Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်သမ္မတ ဘားရက်ဟူစိန်အိုဘားမား တစ်ယောက် အာရှခရီးစဉ် ပြီးဆုံး၍ အမိမြေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ အာရှ ခရီးစဉ်အတွင်း အိုဘားမားသည် ဂျပန်ဧကရာဇ်အား ဦးညွတ် ဂါရဝပြုကာ အရိုအသေ ပေးခဲ့သည်။ မြန်မာနိုင်ငံမှ စစ်အာဏာရှင်နှင့် လက်ဆွဲ နှုတ်ဆက်မှု ပြုသည်။

တရုတ် အစိုးရ ခေါင်းဆောင်ပိုင်းများနှင့် အစည်းအဝေးများ ခဲရာခဲဆစ် ပြုလုပ်သည်။ သေချာသည်မှာ အမေရိကန် သမ္မတကြီး အိုဘားမား အာရှတွင် မည်မျှအတိုင်းအတာ အထိ ကိုယ့်ကိုယ်ကို နှိမ်ချခဲ့သည် ဟူသော အကြောင်းမှာ လူတိုင်း ပါးစပ်ဖျားတွင် ပြောဆိုနေခဲ့ ကြပါလိမ့်မည်။  

အမေရိကန် ပြည်ထောင်စု၏ သမိုင်း မှတ်တမ်းများကို ကြည့်ပါက ကမ္ဘာ့ အရှေ့ပိုင်း ဒေသများနှင့် ဆက်ဆံရေးတွင် အမြဲပင်တစေ လိုက်လျောသမှု ပြုရသည့် စရိုက်မျိုး ရှိခဲ့သည်ကို တွေ့ရပါမည်။ ဟုတ်ပါသည်။ အမေရိကန်များသည် သမိုင်းကြောင်း အစဉ်အလာအရ အစောပိုင်း ကတည်းက စာပေ တတ်မြောက်ခဲ့ခြင်း မရှိရာ အခွင့်အရေး ပေါ်လာတိုင်း အကျပ်အတည်းနှင့် ရင်ဆိုင်ရစမြဲ ဖြစ်သည်။

တိတိ ကျကျနှင့် ရှင်းရှင်း လင်းလင်းဆိုပါက အမေရိကန်တို့၏ ဆွဲဆောင်ရည် ရှိမှုနှင့် ကျိန်စာသင့်မှု တို့သည် ဒွန်တွဲနေသည့် သဘောတွင် ရှိခဲ့ပါသည်။ အမေရိကန်တို့ ဟူသည် အတိတ် သမိုင်းကို အာရုံကျလေ့ မရှိဘဲ အနာဂတ် ကာလနှင့် ပတ်သက်သော အရေး ကိစ္စများကိုသာ အမြဲပင် အရေးပေး စဉ်းစားတွေးတော နေခဲ့ကြသူများ ဖြစ်ကြသည်။

အတိတ် သမိုင်းကို လျစ်လျူရှု ခဲ့ကြပြီး သာယာလှပမည့် ရွှေရောင် အနာဂတ်ကို တည်ဆောက် ကြသည်။ ယခင်က စက်မှု အနာဂတ်အကြောင်း စဉ်းစား တွေးတော ခဲ့ကြရာမှ ယခုအခါတွင်မူ အင်ဖော်မေးရှင်း အနာဂတ် ကိစ္စကို အလေးပေး နေကြပြီ ဖြစ်သည်။

အမေရိကားသည် အနာဂတ် မရှိတော့သည့် နယ်မြေဒေသတစ်ခု ဖြစ်နေပြီဟု ပြောနေကြသည့် ကိစ္စမှာ သမိုင်းကြောင်းကို လျစ်လျူရှုသည့် အပြောမျိုး ဖြစ်သည်။ အမှန်တွင် အမေရိကားဟူသည် အခြားသော ကမ္ဘာ့နိုင်ငံများထက် ပိုသော အနာဂတ်ပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်သည်။ အမေရိကန် ပြည်သူများ၏ အနာဂတ်သည် အခြားနိုင်ငံ ပြည်သူများထက် ပိုများခဲ့သည်။ "အမေရိကားမှာ နောက်ထပ် တစ်ခုထက်ပိုသော အနာဂတ် မရှိတော့ဘူးလား" ဟု မည်သူက ပြောလာမည်နည်း။

ယခုလို သမိုင်းကြောင်းကို လုံးလုံးလျားလျား မေ့ပစ်ထားခြင်းသည် အမေရိကန်တို့၏ မှားယွင်းသော အမျိုးသားရေး စရိုက်လက္ခဏာကြီး တစ်ခုပင် ဖြစ်သည်။  အမေရိကန်တွေ သမိုင်းကို မေ့ပစ်သည်။

ဥပမာ- တစ်ချိန်က အာရှဒေသ အတော်များများ ကိုလိုနီ သိမ်းပိုက်ခြင်း ခံခဲ့ရသလို အမေရိကန် ပြည်သည်လည်း ကိုလိုနီနယ်ချဲ့တို့ သိမ်းပိုက်ခံခဲ့ရသည် ဟူသော အချက်ကို မေ့ထား ကြသည်။ ထို့နည်း အတိုင်းပင် အာရှ၏ သမိုင်းကြောင်းကိုလည်း အမေရိကန်တို့ မေ့ထားကြပြန်သည်။

ဥရောပသားတို့ သဘာဝ သံယံဇာတများအပေါ် လောဘ ရမ္မက်တက်ကာ အာရှဒေသ အများစုကို ကိုလိုနီ သိမ်းပိုက်ခဲ့ကြခြင်း၊ အာရှသားများ ဥရောပ ကိုလိုနီတို့၏ နှိပ်စက်မှုဒဏ်ကို အမေရိကန်တွေ နည်းတူ ခံစားခဲ့ကြရခြင်း အစရှိသည်တို့ကို အမေရိကန်တွေ မေ့ပစ်ကြသည်။

ယခုဆိုလျှင် အမေရိကန်များ အတွက် အာရှတန်ဖိုး (သို့မဟုတ်) အာရှစရိုက်သည် လွန်စွာ အရေးပါလာပြီဟူသော ထင်မြင်ချက်ဖြင့် အာရှနှင့် မိတ်သင်္ဂဟပြုရန် အကြောင်း ရှာနေကြသည်။ အာရှသားများ ဟူသည် တစ်ချိန်က အမေရိကန်တွေများနှင့် ဘဝချင်း တူညီခဲ့သည် ဟူသော အချက်ကို မေ့ပစ်ပြီး မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်လောက်က Time Magazine ကြီးက ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။ ဆောင်းပါးက အမေရိကန်တွေ အနေဖြင့် တရုတ်ပြည်မှ သင်ယူရမည့် အချက် ငါး ချက်ကို ဖော်ပြသည်။ ထိုဆောင်းပါး ဖော်ပြခြင်းအားဖြင့် အမေရိကန်တွေ သမိုင်းကြောင်းကို မေ့ထားသည် ဟူသော အချက်မှာ ပိုမို ရှင်းလင်းသွားသည်။

Time Magazine အယ်ဒီတာများ၏ အတွေး မှန်ကန်ပါသည်။ မှန်တာမှ လှလှပပကို မှန်သည်ဟု ဆိုရမည်။ ထိုဆောင်းပါးက အမေရိကန်တွေ အနေဖြင့် ရည်မှန်းချက် ကြီးမားရေး၊ ပညာရေးကို တန်ဖိုးထားရေး၊ သက်ကြီး ရွယ်အိုများကို ဂရုစိုက်ရေး၊ ပိုက်ဆံ များများစုပြီး အနာဂတ်ကို မျှော်ကြည့်ရေး အစရှိသည်တို့ကို ကောင်းစွာ လုပ်ရမည်ဟု ဆိုသည်။

ဆိုပါက ထိုအိုင်ဒီယာများသည် အမေရိကန်တွေ အတွက် ပြည်ပမှ လာသော အိုင်ဒီယာများ မဟုတ်ပါ။ ထို အိုင်ဒီယာများသည် အမေရိကန် အိုင်ဒီယာများပင် ဖြစ်ပြီး အမေရိကန်များ အနေဖြင့် ကိုယ့် သမိုင်းကြောင်းကို ကိုယ် မစိုစလောက်လေးပင် သိရှိ နားလည်ထားသည် ဟူသော အချက်ကို ညွှန်းဆိုနေပါသည်။

ထိုမျှ မကသေးပါ။ အမေရိကန်တွေ ကိုယ်ပိုင် ဝါဒအောက်မှ ဝေးကွာသော နေရာသို့ မည်မျှ အတိုင်းအတာအထိ ရောက်ရှိနေသည် ဟူသော အချက်ကိုလည်း သတိပေး ဖော်ကျူးနေသလို ဖြစ်ပါသည်။ Time Magazine ပါ အချက်များကို အတိုချုံးပြီး လေ့လာကြည့်လျှင် အောက်ပါ အတိုင်း တွေ့ရပေလိမ့်မည်။

နံပါတ်-၁ ။ ရည်မှန်းချက်ကြီးပါ။

ရည်မှန်းချက် ကြီးခြင်း ဆိုသည်မှာ အမေရိကန် ဝါဒအတွက် လွန်စွာ အခရာကျသော ကိစ္စတစ်ခု ဖြစ်သည်။ ကိုလိုနီ လက်အောက်တွင် ရှိစဉ်က ရည်မှန်းချက် သိပ်မကြီးလှသူ အချို့ အမေရိကားသို့ ရောက်လာကြသည်။

ထိုစဉ်က အမေရိကားဟူသည် ကမ္ဘာ့ပထမဆုံး လုပ်ငန်း နယ်ပယ်ကြီး ဖြစ်ခဲ့သည်။ အိမ်မက်ကြီးကြီး မက်လိုသူများ အတွက် မူလဘူတဟု ဆိုလျှင်လည်း ရနိုင်သည်။  

နံပါတ်-၂။ ပညာရေးပြဿနာများ

ပညာရေးနှင့် ဆိုင်သော အရေးကိစ္စဟူသည် အမေရိကားတွင် အမြဲတစေပင် ရှိနေသည်။ အမေရိကန်များသည် စာသင်ကျောင်းပေါင်း များစွာကို ထူထောင်သည်။ United State ဟူသော အမည်နာမ မပေါ်ပေါက်ခင် ကတည်းကပင် စာသင်ကျောင်းပေါင်း များစွာရှိခဲ့သည်။ အမျိုးသားရေး ခေါင်းဆောင်ကြီးများ ဖြစ်ခဲ့ကြသော Thomas Jafferson နှင့် Horace Mann တို့ ထူထောင်ကာ အားပေး အားမြှောက် ပြုလုပ်ခဲ့သည့် ပြည်သူ့ စာသင်ကျောင်းများသည် ယနေ့ထိတိုင် အမေရိကန် ပြည်သူများအား အကျိုးပြုနေဆဲပင်။

နံပါတ်-၃။ သက်ကြီး ရွယ်အိုများကို ဂရုစိုက်ရေး

အမေရိကန်များသည် သက်ကြီး ရွယ်အိုများ အပေါ် ကောင်းမွန်စွာ ဂရုစိုက်ခဲ့နိုင်သူများ မဟုတ်ပေ။ အကြောင်းမှာ အမေရိကန် လူ့အဖွဲ့အစည်း၏ ပင်ကိုစရိုက် ကိုယ်တိုင်က ရွှေ့ပြောင်း သွားလာ နေကြ၍ ဖြစ်သည်။ သို့သော် ပြောင်းရွှေ့ နေထိုင်သူများသည် နိုင်ငံနှင့် လူမှုဘဝ ကောင်းစားရေး အတွက် ဦးဆောင်ဦးရွက်ပြု ကြိုးပမ်း သူများအပေါ် ကြည်ညို လေးစား သူများ ဖြစ်ကြသည်။ 

နံပါတ်-၄။ ပိုက်ဆံ များများစုပါ။

အမေရိကန်များသည် ချွေတာ စုဆောင်းသူများ ဖြစ်ခဲ့ကြသည်။ ကြွယ်ဝ ချမ်းသာသော နိုင်ငံ၊ ဓန အင်အားကြီးမားသော နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြု ခံရခဲ့သော်ငြားလည်း ချွေတာ စုဆောင်း တတ်ခဲ့ကြသည်။ ပစ္စည်းဟောင်းများကို ပြန်လည် အသုံးချ တတ်ခဲ့သည်။ Recycle ယဉ်ကျေးမှုကို ကောင်းစွာ နားလည်ခဲ့သည်။ အရာရာကို Recycle လုပ်နိုင်အောင် ကြိုးစားပြီး ပိုက်ဆံ စုခဲ့ကြဖူးသည်။

နံပါတ်-၅။ မြင်ကွင်းတစ်ဆုံးကြည့်ပါ။

အကောင်းဆုံး စံနမူနာ ထားထိုက်သူမှာ Robert Goddard ဖြစ်သည်။ သူသည် မြင်ကွင်းတစ်ဆုံး ကြည့်တတ်သူ ဖြစ်သလို တီထွင် ဖန်တီးနိုင်သူလည်း ဖြစ်ခဲ့သည်။ ခေတ်မီ လှပမှုကို ဖန်တီးနိုင်သည်။ McDonald ဟမ်ဘာဂါ အရောင်းဆိုင် ယဉ်ကျေးမှုကို ကြည့်လျှင် အမေရိကန်တို့ မည်မျှ အတိုင်းအတာအထိ မြင်ကွင်းတစ်ဆုံး ကြည့်တတ် ခဲ့သည်ကို တွေ့နိုင်သည်။ 

ယခု အချိန်တွင် အမေရိကန်တွေ သင်ယူတာဘာလဲဟု မေးရတော့မည်။ အမေရိကန်များသည် ကိုယ့်ကိုယ်ကို ပြန်လည် တီထွင် ဆန်းသစ်သည့် ကိစ္စတွင် တော်ကြသူများ ဖြစ်သည်။ ရှေးဟောင်း တန်ဖိုးများကိုလည်း သိကြသည်။ သို့သော် ခက်သည်မှာ ၂၁ ရာစု၏ ပန်းတိုင်ကို သိရန်လိုသည်။ အထူးသဖြင့် တရုတ်ပြည် ကြီးစိုးမည့် ရာစုကို ကောင်းစွာ နားလည် သဘောပေါက်ရ ပေမည်။  

Pittsburgh Post Gazette သတင်းစာမှ David Shribman ၏လက်ရာ Learning old lessons ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment