယခုအခါ အဆိုပါ ဆောင်ရွက်ချက်များ ရပ်ဆိုင်းနေပါသည်။

ဆန်၊ စပါး ထုတ်လုပ်သူများ အဖွဲ့သို့ ဝင်ရောက်နိုင်ချေ နည်းပါးသည့် အဓိကဆန်၊ စပါး တင်သွင်းသူ ဖိလစ်ပိုင်ကမူ ယခုနှစ် ဆိုင်ကလုံးများနှင့် ရေလျှံမှုများ၏ ပြည်တွင်း ကောက်ပဲသီးနှံ ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုများကို ၂၀၁၀ ပထမ လေးလပတ် ကာလတိုင်အောင် သိရှိနိုင်မည် မဟုတ်သေးပါဟု မှန်းဆ ပြောကြားခဲ့ပါသည်။ ၂၀၁၀ ပထမ လေးလပတ် ကာလသည် အယ်နီညို ရာသီဥတု၏ ဆိုးဝါးမှုကြောင့် အာရှဆန်စပါး ထုတ်လုပ်ရေး လုပ်ငန်းတွင် ကြီးမားကျယ်ပြန့်စွာ ပျက်စီး ဆုံးရှုံးခဲ့မှုများကို စတင် မြင်တွေ့ရမည့် အချိန်ပင် ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment