Transparency Myanmar

transparency.myanmar@gmail.com

19 - Nov - 2009

မြောက်ကိုရီးယားသည် ၎င်း၏ စက်မှုလုပ်ငန်း အမှီခိုကင်းစွာ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းသည့် အနေဖြင့် သတ္တုတွင်းဆိုင်ရာ တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများကို ရပ်ဆိုင်းလိုက်ပြီး မိမိဘာသာ ရပ်တည်မည့် စီးပွားရေး ပုံစံကို အကောင်အထည် ဖော်ရန် ကြိုးစားနေသည်ဟု မြောက်ကိုရီးယား နိုင်ငံရေး  ခိုလှုံသူတစ်ဦးက ပြောကြားပါသည်။

သို့ရာတွင် နိုင်ငံတော်၏ ကြီးမားလှသော သတ္တုတွင်း ရင်းမြစ်များကို လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်သော ငွေအရင်းအနှီးနှင့် အခြေခံ အဆောက်အဦးများ ချို့တဲ့မှုကြောင့် တရုတ်ကို လုံးဝ ပစ်ပယ်ရန် မဖြစ်နိုင်သေးဟု လေ့လာသူများက ဆိုပါသည်။

အထက်ပါ သတင်းပေးသူမှာ မြောက်ကိုရီးယား မြို့တော်ရှိ စစ်တပ်က ထိန်းချုပ်ထားသော နိုင်ငံပိုင် စီးပွားရေး အေဂျင်စီတစ်ခုတွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြောက်ကိုရီးယား၏ မြေအောက် သံယဇာတ ရင်းမြစ်များကို တရုတ်နိုင်ငံက ထိန်းချုပ်ထားသည် ဟူသော တောင် ကိုရီးယားသတင်း ထုတ်ပြန်ချက်များမှာ မှားယွင်းသည်ဟု ၎င်းက ဆိုပါသည်။

၎င်းသတင်းများမှာ ပုံကြီးချဲ့ထားခြင်းသာ ဖြစ်ပြီး အဖြစ်မှန်နှင့် ကွဲလွဲနေသည်ဟု ကင်ဂျူဆွန်း အဖြစ် အမည်ပြောင်းထားသူ မြောက်ကိုရီးယား နိုင်ငံသားက ပြောကြားခဲ့ပါသည်။

ကင်နှင့် အမေရိကန် လွှတ်တော်အမတ်များ၏ တံခါးပိတ်အစည်းအဝေးကို ဝါရှင်တန်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါသည်။ ယွန်ဟတ် သတင်းဌာန အပါအဝင် တောင်ကိုရီးယား သတင်းဌာနများက တရုတ်သည် မြောက်ကိုရီးယားတွင် ပိုမို ရင်းနှီး မြုပ်နှံနေကြောင်း၊ မြောက်ကိုရီးယား၏ မြေအောက် သယံဇာတများကို ခိုင်မာအောင် ထိန်းချုပ်ရန် ကြိုးစားနေကြောင်း၊ ၎င်းတို့၏ သဘာဝ သယံဇာတ အခြေစိုက်ဒေသအဖြစ် မြောက်ကိုရီးယားကို အသုံးပြုရန် စီစဉ်နေကြောင်း စသဖြင့် ဖော်ပြနေပါသည်။

သတင်းများအရ ဘီဂျင်းသည် မြောက်ကိုရီးယား သတ္တုတွင်း လုပ်ငန်းတွင် အမေရိကန် ဒေါ်လာ ၁.၂ ဘီလျံ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ချမှတ်ထားပြီး တရုတ်စီးပွားရေး လုပ်ငန်းများက မြောက်ကိုရီးယား နိုင်ငံတွင်းမှ anthracite iron ore နှင့် molybdenum သတ္တုမှုန်များ ရေရှည် တူးဖော်ခွင့်ရရန် ကြိုးပမ်းနေသည်ဟု သိရပါသည်။

သို့ရာတွင် ကင်ဂျူဆွန်းကမူ အဆိုပါသတင်းများသည် မှားယွင်းနေကြောင်းနှင့် မြောက်ကိုရီးယား အစိုးရသည် တရုတ် ရင်းနှီးမြှုပ်နှံမှုများကို မနှစ်သက်ဘဲ ကိုယ့်အားကိုယ်ကိုး စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်နေသည်ဟု ပြောကြားပါသည်။

ကိုယ်ပိုင်ပုံစံ ကိုယ့်အားကိုယ်ကိုး စီးပွားရေး စနစ်ကို အခြေခံမူဝါဒ အဖြစ်ချမှတ်ပြီး ၎င်း၏ မြောက်အောက် သယံဇာတများကို ကမ္ဘာ့ဈေးကွက်သို့ မရောင်းချမှီ ထူးဖော်ထုတ်လုပ်ရေးဆိုင်ရာ ကိုယ်ပိုင် နည်းပညာများကို တိုးတက်လာစေရန် မြောက်ကိုရီးယားအစိုးရက မျှော်လင့်ထားသည်ဟု ကင် က ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ၊ လက်ရှိ အနေအထားများအရ သဘာဝ သယံဇာတများကို လျော့ဈေးဖြင့် ရောင်းချရုံမျှဖြင့် ဝင်ငွေများစွာ ရရှိနိုင်မည် မဟုတ်ပါဟု ၎င်းက သုံးသပ်ပါသည်။

ကင်ဂျူဆွန်းက ဆက်လက်၍ တရုတ်သို့ ရောင်းချမည့် ဓာတ်သတ္တုများသည် နည်းပညာ အကန့်အသတ်များ ရှိနေသဖြင့် အမြတ်အစွန်းများစွာ ရရန် မဖြစ်နိုင်ပါ။ မြောက်ကိုရီးယားက ၎င်း၏ သတ္တုတွင်းများကို တရုတ်သို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးမည့် ကိစ္စမှာ ဖြစ်နိုင်ဖွယ် မရှိပါဟု ပြောကြားခဲ့ပါသည်။

ကိုယ့်အားကိုယ်ကိုး သတ္တုမိုင်းတူးရန် မဖြစ်နိုင်

ဝါရှင်တန် အခြေစိုက် United State Institute of Peace မှ အကြီးတန်း သုတေသနအရာရှိ John Parkm က ပြောကြားရာတွင် မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ သတ္တုတွင်းလုပ်ငန်းကို တရုတ်အား မမှီခိုဘဲ ထိရောက်စွာ ဆောင်ရွက် လုပ်ကိုင်ရန် မဖြစ်နိုင်ပါဟု ဆိုပါသည်။

သတ္တုမိုင်းများကို ဆက်သွယ် ချိတ်ဆက်မည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အဦးများ တိုးတက်ဖွံ့ဖြိုးရေးသည် မြောက်ကိုရီးယားတို့ ရင်ဆိုင်နေရသော နာတာရှည် ပြဿနာတစ်ခု ဖြစ်သည်။ အကျိုးအမြတ်ရှိမည့် သတ္တုမိုင်းများ တိုးတက်စေရန် လိုအပ်သော လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းသည်လည်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်ဟု Park က ပြောပါသည်။

ထို့အပြင် သတ္တုတွင်းများ တိုးတက်ဖွံ့ဖြိုးရေးနှင့် ဓာတ်သတ္တုသန့်စင်ရေး လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူရန် အလွန်ကြီးမားသော စတင် ရင်းနှီးငွေ ပမာဏ လိုအပ်နေသည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ ပုံစံမှာမူ အစိုးရက ရန်ပုံငွေ ထောက်ပံ့မှုကြောင့် စိတ်ဝင်စားစရာ ကောင်းသည်ဟု ဆိုရပါသည်။ ပုဂ္ဂလိကကဏ္ဍက မတတ်နိုင်သော ကြီးမားသည့် အစောပိုင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နိုင်ငံပိုင် လုပ်ငန်းများက အမှန်တကယ်ပင် အကုန်အကျခံ ဖြတ်သန်းနိုင်စွမ်း ရှိနေသည်ဟု ဆိုပါသည်။

အထက်ပါ လုပ်ငန်းဆောင်ရွက်နိုင်စွမ်း ရှုထောင့်မှကြည့်လျှင် တရုတ်နိုင်ငံပိုင်လုပ်ငန်းသည် မြောက်ကိုရီးယားအား ရှားရှားပါးပါး လက်တွဲခေါ်မည့်သူဟု ဆိုရပါမည်။

ဝါရှင်တန်ရှိ Peterson Institute of International Economics မှ သုတေသနမှူး Jennifer Lee ကမူ မြောက်ကိုရီးယားသည် တရုတ် ရင်းနှီးမြှုပ်နှံမှုများကို သိသာစွာ ရှောင်ရှားသည်ကို မတွေ့ရပါ ဟု ပြောပါသည်။

သို့ရာတွင် အဘယ်ကြောင့် မြောက်ကိုရီးယားသည် ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ် မွေးမြူ၍ တရုတ်၏ လက်ဝါးကြီးအုပ်လုနီး အခြေအနေမှ ရုန်းထွက်ရန် ကြိုးစားလိုပါသနည်း ဟူသော မေးခွန်းအတွက် အဖြေကို ရှာတွေ့နိုင်ပါသည်ဟု သူမက ဆိုပါသည်။

Lee က ပြောဆိုရာတွင် သူမ ကြားသိရသော သတင်းများအရ ယခင်လက နယူးယောက်သို့ လာရောက်ခဲ့သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံအပြင် နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဆန္ဒရှိနေသည်ဟု ဆိုပါသည်။

တရုတ်နိုင်ငံ တစ်ခုတည်းပေါ်တွင် အလွန်အမင်း မှီခိုအားထားနေရခြင်းကို စိုးရိမ် ပူပန်နေပုံ ရသည် ဟု သူမက သုံးသပ်ပါသည်။

သို့ရာတွင် နျူကလီးယား စမ်းသပ်မှု၊ ဒုံးပျံစမ်းသပ်မှုများကြောင့် ပြုံယမ်းအပေါ်တွင် ချမှတ်ထားသော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ထည့်သွင်း စဉ်းစားမည်ဆိုပါက အခြေခံ အဆောက်အဦး ချို့တဲ့သော မြောက်ကိုရီးယားသည် တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ငြင်းပယ်နိုင်စွမ်း ရှိမည်မဟုတ် ဟူသော အချက်ကို သူမလက်ခံသည်ဟု Lee က ပြောပါသည်။

တဖန် မြောက်ကိုရီးယားက တရုတ်အကျိုးစီးပွားကို မျက်နှာလွဲခဲပစ် လုပ်ခြင်းကို ဘီဂျင်းကလည်း လိုလိုလားလား ခွင့်ပြုမည် မဟုတ်ပါဟု သူမက ဖြည့်စွက်ပါသည်။

"သူတို့က မြောက်ကိုရီးယားရဲ့ သဘာဝရင်းမြစ်တွေကို သိပ်ကို ဆာလောင်နေတယ်လေ၊ အကြောင်းကတော့ ဈေးသက်သာတာရယ်၊ မြောက်ကိုရီးယားနဲ့ အမှန်အကန် ဆက်ဆံနေတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေတာရယ်ကြောင့်ပါ" ဟု Lee က သုံးသပ်ပြောကြားခဲ့ပါသည်။

တရုတ်၏ လွှမ်းမိုးမှုကို သတိထားစောင့်ကြည့်ခြင်း

RFA ဝေဖန်သုံးသပ်သူတစ်ဦးဖြစ်သော ဆိုးလ် အခြေစိုက် မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ Andrei lankov က တရုတ်၏ လုပ်ငန်း လက်ခံရယူခြင်းနှင့် ပတ်သက်၍ ပြောဆိုမှုများမှာ အခြေအမြစ်မရှိဘဲ ပုံကြီးချဲ့မှုသာ ဖြစ်နိုင်သည်ဟု ပြောကြားပါသည်။

မြောက်ကိုရီးယားတွင် တရုတ်၏ လွမ်းမိုးမှု အလွန်အမင်း ကြီးထွားလာခြင်းကိုမူ ပြုံယမ်းက လိုလားမည် မဟုတ်သည်မှာ သေချာသည့် အချက်ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။

မြောက်ကိုရီးယား ခေါင်းဆောင်များသည် ပြည်တွင်းရေးကိစ္စများကို ပြည်ပက လွှမ်းမိုးခြင်းအား မနှစ်သက်သူ အစွန်းရောက် မျိုးချစ်စိတ်ရှိသူများဟု ၎င်းက ကင်ပွန်းတတ်ပါသည်။

အချို့သော ဆက်သွယ် ဆောင်ရွက်မှုများမှာ လုပ်ဆောင်ဆဲ အဆင့်ဖြစ်ပြီး အချို့ သဘောတူချက်များမှာ အဆုံးသတ်သွားပြီဟု Lankov က ပြောပါသည်။

အထက်ပါ ဆက်ဆံမှုများနှင့် ပတ်သက်၍ မြောက်ကိုရီးယားသည် ခံစားချက်များ ရောထွေးနေပုံ ရပါသည်။ တရုတ်၏ ပိုက်ဆံများကို လိုအပ်သော်လည်း တရုတ်၏လွှမ်းမိုးမှုကို သတိထားနေရခြင်းကို ဆိုလိုပါသည်။

Park က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ အောက်တိုဘာ ပြုံယမ်း ခရီးစဉ်ကို နှစ်နိုင်ငံကြား နှစ်ဦး နှစ်ဖက်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်မည့် တရုတ်လုပ်ငန်းစဉ်၏ အထွတ်အထိပ်အဖြစ် သတ်မှတ်ပါသည်။ ကျယ်ပြန့်သော လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး ဆိုင်ရာ အစီအစဉ်များကို "ဝမ်" က မြောက်ကိုရီးယား ခေါင်းဆောင်များအား တင်ပြ ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

သို့ရာတွင် အရာအားလုံးသည် မြောက်ကိုရီးယားနှင့်သာ ဆက်နွယ်နေပါသည်။ ၎င်းတို့ (တရုတ်) လက်ခံယူလိုသည့် အရာရှိပါက မြောက်ကိုရီးယားကို လက်တွဲ မြှင့်တင်ပါလိမ့်မည်။ မည်သည့် အစိတ်အပိုင်းကို ၎င်းတို့ လက်ခံယူလိုပါသနည်းဟု Park က ဆွေးနွေးပါသည်။

ထို့အပြင် အတိတ်က အခြား ပြည်ပရင်းနှီးမြှုပ်နှံသူများကို ကြောက်ရွံ့တတ်သောကြောင့် ပြန်လည် စေ့စပ်ညှိနှိုင်းရသည့် မှတ်တမ်းများ မြောက်ကိုရီးယားတွင် ရှိနေပါသည်။ Jennifer Lee က ဖြည့်စွက် ပြောကြားရာ၌ မြောက်ကိုရီးယားသည် ၎င်း၏ သတ္တုတွင်း လုပ်ငန်းတွင် တရုတ်၏ လွှမ်းမိုးမှုကို လျော့ချရန် ဆုံးဖြတ်ခဲ့သော်လည်း ၎င်း၏ မြောက်ဘက် အိမ်နီးချင်း အင်အားကြီး တရုတ်ကို သိသာ ထင်ရှားစွာ လက်တွဲဖြုတ်မည် မဟုတ်ဟု ဆိုပါသည်။

ယခုကိစ္စသည် လမ်းကြောင်းမျိုးစုံသို့ ဦးတည်ရွှေ့လျားရန် အလားအလာ ရှိနေပါသည်။ မြောက်ကိုရီးယားသည် အခြားပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ကြိုးစားနေပြီး ရေရှည်တွင် အချို့သော တရုတ် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ၌ အစားထိုးသွားရန် ဖြစ်နိုင်ချေများ ဖြစ်ပေါ်နေပါသည်။

လက်ရှိမြောက်ကိုရီးယားသည် ၎င်း၏ သတ္တုမိုင်းလုပ်ငန်းကို "ငွေရှာပေးမည့် ခိုင်းနွားကလေး" အဖြစ် ယူဆထားပြီး မိုင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်း၊ အကျင့်ပျက် ခြစားမှုများ နှိမ်နှင်းခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဆွဲဆောင်နိုင်ရန် ကြိုးစားလျက် ရှိသည်ဟု Lee က သုံးသပ် ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment